မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 18 mei 2010

အပူကြောင့်ဆန်ထွက်နှုန်းထိခိုက်

ရန်ပိုင် Tuesday, May 18, 2010
.အပူရှိန် လွန်ကဲမှုကြောင့် ယခုနှစ် ဆန်အထွက်နှုန်း ထိခိုက် နိုင်ကြောင်း လုပ်ငန်းရှင်များနှင့် လယ်သမား များထံမှ သိရသည်။
အစိုဓာတ် ကင်းစင်သည့် စပါးများကို ကြိတ်ခွဲသည့် အခါ ပျက်စီးမှု များသဖြင့် ဈေးကောင်း မရနိုင်ကြောင်း၊ လယ်သမားများ ထိခိုက် နစ်နာဖွယ် ရှိကြောင်း မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တဦးက ပြောသည်။
                            ဇန်န၀ါရီလကတွေ့ရသည့်ပဲခူးတိုင်းအတွင်းမှလယ်ယာလုပ်ငန်းခွင်တခု(ဓာတ်ပုံ-AP)
“အရင်က စပါး ရိတ်သိမ်း ပြီးရင် အခြောက် လှန်းပြီးမှ ကြိတ်ရတယ်၊ အခု ဂိုဒေါင်ထဲမှာ ထားပြီး အအေး ခံပြီးမှ ကြိတ်ရတယ်၊ ဒီနည်းလည်း အကျိုး အကျေ များတယ်” ဟု သူက ဧရာဝတီကို ရှင်းပြသည်။
သာယာဝတီ မြို့မှ ဆန်စက်ပိုင်ရှင် တဦးကလည်း ဆန်အကျိုး အကျေ များပြားကြောင်း သူ့နည်းတူ ပြောဆိုသည်။
ပြီးခဲ့သည့်နှစ်ကစပါးတင်း၁၀၀လျှင်ဆန်သားတတင်းခွဲဝင်၂၅အိတ်၊ဆန်ကွဲ၎အိတ်ခန့်ထွက်ရှိသည်ဟု ဆိုသည်။ ယခုနှစ်တွင် ဆန် ၁၈ အိတ်၊ ဆန်ကွဲ ၁၀ အိတ်ခန့် ထွက်ရှိကြောင်း သူက ရှင်းပြသည်။
စိုက်ပျိုး ရာသီ ဖြစ်သည့် နယုန်လသို့ ရောက်လာသော်လည်း၊ မိုးရွာသွန်းမှု မရှိသည့် အတွက် လယ်သမားများ အခက် တွေ့နေကြသည်။
“ခါတိုင်း မေလ ၁၅ ရက် လောက်ဆို မိုးလိုက်လာပြီ၊ ဒီနှစ်က မိုးရိပ် မိုးသား မတွေ့ရသေးဘူး၊ နောက်ထပ် ၁၅ ရက် လောက်မှ မိုးမရွာရင် မလွယ်ဘူး” ဟု ဇီးကုန်းမြို့မှ လယ်သမား တဦးက ဧရာဝတီသို့ ပြောသည်။
ဆီထွက် သီးနှံများကို အဓိက စိုက်ပျိုးသည့် မကွေး နှင့် မန္တလေးတိုင်း အတွင်းရှိ မြို့နယ် တချို့တွင်လည်း နှမ်းစိုက် တောင်သူများမှာ ယခုတိုင် ထွန်ယက် စိုက်ပျိုးနိုင်ခြင်း မရှိသေးပေ။
“အရင်ကတန်ခူးကဆုန်လဆိုကြဲပြီ၊အခုတော့နယုန်လတောင်ရောက်နေပြီ၊ မကြဲနိုင်သေးဘူး၊ တလလောက် နောက်ကျနေပြီ” ဟု မကွေးတိုင်း ရေနံချောင်းမြို့မှ တောင်သူတဦးက ပြောသည်။
တောင်သူများက ဒေသအခေါ် အခြောက်ကြဲစနစ်ဖြင့် မျိုးစေ့ ကြိုတင်ကြဲကြကြောင်း၊ အညှောက်များ ထွက်လာသော်လည်း မိုးမရွာသည့် အတွက် အပင်ပေါက်များ ခြောက်သွေ့ ဆုံးရှုံးသွားကြောင်း၊ ထိုကြောင့် ယခုနှစ်တွင် စိုက်ပျိုးစရိတ် ပိုမို များပြားနိုင်ကြောင်း သူက ရှင်းပြသည်။
မျိုးစေ့ ဈေးနှုန်းမှာ မြေပဲနှင့် နှမ်းတတင်းလျှင် ၃၀၀၀၀ ကျပ် ရှိသည်ဟု သိရသည်။
စိုက်ပျိုးရေးတွင် အသုံးပြုသည့် ကျွဲနွား တိရစ္ဆာန်များ အတွက်ပါ သောက်သုံးရေ ခက်ခဲကြောင်း သူက ဆက်လက် ရှင်းပြသည်။
ရာသီဥတု ဖောက်ပြန်ပြီး မိုးဦး နောက်ကျသည့် အတွက် သက်ကြီး စပါး မစိုက်ပျိုးဘဲ သက်တမ်းတို ရက် ၁၀၀ စပါးမျိုး ကို စိုက်ပျိုးသင့်ကြောင်း၊ သို့သော် အထွက် တိုးရန် မြေသြဇာ ပိုမိုကျွေးရခြင်း၊ ရာသီဥတုဒဏ်၊ ရေငတ်သည့်ဒဏ် မခံနိုင်ခြင်း စသည့် အခက်အခဲများ ရှိနိုင်သည် ဟု မြန်မာ့ ဆန်စပါး သုတေသီ တဦးက သုံးသပ် ပြောဆိုသည် ။
အာရှ ဒေသတွင် ရာသီ ဥတု ဖောက်ပြန်မှုများ ဖြစ်ပေါ်နေရာ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံ တို့တွင် စပါး စိုက်ပျိုးမှုကို ထိခိုက်စေနိုင်ပြီး အထွက်နှုန်းများ ကျဆင်းစေနိုင်ကြောင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့တွင်လည်း စားအုန်းဆီ ထုတ်လုပ်မှု လျော့ကျနိုင်ကြောင်း ယခုတပတ်ထုတ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနထုတ် စီးပွားရေး ဂျာနယ်တွင် ရေးသားထားသည်။
ထိုဂျာနယ်တွင် ၂၀၁၀ ပြည့်နှစ် အတွင်း ပဲခူးတိုင်း အနောက်ခြမ်း၏ နွေစပါး စိုက်ဧကမှာ ၂.၇၀၃ သိန်း ရှိပြီး၊ ရိတ်သိမ်း ပြီးသည့် ဧကမှာ ၂၅၀၀၀ ခန့်သာ ရှိကြောင်း ဖော်ပြထားသည်။ စပါးဈေးမှာ တင်း ၁၀၀ လျှင် ၃၂၇ ၅၀၀ ကျပ် နှင့် ၃၄၀ ၀၀၀ ကျပ် အတွင်း၊ ဆန်ဈေးမှာ ၁၂၀၀၀ ကျပ်နှင့် ၁၂၇၀၀ ကျပ် အတွင်း အရောင်း အ၀ယ် ပြုလုပ်သည်ဟု ဆိုသည်။
မိုးဦး အ၀င်နောက်ကျသည့် အတွက် စိုက်ပျိုးရေး ထိခိုက်နိုင်ကြောင်း၊ သို့သော် အစိုးရက ဆန် ပြည်ပ တင်ပို့မှု ပိတ်ထားသည့် အတွက် ပြည်တွင်း ဈေးကွက်တွင် ဆန်ပြတ်လပ်မှု မဖြစ်ပေါ်နိုင်ကြောင်း ဆန်စက် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

Geen opmerkingen: