မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 20 mei 2010

အပူဒဏ်လွန်ကဲမှုကြောင့်မန္တလေးတွင်သေဆုံးမှုများပြား

သဲသဲ Thursday, May 20, 2010
.မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်သောမန္တလေးမြို့တွင်ပြီးခဲ့သည့်ရက်သတ္တပတ်အနည်းငယ်က ပြင်းထန်သည့် အပူချိန်ကြောင့် လူအများ အပြား သေဆုံး ခဲ့ကြောင်း သိရသည်။
“မန္တလေးမြို့နဲ့နီးတဲ့ တောင်မြင့် သုသာန်မှာဆို တရက်တည်းနဲ့တင် တရာကျော် အသုဘ ချရတယ်" ဟု မန္တလေးအခြေစိုက် စာနယ်ဇင်း သမားတဦးက ဧရာဝတီကိုပြောသည်။
အဆိုပါ နေ့များတွင် သုသာန်သို့ရောက်ရှိလာသည့် အလောင်း များပြားသဖြင့် မီးသင်္ဂြိုဟ်စက် မလောက်ငသောကြောင့် အလောင်းများအား စုပြုံ၍ သင်္ဂြိုဟ်စက်ထဲသို့ ထိုးသွင်းကြရကြောင်း ၎င်းကဆက်ပြောသည်။
“အရင်ကပုံမှန်ဆိုရင်စက်ထဲတန်း ထည့်လို့ရတယ်လေ။ အခုဟာက နာရေးက များတော့ အကုန်စုပြီးတော့မှ သင်္ဂြိုဟ်တာပေါ့။ အဲ့ဒီတော့ မိသားစုတွေက အလောင်းကို ထားခဲ့ရတာပေါ့။ နောက် များလာပြီဆိုတော့မှ တခါ ထပ်စုပြီး သင်္ဂြိုဟ်တယ်"ဟုမန္တလေးမြို့ရှိဗြဟ္မစိုရ်နာရေးကူညီမှုအသင်းမှတာဝန်ရှိသူတဦးက ဆိုသည်။
မန္တလေးမြို့ ချမ်းမြသုခ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတဦးကလည်း မေလ ၁၅၊ ၁၆ ရက်နေ့များတွင် တနေ့လျှင် လူပေါင်း ၄၂ ယောက်အထိ သင်္ဂြိုဟ်ပေးခဲ့ရကြောင်းပြောဆိုသည်။
မန္တလေးမြို့တွင်မေလ၁၃ရက်နေ့၌အပူချိန်၄၅ဒသမ၀ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
မန္တလေးမြို့၏အပူချိန်အမြင့်မားဆုံးနေ့များဖြစ်သည့်မေလ၁၃၊၁၄၊၁၅၊၁၆ရက်နေ့များတွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌မန္တလေးမြို့ရှိနာရေးကူညီမှုအသင်းများမှအပူလွန်သည့်လူနာများကို ရေခဲရေဖြင့်လောင်းခြင်း၊ ရေစိမ်ထားသော စောင်များဖြင့် ပတ်ကာ အပူကျအောင်လုပ်ပေးခြင်းစသည်တို့ကို လုပ်ဆောင်ပေးကာ ဆေးရုံသို့ပို့ကြရကြောင်း စာနယ်ဇင်းသမားကပြောသည်။
“လမ်းတွေထဲမှာဆိုအသုဘအိမ်တွေကတနေ့တနေ့ကို၇ခု၈ခုလောက်ရှိတယ်"ဟု မန္တလေးမြို့ခံတဦးကဆိုသည်။
ထိုကဲ့သို့သေဆုံးကြသူများတွင်လူကြီးပိုင်းများ၊နာတာရှည်ရောဂါသည်များ၊ လူငယ်ပိုင်း လူလတ်ပိုင်းများတွင် အနေအထိုင် မဆင်ခြင်သောသူများ၊ အရက်သေစာသောက်စားသူများပါဝင်ကြောင်းသိရသည်။
ထို့အပြင်မန္တလေးတွင်ရပ်ကွက်ကောင်စီနှင့်မြို့နယ်ကောင်စီများ၏ညွှန်ကြားချက်ဖြင့် အသေးစားအရက်ဆိုင်များအား ဖွင့်ခွင့် မပေးကြောင်းသိရသည်။
“လမ်းဘေး ဘုံဆိုင်တွေကတော့ လုံးဝမဖွင့်ရဘူး။ ဟိုတယ်တို့၊ စားသောက်ဆိုင်တို့တွေတော့ မပိတ်ဘူး" ဟု အဆိုပါ စာနယ်ဇင်း သမားက ဆိုသည်။
ယခင်က မန္တလေးမြို့တွင် မိုးခေါင်လျှင် ရပ်ကွက်အလိုက် ဗုဒ္ဓဘာသာအသင်းဝင်များမှ နှစ်စဉ်ပြုလုပ်နေကျဖြစ်သော မန္တလေး တောင်၏ အရှေ့ဘက် ရန်ကင်းတောင်တွင် မိုးခေါင်ကျော်စွာ နတ်ပင့်ကာ နတ်ကန္တား ပေးသည့်ပွဲများ၊ ငါးရံ့မင်းပရိတ်အား အသံမစဲ ရွတ်ဖတ်ပွဲများကို သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြပြီး ယခုနှစ်တွင်မူ အဆိုပါ ပွဲများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်(ကြံ့ဖွံ့)များကဦးစီးဦးဆောင်ပြုလုပ်လာကြသောကြောင့်ဒေသခံများက ထင်သလောက် အာနိသင်မရှိတော့ ဟု ပြောဆိုနေကြကြောင်းသိရသည်။
“အရင်ကဆို ကိုယ့်ရပ်ကွက်အလိုက် ဘာသာရေးအသင်းဝင်တွေက သွားပင့်လို့ရတယ်။ အခုမရတော့ဘူး။ သူတို့ပဲဦးစီးထားတယ်။နောက်ဆုံးကျတော့မိုးရွာတာတောင်သူတို့လုပ်လို့ရွာတယ်ဖြစ်တာပေါ့။ ငါးရံ့မင်းတန်ခိုးမရှိတော့ဘူး" ဟု မန္တလေးမြို့ခံတဦး က ဆိုသည်။
“နောက်မိုးခေါင်ကျော်စွာနတ်ပင့်ပြီးနတ်သီချင်းတွေနဲ့မိန်းမနဲ့ယောက်ျားလွန်ဆွဲကြတယ်။အဲ့ဒီမှာ မိန်းမနိုင်ရင်မိုးရွာတယ်။အရင်ကဆိုမိန်းမတွေနိုင်အောင်လို့ကိုယောက်ျားတွေဘက်က ခိုးဆွဲပေးတာတောင်ရှိတယ်။ အခုကျတော့ မိန်းမအနိုင်မခံဘူးလေ"ဟုအဆိုပါဒေသခံကဆက်ပြောသည်။
ထို့အပြင် ပြည်သူဆေးရုံကြီးမှ အပူလွန်ရောဂါသည်များအား ကူညီစောင့်ရှောက်ပေးနေသည့် စေတနာ့ဝန်ထမ်းလူငယ်များကိုကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းမှ၎င်းတို့တံဆိပ်ပါ စွပ်ကျယ်အင်္ကျီများဝေငှခြင်း၊ မန္တလေးမြို့ရှိ လမ်းထောင့်များ၊လမ်းလေးခွများတွင်ကားဖြင့်ထိုးကာဆိုက်ကားသမားများ၊ကုန်ထမ်းသူများကိုလည်း စွပ်ကျယ် အင်္ကျီများ ဝေငှကြောင်း သိရသည်။
“မန္တလေးမှာ ရေစပြတ်ပြီ ဆိုကတည်းက မန္တလေးထုတ်သတင်းစာတွေမှာ ကြံ့ခိုင်ရေးရုံးဖုန်းတွေ ထည့်ပြီး ရေပြတ်ပြီဆိုရင် ဒီကို ဆက်သွယ်နိုင်ပါတယ်။ ရေ အခမဲ့ လာပို့ပေးပါ့မယ် ဆိုပြီးတော့ စေတနာ ဗရပွနဲ့ပေါ့။ မြန်မာစကားပုံမှာရှိတယ်လေ။ပွဲလန့်တုန်းဖျာခင်းတယ်ဆိုတာပေါ့"ဟုမန္တလေးမြို့မှ စာနယ်ဇင်းသမားတဦးက ပြောသည်။

Geen opmerkingen: