မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 25 mei 2010

စက်ရုံကြီးတချို့လာဘ်ထိုးပြီးလျှပ်စစ်မီးသုံးစွဲခွင့်ရ

ခိုင်သွယ် Tuesday, May 25, 2010
.လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုလျော့ကျသွားခြင်းကြောင့်ရန်ကုန်ရှိစက်မှုဇုန်များကိုယာယီမီးဖြတ် တောက်ကြောင်းစစ်အစိုးရကတရားဝင်ထုတ်ပြန်ကြေညာ ထားသော်လည်းစက်ရုံကြီး တချို့လျှပ်စစ်မီး ရရှိသုံးစွဲ နေသေးကြောင်း သိရသည်။
အရှေ့ဒဂုံ၊ တောင်ဒဂုံနှင့် လှိုင်သာယာ စက်မှုဇုန်တို့ရှိ စက်ရုံကြီး တချို့သည် မီးဖြတ်လိုက်သည့်တိုင် လျှပ်စစ်မီးနှင့် စက်ရုံ ဆက်လက် လည်ပတ်နေခြင်းဖြစ်သည်။
“စက်မှုဇုန်တွေကိုမီးဖြတ်ထားတယ်လို့ပြောပြီးလျှပ်စစ်မီးခိုးရောင်းနေတာပါ၊ကျနော်တို့ဆီကစက်ရုံကြီးတရုံဆိုရင် လျှပ်စစ်မီးနဲ့ပဲ လည်ပတ်နေတာဒီကနေ့အထိပဲ၊စစ်ဆေးရေးရှိတဲ့ အချိန်လောက်ပဲသူတို့စက်ရုံက မီးစက်ကို အမောင်းပြထားတယ်”ဟုအရှေ့ဒဂုံစက်မှုဇုန်မှလုပ်ငန်းရှင်တဦးက ပြောဆိုသည်။
အဆိုပါ စက်ရုံသည် စားသောက်ကုန်ကြမ်းတမျိုး ထုတ်လုပ်ရာတွင် မြန်မာနိုင်ငံ၏ အကြီးဆုံး စက်ရုံကြီးဖြစ်ပြီး စက်ရုံပိုင်ရှင်သည် စစ်အာဏာပိုင်များနှင့် နီးစပ်သော သောကြောင့် အထူးအခွင့်အရေး ရနေခြင်းဖြစ်ကြောင်း အဆိုပါ လုပ်ငန်းရှင်က ပြောသည်။
မေလ ၁၄ ရက်နေ့မှ စ၍ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များ၊ မြို့တွင်း စက်မှုလက်မှု လုပ်ငန်းများ၊ ကုန်တိုက်၊ စူပါမားကက်နှင့် ဟိုတယ်အားလုံးကို လျှပ်စစ်မီး လုံးဝ ဖြတ်တောက်လိုက်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။
“ပြည်သူတွေကိုမီးပေးနိုင်ဖို့ရည်ရွယ်ပြီးအခုလ၁၅ ရက်ကစပြီးစီးပွားရေးလုပ်ငန်းတွေကို ဖြတ်လိုက်တာပါ။ လူနေအိမ်တွေကိုအုပ်စုခွဲပြီးအခုတရက်ကိုမီး၆နာရီပေးနိုင်ဖို့အတွက် စက်မှုဇုန်တွေကို မီးဖြတ်လိုက်တာ” ဟု အဆိုပါ ကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။
လျှပ်စစ်မီးနှင့်ဆက်လက်လည်ပတ်နေသောစက်ရုံကြီးများသည်သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ လျှပ်စစ်ရုံးများသို့ပုံမှန်လစဉ်ကြေးကျပ်၁၀သိန်းမှသိန်း၂၀၀န်းကျင်အထိ ပေးရပြီး လျှပ်စစ်မီး ဖြတ်ထားသည့် မေလတွင် စက်ရုံတရုံလျှင် သိန်း ၂၀ ထပ်ဆောင်း ပေးရကြောင်း သိရသည်။
“ကျနော်တို့စက်ရုံအနေနဲ့မီးစက်နဲ့သာလည်ရင်ဘယ်လိုမှမကိုက်နိုင်ပါဘူး၊စက်တလုံးကမီးစက်နဲ့ မောင်းမယ်ဆိုရင်တနာရီကိုပဲဂါလန်၅၀(တပီပါ)လောက်ကုန်တယ်၊စက်ရုံက၂၄နာရီအဆိုင်းနဲ့လည်နေတာ ဆိုတော့ လျှပ်စစ်မီးကိုပဲ
အဓိကထားရတယ်”ဟုလှိုင်သာယာစက်မှုဇုန်ရှိ လျှပ်စစ်မီးနှင့် လည်ပတ်နေသော စက်ရုံမှ ၀န်ထမ်းတဦးက ပြောသည်။
လှိုင်သာယာ စက်မှုဇုန်မှ စက်ရုံ ၀န်ထမ်းတဦးကလည်း ၎င်းတို့ စက်ရုံအနေဖြင့် မီးစက်ဖြင့် လည်ပတ်ပါက ဒီဇယ်ဖိုး ကုန်ကျစရိတ်မှာ တနာရီလျှင် ကျပ် ၁ သိန်းခွဲခန့် ရှိသောကြောင့် ၁၀ နာရီလည်ပါက ကျပ်သိန်း ၁၅၀၊ ၂၄ နာရီလည်မည်ဆိုပါက ဆီဖိုးမှာ မည်သို့မှ မကိုက်နိုင်သောကြောင့် လျှပ်စစ်ရုံးနှင့် ညှိပြီး လည်ပတ်နေခြင်း ဖြစ်ကြောင်း ပြောပြသည်။
“ပိုက်ဆံ တတ်နိုင်တဲ့ စက်ရုံတွေနဲ့ အစိုးရအထိ ပေါက်ပေါက်ရောက်ရောက်ရှိတဲ့ လုပ်ငန်းရှင်တွေကတော့ လျှပ်စစ်ရုံးတွေကို
ပိုက်ဆံပေးပြီး လည်နေကြတာပဲ၊ အဲဒီလို လည်လို့ ပြဿနာဖြစ်ရင်လည်း သူတို့က ဗိုလ်ချုပ်တွေနဲ့ ပတ်သက်မှုရှိတော့ ဘာမှ မဖြစ်ဘူး။ တကယ်တမ်း ခုလိုအချိန်မှာ အစိုးရ မီးဖြတ်နိုင်တာဆိုလို့ သာမန်ပြည်သူတွေနဲ့ စက်ရုံသေးလေးတွေပဲ ရှိတယ်၊ စက်ရုံကြီးတွေကိုတော့ သူတို့ ဘယ်လိုမှ မကိုင်နိုင်ပါဘူး” ဟု တောင်ဒဂုံ စက်မှုဇုန်မှ လုပ်ငန်းရှင်တဦးက ပြောသည်။
အငယ်နှင့် အလတ်စား စက်ရုံများတွင် မီးစက်ဖြင့် လည်ပတ်မည်ဆိုပါက တရက်လျှင် ဒီဇယ် ဂါလန် ၃၀ မှ ၅၀ ၀န်းကျင်အထိ အသုံးပြုရမည် ဖြစ်ပြီး ကုန်ကျစရိတ်မှာလည်း တရက်လျှင် အနည်းဆုံး ကျပ် ၂ သိန်းခန့် ရှိသောကြောင့် မတတ်နိုင်ဘဲ ရပ်ထားရခြင်း ဖြစ်ကြောင်း သိရသည်။
မီးဖြတ်ထားချိန်တွင် ဝယ်လိုအား မြင့်တက်လာသည့်အတွက် ဒီဇယ်ဈေးတက်သွားပြီး တဂါလန်လျှင် ၃၂၀၀ ကျပ်မှ ၃၃၀၀ ကျပ်ထိ ဖြစ်လာကြောင်း သိရသည်။
စစ်အစိုးရက ရန်ကုန်မြို့နေ ပြည်သူများကို တရက်လျှင် လျှပ်စစ်မီး ၆ နာရီ ပေးမည်ဟု ဆိုသော်လည်း မီးပေးသည့် အချိန်အတွင်း အကြိမ်ကြိမ် ပြတ်တောက်ခြင်း၊ သတ်မှတ်ချိန်အတိုင်း မရခြင်း၊ မီးအား အလွန်နည်းခြင်းများကို ကြုံတွေ့ရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ နှစ်ခုပေါင်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ စုစုပေါင်း၆၆၀ မီဂါဝပ်ရှိကြောင်း၊ထိုမှ၅၀ရာခိုင်နှုန်းကို ရန်ကုန်မြို့တွင်းအတွက် သုံးစွဲနေခြင်းဖြစ်ကြောင်း၊ သို့သော်ရန်ကုန်မြို့၏အမှန်တကယ်လိုအပ်ချက်မှာမီဂါဝပ်၆၀၀ကျော်ဖြစ်ကြောင်းပြည်တွင်း သတင်းဂျာနယ်တစောင်က ဖော်ပြသည်။
ရန်ကုန်တိုင်းရှိအရှေ့ပိုင်း၊အနောက်ပိုင်း၊တောင်ပိုင်းနှင့်မြောက်ပိုင်းခရိုင်ဇုန်ကြီး၎ခုအနက်အရှေ့ပိုင်းနှင့် မြောက်ပိုင်းခရိုင်များတွင်သာစက်မှုလုပ်ငန်းအများစုလုပ်ကိုင်လျက်ရှိပြီး၊ လည်ပတ်နေသောစက်ရုံပေါင်း ၄၃၀၀ကျော်နှင့်အလုပ်သမား၂သိန်းခန့်ရှိကြောင်း စာရင်းဇယားများအရ သိရသည်။
အရှေ့ပိုင်းခရိုင်ရှိ စက်မှုဇုန်များတွင် တောင်ဒဂုံ စက်မှုဇုန် ၁ မှ ၃ အထိ၊ အရှေ့ဒဂုံစက်မှုဇုန်၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန်၊ တောင်ဥက္ကလာ စက်မှုဇုန်၊ မြောက်ဥက္ကလာ စက်မှုဇုန်နှင့် သာကေတ စက်မှုဇုန်တို့ ပါဝင်သည်။
မြောက်ပိုင်းခရိုင်ရှိစက်မှုဇုန်များတွင်လှိုင်သာယာစက်မှုဇုန်၁မှ၇အထိ၊ရွှေလင်ပန်းစက်မှုဇုန်၊ငွေပင်လယ် စက်မှုဇုန်၊ရွှေသံလွင်စက်မှုဇုန်၊ရွှေပြည်သာစက်မှုဇုန်၁၊၂၊၃၊၄၊သာဓုကန်စက်မှုဇုန်၊၀ါးတရာစက်မှုဇုန်၊ မင်္ဂလာဒုံ စက်မှုဇုန်၊ ရန်ကုန် စက်မှုဇုန်နှင့်၊ ရွှေပေါက်ကံ စက်မှုဇုန်တို့ ပါဝင်သည်။
စက်မှုလုပ်ငန်းများတွင် လူသုံးကုန်ပစ္စည်း စက်ရုံများ၊ အထည်ချုပ် စက်ရုံများ၊ ဖိနပ် စက်ရုံများ၊ စားသောက်ကုန် စက်ရုံများမှာ အများစုဖြစ်သည်။ စက်မှုဇုန်များကို ၁၉၉၅ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံတဝန်းတွင် စက်ရုံပေါင်း တသိန်းကျော် ရှိနေပြီဖြစ်သည်။

Geen opmerkingen: