မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 25 april 2011

ကြံ့ဖွံ့ ယာယီ ဥက္ကဌ ဦးရွှေမန်း တာဝန်ယူ

လင်းသန့် Monday, 25 April 2011 18:48
.အစိုးရသစ်အောက်လွှတ်တော်ဥက္ကဌဗိုလ်ချုပ်ကြီးဟောင်းသူရဦးရွှေမန်းသည်အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ)၏ ဒု ဥက္ကဌ အဖြစ် မကြာခင်က ပြုလုပ်ခဲ့သော ပါတီ အစည်းအဝေးမှတဆင့် ရွေးချယ်ခံခဲ့ရပြီး ယာယီ ဥက္ကဌ ရာထူး ကိုပါ ပူးတွဲ တာဝန် ထမ်းဆောင်နေပြီဟု သိရသည်။
ဗိုလ်ချုပ်ကြီးဟောင်းသူရဦးရွှေမန်းသည် ယခင် နအဖ စစ်အစိုးရ လက်ထက်တွင် တတိယ အဆင့်ရှိသူ ဖြစ်သည်။
                                                                  ဗိုလ်ချုပ်ကြီးဟောင်းသူရဦးရွှေမန်း(ဓာတ်ပုံ-ရိုက်တာ)
အစိုးရသစ် မထွက်ပေါ်လာမီက ကြံ့ဖွံ့ပါတီ ဥက္ကဌဖြစ်သူ ဦးသိန်းစိန်မှာ သမ္မတရာထူး ရွေးချယ်တာဝန်ပေးအပ်ခံရသည့် နေ့မှ စတင်ကာ ပါတီဥက္ကဌ ရာထူးကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ စွန့်လွှတ်ခဲ့ရပြီးနောက် ယင်း ပါတီ ဥက္ကဌ လစ်လပ်နေရာတွင် သူရ ဦးရွှေမန်းက ယခုကဲ့သို့ တာဝန်ယူလိုက်ခြင်းဖြစ်သည်ဟု နေပြည်တော် အသိုင်းအ၀ိုင်း က ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ ရာထူး သက်တမ်း အတွင်း ပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟု ဖော်ပြပါရှိသည်။
ကြံ့ဖွံ့ပါတီ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းအတွင်း၌ အာဏာလွန်ဆွဲပွဲများ ရှိနေကြကြောင်း၊ မကြာသေးခင်က ကျင်းပခဲ့သော ပါတီ အစည်းအဝေးတွင် သူရ ရွှေမန်းက ပါတီတွင်းမှာ“ဒီမိုကရေစီ”ရှိရန် ပြောကြားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အလွန် ယုံကြည်ရသူအဖြစ် သတင်းကြီးသူ ဦးအောင်သောင်းကမူ ပါတီတွင်း စစ်တပ်ပုံစံ စည်းလုံးမူရှိရန် အလေးထား ပြောကြားခဲ့သည်ဟု ကြံ့ဖွံ့ပါတီနှင့် နီးစပ်သူတဦးက ဆိုသည်။
“တသွေး၊ တသံ၊ တမိန့် ဆိုတဲ့ စစ်တပ် ဆောင်ပုဒ်အတိုင်း လုပ်ဆောင်သွားဖို့ အရေးကြီးကြောင်း ဦးအောင်သောင်းက ဆက်လက်ပြောကြားသွားတယ်”ဟု ၄င်းက ဆက်လက်ပြောဆိုသည်။
ယခင်က ကြံ့ဖွံ့ပါတီတွင် မရှိခဲ့သော ဒု ဥက္ကဌ ရာထူးနှင့် အတွင်းရေးမှူး(၁)၊ အတွင်း ရေးမှူး (၂)ရာထူး နေရာအသစ်များကို မကြာသေးခင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ထိပ်ပိုင်း ခေါင်းဆောင်တချို့နှင့် သီးခြားတွေ့ဆုံ အပြီး ယခုကဲ့သို့ နေ ရာ သစ်များပေါ်ထွက်လာခြင်းဖြစ်သည်ဟု နေပြည်တော်တွင် သတင်းများ ထွက်ပေါ်နေသည်။
အတွင်းရေးမှူး(၁)နေရာအတွက်ယခင်စက်မှု(၁)၀န်ကြီး ဦးအောင်သောင်း၊ အတွင်းရေးမှူး(၂) နေရာအတွက် ယခင်စာတိုက်နှင့်ကြေးနန်း၊ဆက်သွယ်ရေးဝန်ကြီးဟောင်းဦးသိန်းဇော်တို့ကိုတာဝန်ပေးလိုက်ကြောင်းလည်း သိရှိရသည်။
ကြံ့ဖွံ့ပါတီအထွေထွေအတွင်းရေးမှူး နေရာအတွက် ဦးဌေးဦးက ဆက်လက်တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အဆိုပါ တွေ့ဆုံပွဲအပြီးတွင် ယခင်ဝန်ကြီးဟောင်းများဖြစ်ကြသော ဦးသောင်း(သိပ္ပံနှင့်နည်းပညာဝန်ကြီး) အပါအ၀င် ဗိုလ်ချုပ်မှူးကြီး နှင့် အနီးဆုံးသူများက ပါတီထိပ်ပိုင်း ခေါင်းဆောင်တာဝန်များကို ယူကြမည်ဖြစ်ကြောင်းလည်း ပါတီတွင်း သတင်း များက ဆိုသည်။
လေ့လာစောင့်ကြည့်သူများ၏ အဆိုအရ ယခင်ဝန်ကြီးဟောင်းများနှင့် ဗိုလ်ချုပ်ဟောင်းများအကြား ကြံ့ဖွံ့ပါတီ ထိပ်ပိုင်း ခေါင်းဆောင် နေရာရရေးအတွက် အုပ်စုတိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရှိရသည်။

Geen opmerkingen: