မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 21 mei 2010

မြန်မာစစ်တပ်ပစ်ခတ်၍ထိုင်းစစ်သားတဦးသေဆုံး

ဧရာဝတီ Friday, May 21, 2010
.ထိုင်း-မြန်မာ နယ်စပ်တွင် မေလ ၁၉ ရက်နေ့က မြန်မာ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ထိုင်းစစ်သား တဦး သေဆုံးကြောင်း သိရသည်။
မယ်ဟောင်ဆောင် ခရိုင် အတွင်းရှိ မယ့်စရီယမ် မြောက်ပိုင်းတွင် ယင်းသို့ ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ကရင် ဒုက္ခသည် ကော်မတီ (KarenRefugeeCommittee-KRC)က ထိုင်း ရဲသတင်း ရပ်ကွက်ကို ကိုးကား ပြောဆိုသည်။
နယ်စပ်တွင် မြန်မာဘက် အခြမ်းသို့ ရောက်ရှိ လာသော ထိုင်း ရိန်းဂျား စစ်သားကို မြန်မာ စစ်သားများက မြေမြှုပ်မိုင်း ထိထားသည့် ဒဏ်ရာရသူ ၂ ဦးအား ထိုင်းဘက် အခြမ်းသို့ သယ်ဆောင် သွားရန် ပြောဆို ခဲ့ကြောင်း၊ ထိုင်းစစ်သားက သယ်ဆောင်သွားရန် ငြင်းကြောင်း KRC က ပြောသည်။
“မြေမြှုပ် မိုင်းကြောင့် ဒဏ်ရာ ရတဲ့သူ ၂ ယောက်ကို ထိုင်းဘက် အခြမ်း ဆေးရုံကို ခေါ်သွားဖို့ ထိုင်းစစ်သားက ငြင်းလိုက်တော့ ပစ်ခတ်တာပဲ၊ ထိုင်းစစ်သား သေသွားတယ်” ဟု KRC မှ ဝန်ထမ်း တဦးက ပြောသည်။
အခြား NGOမှ ဝန်ထမ်း တဦးကလည်း ဒေသဆိုင်ရာ ထိုင်းစစ်တပ် အရာရှိကို ကိုးကား၍ ပြောဆိုရာတွင် ပစ်ခတ်ခံရသောစစ်သားသည်စစ်ဝတ်စုံဝတ်ဆင်မထားကြောင်း၊ ချင်းမိုင် တက္ကသိုလ်မှ ကျောင်းသားများကို သံလွင်မြစ်သို့ လိုက်လံပို့ဆောင် ပေးနေခြင်း ဖြစ်ကြောင်း ပြောသည်။
ထိုင်း စစ်သားက မြန်မာ စစ်သားများကို ကျောင်းသားများအား ပြန်လည် ပို့ဆောင်ပြီးလျှင် ပြန်လာမည်ဟု ပြောကြောင်း၊ ထိုသို့ ပြောပြီး မော်တော်ဘုတ်သို့ ပြန်လျှောက် အလာတွင် နောက်ကျောဘက်မှ အချက်များစွာ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ထိုင်းတပ်မှူး တဦးက ပြောသည်။
ဤ ပြဿနာ အတွက် ထိုင်းနှင့် မြန်မာ အာဏာပိုင်များ အကြားဆွေးနွေးမှု ပြုလုပ်ရန် ရှိကြောင်း၊ မြန်မာ စစ်သားများသည်ထိုစဉ်ကအရက်သို့မဟုတ်မူးယစ်ဆေးသုံးစွဲထားပုံရကြောင်း ထိုင်းတပ်မှူးက ဆက်လက် ပြောကြားသည်။
ယင်းသို့ ဖြစ်ပွားပြီး နောက်တွင် မြစ်ကြောင်း တလျှောက် သွားလာမှုများကို ကန့်သတ် လိုက်ပြီး လုံခြုံရေး တင်းကျပ် ထားကြောင်း မြစ်အနီးရှိ ကရင် ရွာသားများက ပြောသည်။

Geen opmerkingen: