မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 30 juli 2010

ကြံ့ဖွံ့ပါတီက ကြိုတင်မဲကောက်ခံ

မျိုးချစ်သူ / ၃၀ ဇူလိုင် ၂၀၁၀
ရန်ကုန်ဒေသခံများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)က ကြိုတင်မဲများ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ကြိုတင်မဲများကို ပါတီဝင်များထံမှ ပထမဦးဆုံး ကောက်ခံမှု ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီစည်ရုံးရေး အဖွဲ့ဝင်တဦးက အတည်ပြုပြောကြားသည်။
အစိုးရ၀န်ထမ်းများကို ပါတီဝင်ပြုလုပ်၍မရသောကြောင့် ၀န်ထမ်းမိသားစုများထဲမှ အသက် (၁၈)နှစ် ပြည့်ပြီးသည့်သူများကို ကြိုတင်မဲကောက်ခံရန်အတွက် ပါတီဝင်အဖြစ် စည်းရုံးထားပြီး ဖြစ်ကြောင်းလည်း မြို့နယ် ကြံ့ဖွံ့စည်းရုံးရေးမှူးများထံမှ သိရသည်။
“ကြံ့ဖွံ့ပါတီဆိုတာကြံ့ဖွံ့အသင်းကဖြစ်လာတာပဲလေ၊အဲဒီအသင်းကလည်းအစိုးရက ဖွဲ့စည်းထားတာဖြစ်တယ်လေ။ ပါတီအနေနဲ့ ပြောင်းလိုက်တော့ အခုအစိုးရ၀န်ထမ်း မိသားစုတွေကို ကနဦးပါတီဝင်တွေလုပ်ပြီးတော့ ကြိုတင်မဲကောက်နေပြီ” ဟု မြို့နယ်စည်းရုံးရေးမှူးတဦးက ပြောသည်။
ရန်ကုန်တွင် ကြံ့ဖွံ့အသင်းဝင်ပေါင်း (၃)သန်းကျော်ရှိခဲ့ရာမှ ယခုအခါ ပါတီဝင်အဖြစ်ပြောင်းလဲရာတွင် အစိုးရ၀န်ထမ်းများကို ဖယ်ထုတ်လိုက်ကြောင်း၊ သို့သော် ငါးကြင်းဆီနှင့် ငါးကြင်းကြော်သကဲ့သို့ ၀န်ထမ်းမိသားစုများကို ပါတီဝင်အဖြစ်ပြောင်းလဲလိုက်ကြောင်း၊ ထို့အတွက် ပါတီဝင်အရေအတွက်မှာ ယခင်အသင်းဝင်အတိုင်း မဟုတ်သော်လည်း ယင်းအရေအတွက်နီးပါး ရှိနိုင်ကြောင်း ၎င်းကပြောသည်။
ရန်ကုန်တွင် ယခင်က ကြံ့ဖွံ့အသင်းအနေဖြင့်လုပ်နေသော လမ်းများခင်းခြင်း၊ ဆေးခန်းများဖွင့်ခြင်း စသည်တို့ကို ယခုအခါ ပါတီအမည်ပြောင်းကာ ပြုလုပ်နေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
အစိုးရ၀န်ထမ်းများအတွင်း အစိုးရက ဖွဲ့ထားသောပါတီကိုသာ မဲပေးလိုသူများ ရှိသကဲ့သို့ မလိုလားသူများလည်း ရှိနေကြောင်း ပညာရေးဝန်ထမ်း မိသားစုများထံမှ သိရသည်။
“ကျမတို့ဒဂုံတက္ကသိုလ်မှာဆိုရင် အခု ဆရာဆရာမတွေကို ပါတီဝင်တော့လုပ်လို့မရဘူး။ ဒါပေမယ့် မဲတော့ပေးခွင့်ရှိတဲ့အတွက် မဲပေးတဲ့အခါ ခြင်္သေ့ကိုပဲ မဲပေးဖို့တိုက်တွန်းတယ်လို့ ဌာနအလိုက် ပြောထားတာ ရှိတယ်။ ခက်နေတာက တချို့တွေကတော့ ကြောက်ကြတယ်လေ။ ကြိုတင်မဲကောက်ရင်တော့ ထည့်ရမှာပဲလို့ ပြောနေတဲ့သူတွေရှိတယ်။ အစိုးရက တရားမျှတတဲ့ ရွေးကောက်ပွဲသာ လုပ်လို့ကတော့ တမဲမှကို ရမှာမဟုတ်ဘူးလို့ ထင်တယ်။ အခုပဲကြည့်လေ ကြိုတင်မဲကောက်မယ်တဲ့၊ ဘာသဘောလဲ။ ကျမကတော့ မထည့်နိုင်ဘူးလို့ပဲ ပြောလိုက်မယ်”ဟု ဒဂုံတက္ကသိုလ် ပထ၀ီဝင်ဌာနမှ အချိန်ပိုင်းနည်းပြ ဆရာမတဦးက ပြောသည်။
မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ အတွင်းရေးမှူး ဦးနေမျိုးဝေက ကြံ့ဖွံ့ပါတီသည် ၁၉၉၃ ခုနှစ်ကပင် အသင်းဖွဲ့ကာ စနစ်တကျလုပ်ထားသော ပါတီဖြစ်သွားပြီး တစညပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလကပင် တည်ရှိလာသည့်အတွက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အင်အားအကြီးဆုံးနှင့် ငွေသုံးစွဲနိုင်မှုအများဆုံးပါတီတို့ ဖြစ်ကြောင်း ပြောဆိုသည်။
၎င်းက “သူတို့ပါတီတွေကတော့ အင်အားသုံးနိုင်တဲ့ပါတီတွေဖြစ်တယ်။ ခက်နေတာက တခြားပါတီတွေအနေနဲ့ အခုအချိန်မှာ ကန့်သတ်မှုတွေ အများကြီးရှိနေတယ်၊ လူစုလူဝေးလုပ်ပြီး ဟောပြောစည်းရုံးတာက အစပေါ့ဗျာ။ သူတို့ကတော့ လူထုနဲ့ နီးနီးကပ်ကပ်လုပ်နိုင်တယ်။ ကြံ့ဖွံ့ပါတီဆိုရင် အစိုးရပဲလေ၊ ဘာပဲလုပ်လုပ် လုပ်နိုင်တာပဲ၊ အကန့်အသတ်မရှိဘူး။ အဲဒီတော့ အခုကပဲ ဘက်လိုက်နေပြီ။ ဒါဆိုရင်တော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလားဆိုတာ ထုတ်ဖော်ပြောဆိုဖို့ မလိုဘဲ သိနိုင်ပါတယ်” ဟု ပြောသည်။
ကြံ့ဖွံ့ပါတီကို ဝန်ကြီးချုပ် ဦးသိန်းစိန်က ဦးဆောင်ထားပြီး ယခင်က ကြံ့ဖွံ့အသင်းဝင် တနိုင်ငံလုံးတွင် (၂၄) သန်းခန့်ရှိခဲ့ရာမှ အစိုးရ၀န်ထမ်းများကို ဖယ်ထုတ်ကာ စိစစ်ပါက ယခုအခါ တနိုင်ငံလုံးတွင် အသင်းဝင်အင်အား (၁၀)သန်းခန့် ဆက်လက်ရှိနေသေးပြီး ယင်းကို ဆက်လက်စိစစ်ကာ ပါတီဝင်အဖြစ်ပြုလုပ်ထားကြောင်း ရန်ကုန်တိုင်း ကြံ့ဖံွ့ပါတီဝင်တဦးက ပြောသည်။
ကြံ့ဖွံ့ပါတီသည် ဧပြီ (၂၉) ရက်တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် (၂၆) ဦး ပါဝင်သော အစိုးရ၀န်ကြီးများ၊ အရာရှိကြီးများက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ရာ ပြီးခဲ့သည့် ဇွန် (၈) ရက်တွင် ပါတီမှတ်ပုံတင်ခွင့် ကျထားပြီးဖြစ်သည်။

Geen opmerkingen: