မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 24 mei 2010

မြန်မာနိုင်ငံအကြီးဆုံးလက်ကားဈေးကြီးမီးလောင်၊နေ့တ၀က်ကျော်မီးငြှိမ်းသတ်သော်လည်းမငြိမ်းသေး

NEJ / ၂၄ မေ ၂၀၁၀
မြန်မာနိုင်ငံ၏ အကြီးဆုံး လက်ကားဈေးကြီးဖြစ်သည့် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေး၊ ပင်မဈေးရုံ စတုတ္ထထပ်တွင် ယနေ့ နံနက်(၈)နာရီကျော်က မီးလောင်ကျွမ်းခဲ့ရာ ညနေ (၅) နာရီကျော်အထိ မီးစွယ်မကျိုးသေးဘဲ လောင်ကျွမ်းနေဆဲဖြစ်သည်။
အဆိုပါမီးသည် စတုတ္ထထပ် ဆေးပစ္စည်းရောင်းသည့် ဆိုင်ခန်းအမှတ် (၈၀/၈၁)နှစ်ခန်းတွဲမှ ဝါယာရှော့ဖြစ်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အခြားအထပ်များကိုမူ ကူးစက်ခြင်းမရှိကြောင်း သိရသည်။
ပထမထပ်တွင် အထည်ဆိုင် ဖွင့်လှစ်ထားသည့် ဈေးဆိုင်ပိုင်ရှင်တဦးက “မနက်က မီးလောင်လောင်ချင်း အဲဒီ ဈေးအပေါ်ထပ်ကို ရောက်နေပြီး ဆိုင်စခင်းနေတဲ့သူတွေ အခြား လှေကားကနေ အသက်လုပြီး ပြေးဆင်းကြရတယ်။ နောက် ရဲတွေ စစ်သားတွေ ရောက်လာပြီး ဈေးထဲ ဆိုင်ခန်းပိုင်ရှင်တွေရော လူတွေပါ မဝင်ဖို့ ဝိုင်းပတ် ပိတ်ဆို့ထားလိုက်တယ်။ မီးသတ်ကားတွေကတော့ အလုံးအရင်းနဲ့ လာတာ မတွေ့ရဘူး။ (၁) စီး (၂) စီးလာလိုက်၊ ရေပက်လိုက် ပြန်ထွက်သွားလိုက်၊ ဒီလောက်ပဲ။ နောက် မိုးတွေ အကြီးအကျယ် ရွာနေတာတောင် ခု (၃) နာရီ ရှိနေပြီ၊ မီးညွန့်တွေကို အပြင်က မြင်နေရတုန်းပဲ” ဟု ပြောသည်။
ယခု မီးလောင်သည့်စတုတ္ထအထပ်သည် ဆေးနှင့် ဆေးပစ္စည်း ကိရိယာများ၊ စာအုပ် စာရေးကိရိယာများ၊ ပလတ်စတစ်ပစ္စည်းများ ရောင်းချသည့် အထပ်ဖြစ်ပြီး တန်ဖိုးကြီး ပစ္စည်းများဖြစ်သကဲ့သို့ မီးလောင်လွယ်စေသည့် လောင်စာများလည်းဖြစ်ကြောင်း သိရသည်။
မင်္ဂလာဈေး၏ မြေညီထပ်နှင့် ပထမထပ်တွင် အဝတ်အထည်များ၊ ဒုတိယထပ်တွင် ဖိနပ်၊ အင်္ကျီ၊ အဝတ်အထည်၊ တတိယထပ်တွင် အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ စတီး၊ ပလတ်စတစ် စသည့် ကုန်ပစ္စည်းများ ရောင်းချကြပြီး အကြီးဆုံး လက်ကားဈေး ဖြစ်သဖြင့် ဂိုဒေါင်ကြီးတခုကဲ့သို့ ပစ္စည်းလည်း အလွန်များကြောင်း သိရသည်။
မင်္ဂလာဈေးရှေ့ (၁၂ဝ)လမ်းဘက်တွင် ဂိုဒေါင်ငှားစားသည့် ဆိုင်ခန်းပိုင်ရှင်တဦးက “မီးလောင်တာကို အပြင်ပန်း အမြင် ကြည့်လိုက်ရင် တထပ်လုံးပဲ ကုန်သွားတယ် ဆိုပေမယ့် အပူရှိန်ကြောင့် အင်္ဂတေတွေ အက်နေတာကို မြင်နေရတော့ အဲဒီ အထပ်ကြီး ပြိုကျနိုင်တယ်။ ကျနော့်ဆိုင်ခန်း တတိယထပ်မှာ ရှိနေတယ်။ ကိုယ့်ပစ္စည်းတွေ ဆုံးမလား၊ ဘယ်လောက် ပြန်ရမလဲ ကံကြမ္မာအပေါ်မှာပဲ မူတည်လိမ့်မယ်။ ဆုံးရှုံးမှုကတော့ မှန်းလို့ မတတ်ဘူး။ ဆိုင်ခန်းတခန်းကို အနည်းဆုံး ကျပ် သိန်း (၅ဝဝ)အထက် တန်ဖိုးရှိတယ်၊ ဆိုင်ခန်းပေါင်း မြောက်များစွာဆို တွက်ကြည့်ပေါ့” ဟု ပြောသည်။
မီးလောင်သည့်ကိစ္စ ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့ကို မေးမြန်းကြည့်ရာ မီးငြှိမ်းသတ်ခြင်းအလုပ် ပြီးဆုံးခြင်း မရှိသေးသည့်အတွက် တစုံတရာ ပြောဆိုရန် ငြင်းဆိုသည်။
ရန်ကုန်တိုင်း မီးသတ်ဝန်ထမ်းတဦးကမူ “ဒီမီးက ဒီညနေ ငြိမ်းရင် ကံကောင်းလို့ပဲ” ဟု ပြောသည်။
မီးသတ်ကားများရှိသော်လည်း ကရိန်းပါသည့် မီးသတ်ကားက (၂)စီးသာပါသဖြင့် မီးငြိမ်းသတ်ရာတွင် မထိရောက်ဘဲ အထပ်တထပ်လုံးလှိုက်ကာ မီးလောင်နေကြောင်း မျက်မြင်တဦးက ပြောသည်။
၎င်းက“နေ့လယ်(၁)နာရီ(၁၅)မိနစ်မှာ မိုး သဲသဲမဲမဲ ရွာတယ်။ ဒါပေမယ့် အပေါ်ထပ် အမိုး ပြိုမကျသေးတော့ မီးလောင်တာကို မငြိမ်းနိုင်ဘူး” ဟု ပြောသည်။
အဆိုပါ မင်္ဂလာဈေးသည် စတင် ဆောက်လုပ်စဉ်ကတည်းက အာဏာပိုင်များသည် ငွေကြေး ပိုမိုရရှိရန် ရည်ရွယ်ပြီး သေးငယ်သည့် အခန်းလေးများ ဖွဲ့ခြင်း၊ လျှောက်လမ်းများ အလွန်ကျဉ်းမြောင်းခြင်း၊ ဓာတ်လှေခါးသို့ သွားသည့်လမ်းများ ပိတ်နေတတ်ခြင်း၊ မီးသတ်စနစ်အတွက် ကြိုတင်ပြင်ဆင်ထားမှုမရှိခြင်း စသည့် အားနည်းချက်ပေါင်းများစွာ ရှိကြောင်း သိရသည်။
ရန်ကုန်မြို့အပါအဝင် မြို့အတော်များများတွင် လျှပ်စစ်မီး မမှန်ခြင်း၊ ပေးချင်သည့် အချိန်ပေး၊ ပျက်ချင်သည့်အချိန်ပျက်၊ မီးအားကလည်း မမှန် စသည့်အချက်များကြောင့် မကြာခဏ မီးလောင်မှုများ ဖြစ်ပွားလျက်ရှိသည်။
နအဖစစ်အစိုးရ လက်ရှိတည်ဆောက်ထားသည့် ဈေးများသည် မီးဘေးအန္တရာယ် စိုးရိမ်နေရသော်လည်း ပြည်သူများမှာ ရွေးချယ်စရာမရှိဘဲ အဆိုပါဈေးများ၌ပင် ဆက်လက် ရောင်းချနေကြရကြောင်း သိရသည်။

Geen opmerkingen: