မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 30 juli 2010

မန္တလေး ကုန်သည်များ စီမံကိန်း နေရာသစ်သို့ မရွှေ့လို

ရန်ပိုင် Friday, July 30, 2010
.မန္တလေးမြို့တွင် ၃ လနှင့် အပြီး တည်ဆောက်မည့် မန္တလေး ကုန်သွယ်ရေး ဗဟိုစီမံကိန်း (MMC) တည်ရှိရာသို့ အာဏာပိုင်များက ပြောင်းရွှေ့ ခိုင်းမည်ကို ဒေသခံ ပွဲရုံ လုပ်ငန်းရှင်များ စိုးရိမ်လျက် ရှိကြောင်းသိရသည်။
အဆိုပါစီမံကိန်းမြေနေရာမှာ၇၆ဧကကျယ်ဝန်းပြီးကုမ္ပဏီ ၅ ခုက တာဝန်ယူ တည်ဆောက်မည်ဖြစ်ကြောင်း၊ ကုန်သိုလှောင်ရမည့် ဂိုဒေါင်များ၊ ဆိုင်ခန်းများ၊ လူနေတိုက်ခန်းများ၊ ဘဏ်များနှင့် ပန်းခြံများလည်း ပါဝင်မည်ဟု မန္တလေးမြို့ ကျွဲဆည်ကန်မှ ပွဲရုံလုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
“ပွဲရုံတွေ ဆောက်ပြီး ရောင်းမယ်။ ဈေးနှုန်းက တခန်းကို ကျပ် သိန်း ၅၀၀ နဲ့ ၁၀၀၀ ကြားလို့ ကြားတယ်။ ငွေကို ၆ ခါ ခွဲသွင်းရမယ်၊၊ပွဲရုံတွေအားလုံး ပြောင်းခိုင်းမယ်လို့လည်း ကြားတယ်” ဟု ၎င်းက ဆိုသည်။
ယခုအခါ အရောင်းအ၀ယ် လုပ်ငန်းများ ကျဆင်းနေသည့်အတွက် လက်ရှိ လုပ်ကိုင်နေသည့် လုပ်ငန်းများ ရပ်တည်နိုင်ရန်ပင် များစွာ ကြိုးစားနေရကြောင်း၊ စစ်အစိုးရ အာဏာရယူခဲ့သည့် နောက်ပိုင်းတွင် ပွဲရုံလုပ်ငန်းများကို ကျွဲဆည်ကန် ကားကြီးကွင်းနှင့် ပွဲရုံတန်းများသို့လည်း ပြောင်းရွှေ့ခိုင်းပြီး ဖြစ်သည့်အတွက် ယခုတကြိမ် ထပ်မံ မပြောင်းလိုတော့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယခုကဲ့သို့ ကုန်သွယ်ရေး ဗဟိုစီမံကိန်း အကောင်အထည်ဖော်ရခြင်းမှာ ရန်ကုန်မြို့တွင်ရှိသည့် ဘုရင့်နောင် ပွဲရုံတန်းကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ သို့သော် မန္တလေး ကုန်သည် ပွဲစားလောကတွင် အရင်းအနှီးတောင့်တင်းသူ ကုန်သည်ကြီးများသာ ပြောင်းရွေ့နိုင်မည်ဟု ထင်ကြောင်း ပွဲစား၊ ကုန်သည်နှင့် စက်ပိုင်များပါဝင်ပြီး “ကထိန်တော် အသင်း”ဟု လူသိများသော မန္တလေးကုန်စည်ဒိုင် ပြန်ကြားရေးဋ္ဌာနမှ ဦးအောင်ဆွေဟိန်းက ပြောသည်။
“အခုလက်ရှိ ကုန်စည်ဒိုင်မှာ အရောင်းအ၀ယ်ဖြစ်တာက အိတ် ၅၀ လောက်ကနေ အိတ် ၂၀၀၊ ၃၀၀ လောက် လုပ်ကြတာ။ တန်ချိန် ဘယ်လောက်၊ ကွန်တိန်နာ ဘယ်နှလုံးဆိုပြီး လုပ်နိုင်တဲ့သူ မရှိဘူး၊ အဲဒီတော့ ပြောင်းဖို့မလွယ်ဘူး” ဟု ၎င်းက ဆိုသည်။
ယခင်ကမူ မန္တလေး ကုန်စည်ဒိုင်ကိုပင် ထိုနေရာသို့ ပြောင်းရွှေ့ရမည်ဟု ပြောဆိုမှုများရှိကြောင်း၊ သို့သော်လည်း ပြောင်းရွှေ့ ရမည်ဆိုလျှင်လည်း ထောက်ပံ့မှုများ ရှိမှသာလျှင် ကုန်သည်များအနေဖြင့် ပြောင်းရွှေ့နိုင်မည်ဟု ထင်ကြောင်း ဦးအောင်ဆွေဟိန်းက ရှင်းပြသည်။
မန္တလေးမြို့ခံ စာရေးဆရာတဦးကလည်း “ကားကြီးတွေနဲ့ ကုန်တင်ကုန်ချလုပ်နေတာ မြို့ပြနဲ့ မသင့်တော်တော့ဘူး။ အဲဒီတော့ နားနေစခန်းကြီးတွေနဲ့ ကုန်စည်စခန်းကြီးတွေကို မြို့ပြင်မှာ ထပ်ဆောက်တာ” ဟု ပြောသည်။
MMC ပွဲရုံတန်း စီမံကိန်းကို တည်ဆောက်ခွင့် ရရှိထားသည့် ကုမ္ပဏီများမှာ နယူးစတားလိုက်ကုမ္ပဏီ၊ အောင်မြင်သူ ဆောက်လုပ်ရေး၊ မင်း ဆောက်လုပ်ရေး၊ MotherLove ဆောက်လုပ်ရေး၊ Future Engineering ဆောက်လုပ်ရေးတို့ ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နေ့က MMC ပွဲရုံတန်း စီမံကိန်း ပန္နက်တင် အခမ်းအနား ပြုလုပ်ခဲ့ပြီး ပေ ၆၀x ၈၀ အကျယ်အ၀န်းရှိ ဂိုဒေါင် ၂၃၆ လုံး၊ ပေ ၃၀x ၈၀ အကျယ်ရှိ ဆိုင်ခန်းပေါင်း ၁၆၀ နှင့် ပေ ၄၀x ၆၀ နှစ်ထပ် RC လူနေအဆောက်အဦးပေါင်း ၃၄ ခန်း၊ ဘဏ်များနှင့် ပန်းခြံလည်း ပါဝင်မည် ဖြစ်ကြောင်း၊ အားလုံး အချိန်ကာလ ၃ လအတွင်းတွင် အပြီး တည်ဆောက်မည် ဖြစ်ကြောင်း စီမံကိန်း တည်ဆောက်ခွင့်ရ ကုမ္ပဏီများ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
နေရာ အနေအထားအရ ထုံးဘို- မြစ်ငယ် ဖြတ်လမ်းပိုင်းနှင့် ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းမကြီးနံဘေးတွင် တည်ရှိသည့် အတွက် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် ရှိမည်ဖြစ်ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

Geen opmerkingen: