မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 8 april 2011

လုံခြုံရေးစရိတ်အကုန်ကျများသော်လည်းသင်္ကြန်မဏ္ဍပ်များလူဝင်နည်း

မိုးယံ Friday, 08 April 2011 13:36
ရန်ကုန်မြို့ရှိရေကစားမဏ္ဍပ်ကြီးတခုလျှင်CCTVကင်မရာများနှင့် လုံခြုံရေးစနစ်များ ကျပ်သိန်း ၅၀ ခန့် အကုန်အကျခံပြီး တပ်ဆင်ထားသော်လည်း ရေလာရောက်ကစားရန် စာရင်းသွင်းသည့်သူ နည်းပါးနေကြောင်း သိရသည်။
      X2Oမဏ္ဍပ်ရှေ့တွင်ဗုံးပေါက်ကွဲပြီးနောက်ရဲနှင့်ယာဉ်ထိန်းရဲများကစစ်ဆေးနေစဉ်(ဓာတ်ပုံ-Reuters)
ယမန်နေ့ညနေ၄နာရီတွင်TheRichCoffeeဆိုင်၌ကျင်းပသောX2O ရေကစားမဏ္ဍပ် သတင်းစာရှင်းလင်းပွဲ၌ စီစဉ်သူ ကိုဘိုဘိုဇော်က“မဏ္ဍပ်တွေမှာရေလာကစားဖို့လူတွေက တော်တော်ကြောက်နေကြပြီ။ ကျနော်တို့အနေနဲ့လုံခြုံရေးစနစ်ကိုအထူးပြင်ဆင်ထားပါတယ်။လုံခြုံရေးစနစ်ကို ထပ်ထည့်လိုက်ရတဲ့အတွက် ကုန်ကျစရိတ် တော်တော်မြင့်တက်သွားတယ်” ဟု ပြောသည်။
ယမန်နှစ် သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက်နေ့ ညနေ ၃ နာရီတွင် ရေကစားမဏ္ဍပ်များစွာ တည်ရှိသော ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့၌ ဗုံး ၃ လုံးဆက်တိုက် ပေါက်ကွဲပြီး လူ ၁၀ ဦးသေဆုံးကာ ၁၇၀ ကျော် ဒဏ်ရာရခဲ့သည်။ ထို့ကြောင့် ယခုနှစ်သင်္ကြန်တွင် လူအများရေကစားထွက်ရန် ထိတ်လန့်နေကြကြောင်း ရေကစားမဏ္ဍပ် စီစဉ်သူများက ဆိုသည်။
ယခုနှစ်တွင် မဏ္ဍပ်ပတ်လည်၌ CCTV ကင်မရာများ တပ်ဆင်ထားခြင်း၊ ဗုံးခိုကျင်းများ တူးထားခြင်းနှင့် အ၀င်/အထွက် လက်မှတ်များကို ကွန်ပျူတာ စနစ်ဖြင့် ပြုလုပ်ထားခြင်းတို့ စီစဉ်ထားကြောင်း X2O ရေကစားမဏ္ဍပ်စီစဉ်သူများထံမှ သိရသည်။
BlackCultureရေကစားမဏ္ဍပ်စီစဉ်သူတဦးကလည်းရေကစားမဏ္ဍပ်ကြီးတခုလျှင် ပုံမှန်ကုန်ကျစရိတ်အပြင် ယခုနှစ်တွင် လုံခြုံရေးကင်မရာများ တပ်ဆင်ခြင်း၊ လုံခြုံရေးဝန်ထမ်း အနည်းဆုံး ၁၀ ဦး ငှားရမ်းရခြင်း၊ မိုင်းရှာကိရိယာများ ထားရှိရခြင်းတို့ကြောင့် ကျပ်သိန်း ၅၀ နီးပါး ထပ်ဆောင်းကုန်ကျလျက်ရှိကြောင်း ပြောသည်။
ယမန်နှစ်က ကန်ပတ်လမ်းရှိ မဏ္ဍပ်တခုတွင် ရေကစားခဲ့သူက “မဏ္ဍပ်တွေမှာ ရေသွားကစားရမှာ တော်တော်ကြောက်နေတယ်။ မနှစ်က အဖြစ်ဆိုးကြီးက ကိုယ်ရှေ့မှာ ဖြစ်သွားတော့ တုန်လှုပ်နေတယ်” ဟု ဆိုသည်။
ယခုနှစ် သင်္ကြန်တွင်း၌ လူငယ်အများစုသည် တရာစခန်း ၀င်ခြင်း၊ ခရီးထွက် အပန်းဖြေခြင်းများကို ပြုလုပ်သူများကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ၂၀၁၁ ခုနှစ် သင်္ကြန်အတွက် လုံခြုံရေးပေးနိုင်သလောက်သာ ရေကစားမဏ္ဍပ်ကြီးများ တည်ဆောက် ခွင့်ပြုသဖြင့် မျက်နှာစာအကျယ် ပေ ၅၀ မှ ပေ ၁၀၀ အရွယ်အစားရှိ ရေကစားမဏ္ဍပ် ၃၁ နေရာသာရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာမှ သိရသည်။
ရန်ကုန်မြို့တွင် ၂၀၁၀ ပြည့်နှစ် သင်္ကြန်တွင် ရေကစားမဏ္ဍပ်အကြီး၄၆ခုဆောက်လုပ်ခွင့် ပြုခဲ့ပြီး ယခုနှစ်တွင် ၃၁ ခုသာ တည်ဆောက်ခွင့်ပေးသည်။ မဏ္ဍပ်မျက်နှာစာအရှည်ပေ၅ဝမှ၁ဝဝအကြားကို မဏ္ဍပ်ကြီး၊၂၅ပေမှပေ၅ဝအကြားကိုမဏ္ဍပ်အလတ်၊၂၅ပေအောက်ကိုမဏ္ဍပ်အသေးဟု သတ်မှတ်ထားသည်။
BlackCultureရေကစားမဏ္ဍပ် စီစဉ်သူက “ပုံသေနည်းအရဆိုရင် မဏ္ဍပ်တွေနည်းရင် လူအတက်ပိုများမယ်၊ လူများတော့ကျနော်တို့ရဲ့မဏ္ဍပ်ဈေးတွေ ခေါ်လို့ရတယ်။ အခုဟာက မဏ္ဍပ်နည်းတယ်၊ ရှိတဲ့မဏ္ဍပ်မှာလည်း လူမတက်ဘူးဗျာ။ သင်္ကြန်ကျဖို့ ရက်ပိုင်းလိုတာတောင် လက်မှတ် ၁၀ စောင်လောက်ကို ရောင်းရဖို့ ခက်နေတယ်” ဟု ပြောသည်။
ကန်တော်ကြီး ပတ်လမ်းတွင် မဏ္ဍပ်စီစဉ်သူတဦးက “သင်္ကြန် စည်မစည်ကိုတော့ ရင်ခုန်စွာနဲ့ စောင့်နေရတယ်။ ကျနော်တို့ရဲ့ နှစ်သစ်ကူးပွဲကိုတော့ လူတွေဆင်နွဲမှာပဲဆိုပြီး မဏ္ဍပ်ဆောက်လိုက်တာ” ဟု ဆိုသည်။
ယခုနှစ်တွင်သင်္ကြန်မဏ္ဍပ်များလိုက်နာရမည့်လုံခြုံရေးဆိုင်ရာစည်းကမ်းချက်၂၅ ချက်ကို အာဏာပိုင်များက ထုတ်ပြန်ထားသည်။
စည်းကမ်းချက်များထဲတွင် သင်္ကြန်မဏ္ဍပ်ကြီးများသည် လုံခြုံရေးအတွက်CCTVကင်မရာများ တပ်ဆင်ရန်အတွက် သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပြီးမသင်္ကာဖွယ်ရာများကို အနီးကပ်မှတ်တမ်းတင်နိုင်ရန်သီးခြားဓာတ်ပုံရိုက်သူများထားရှိရမည်ဟုလည်း ထုတ်ပြန်သတ်မှတ်ထားကြောင်း သိရှိရသည်။
အဆိုပါ ရေကစားမဏ္ဍပ်ကြီး ၃၁ ခုအတွက် မင်္ဂလာတောင်ညွှန်မြို့နယ် ကန်ပတ်လမ်းတွင် ၇ နေရာ၊ ပြည်လမ်းမပေါ်တွင် ၅ နေရာ၊ ပါရမီလမ်းပေါ်တွင်၂နေရာ၊ ကမ္ဘာအေးဘုရားလမ်းတွင် ၅ နေရာ၊ ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ၃ နေရာ၊ စက်မှု (၁)လမ်း ၁ နေရာ၊ ဗိုလ်ချူပ်အောင်ဆန်းလမ်းတွင် ၁ နေရာ၊ ဝေဇယန္တာလမ်းတွင် ၁ နေရာ၊ ဘုရင့်နောင်လမ်းတွင် ၃ နေရာ၊ ဒဂုံမြို့နယ်ရှိ အလုံလမ်းတွင် ၂ နေရာနှင့် ကြည်မြင့်တိုင်မြို့နယ် ကမ်းနားလမ်းတွင် ၁ နေရာ တည်ဆောက်ခွင့်ပြုထားကြောင်း ၎င်းက ဆိုသည်။

Geen opmerkingen: