မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 20 mei 2010

ဦးပိုင်နှင့်ကြံ့ဖွံ့ဓာတ်ဆီဆိုင်များရမည်

အောင်သက်ဝိုင်း Thursday, May 20, 2010
.အစိုးရ စက်သုံးဆီ အရောင်းဆိုင် အများအပြားကို ဗိုလ်ချုပ်ကြီးတို့ တည်ထောင် ထားသည့် အဖွဲ့ကြီးများ လက်သို့ လွှဲပြောင်း ပေးအပ်မည်ဟု စွမ်းအင် ၀န်ကြီးဌာန သတင်းရပ်ကွက်မှ သိရသည်။
အရောင်းဆိုင် ၂၄၆ ဆိုင် လွှဲပြောင်း လုပ်ကိုင်ခွင့်ကို အများဆုံး ရမည့် အဖွဲ့များမှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့)၊ မြန်မာ့ တပ်မတော် အတွက် ရန်ပုံငွေ ရှာပေးနေသော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (ဦပိုင်) တို့ ဖြစ်သည်ဟု ဆိုသည်။
                                   စွမ်းအင်ဝန်ကြီးဌာပိုင်စက်သုံးဆီအရောင်းဆိုင်တဆိုင်(ဓာတ်ပုံ-flickr)
“အဖွဲ့အစည်း ၂၀ ဆီ လွှဲမယ်။ ဦးပိုင်နဲ့ ကြံ့ဖွံ့လည်း ပါတယ်။ ဦးပိုင်က စုစုပေါင်း ဆိုင် အရေအတွက်ရဲ့ ၃၀ ရာခိုင်နှုန်းကို လွှဲယူမယ်။ ကြံ့ဖွံ့ကလည်း ဦးပိုင်ထက် မနည်းတဲ့ ဆိုင် အရေအတွက်ကို လွှဲပြောင်း ယူဖို့ ရှိတယ်လို့ လောလောဆယ် သိထားတယ်” ဟု စွမ်းအင် ၀န်ထမ်းတဦးက ရှင်းပြသည်။
အင်္ဂါနေ့ထုတ် ရန်ကုန်တိုင်းမ် သတင်းဂျာနယ်တွင်လည်း စက်သုံးဆီ အရောင်းဆိုင် လုပ်ပိုင်ခွင့် ရမည့် တခြား ကုမ္ပဏီ ၁၈ ခု၏ အမည် စာရင်းကို တွေ့ရသည်။
ထိုကုမ္ပဏီ များမှာ စစ်အစိုးရနှင့် နီးစပ်သော ကုမ္ပဏီများ၊ ဗိုလ်ချုပ်ကြီးတို့၏ သားသမီးများ ပိုင်ဆိုင်သော ကုမ္ပဏီများ ဖြစ်နေသည်။
စက်သုံးဆီအရောင်းဆိုင်အသစ်များကိုလည်းနိုင်ငံတ၀န်းဖွင့်လှစ်သွားမည်ဟုလုပ်ကိုင်ခွင့်ရ ကုမ္ပဏီတချို့ထံမှ သိရှိရသည်။
ကုမ္ပဏီများက အရောင်းဆိုင်များကို အရစ်ကျ ငွေချေ စနစ်ဖြင့် လွှဲပြောင်း လုပ်ကိုင်ရမည် ဖြစ်သော်လည်း ကြံ့ဖွံ့နှင့် ဦးပိုင်ကမူ တိုက်ရိုက် လွှဲပြောင်း ရယူနိုင်ဖွယ် ရှိသည်ဟု အကောက်ခွန် အရာရှိ တဦးက သုံးသပ်သည်။
မန္တလေး စီးပွားရေး လုပ်ငန်းရှင် တဦးကလည်း ကြံ့ဖွံ့ နှင့် ဦးပိုင် တို့သည် အရောင်းဆိုင်များကို တခြားသော လုပ်ငန်းရှင်များသို့ ပြန်လည် အငှားချခြင်းဖြင့် စီးပွားရှာမည်ဟု ထင်မြင်ကြောင်း ပြောသည်။
၂၀၁၀ရွေးကောက်ပွဲတွင် ကြံ့ဖွံ့အသင်းကို အခြေပြု ဖွဲ့စည်းထားသည့် ကြံ့ဖွံ့ပါတီက ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ရာယခုကဲ့သို့ပြည်သူပိုင်ပစ္စည်းများဖြင့်ဝင်ငွေရှာပြီးယှဉ်ပြိုင်မည်ဆိုပါက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် မညီကြောင်း ရန်ကုန်မှ သတင်းထောက်တဦးက ပြောသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၃ တွင် နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူ သုံးစွဲကြောင်း စစ်ဆေး တွေ့ရှိလျှင် နိုင်ငံရေးပါတီ အဖြစ် ဆက်လက် ရပ်တည်ခွင့် မရှိစေရ၊ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခြင်းကို ပယ်ဖျက်၍ ယင်းပါတီကို ဖျက်သိမ်းရမည်ဟု ပြဋ္ဌာန်း ထားသည်။
ပြည်တွင်း နိုင်ငံရေးသမား တချို့နှင့် ပြည်သူ အများစုကမူ လက်ရှိ ၀န်ကြီးချုပ် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီသည် လာမည့် ရွေးကောက်ပွဲတွင် အမတ်နေရာ အားလုံး နီးပါး ရရှိရေး အတွက် ငွေအား၊ လူအင်အား အပါ အ၀င် မရိုးသားသော နည်းလမ်း မျိုးစုံ အသုံးပြုပြီး အနိုင် ယူလိမ့်မည်ဟု ယုံကြည်နေကြသည်။
မေလ ၁၈ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်တွင် ဖော်ပြထားသည့် ကုမ္ပဏီ စာရင်း
ထူး
မက်စ်မြန်မာ
ရွှေသံလွင်
IGE
ဇေကမ္ဘာ
ဧဒင်
ဒဂုံ အင်တာနေရှင်နယ်
ဧရာရွှေဝါ
Fisheries & Marine Product 2000 Limited
နီလာရိုးမ
အဏ္ဏ၀ါလွှမ်း
မြတ်မေတ္တာမွန်
ရွှေတောင်၊
ဂရင်းအေးရှား
ကေတုမတီ၊
ယုဇန
ကောင်းဇော်ဟိန်း
မြန်မာနိုင်ဂရု(ပ်)

Geen opmerkingen: