မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 19 mei 2010

ရှပ်နီဆန္ဒပြမှုချင်းမိုင်ကိုကူးစက်

ဧရာဝတီ Wednesday, May 19, 2010
.ဘန်ကောက် မြို့တွင် ဆန္ဒပြနေသည့် ရှပ်နီ ခေါင်းဆောင်များက အညံ့ခံကြောင်း မွန်းလွဲ ၁ နာရီခွဲမှာ ကြေညာပြီး ဒုတိယမြို့တော် ချင်းမိုင်ရှိ ရှပ်နီတို့က မွန်းလွဲ ၂ နာရီတွင် ၎င်းတို့၏ ဆန္ဒပြပွဲကို အရှိန်အဟုန် မြှင့်တင်လိုက်သည်။
                                           ချင်းမိုင် ရှပ်နီခံတပ် (ဓာတ်ပုံ - ဧရာဝတီ)
ဧရာဝတီ သတင်းထောက် မင်းနိုင်သူ၊ စိုင်းဇွမ်ဆိုင်း တို့က ဆန္ဒပြသည့် နေရာများသို့ သွားရောက် သတင်းယူခဲ့သည်။
ဦးစွာ ရှပ်နီ ၁၀၀ ကျော် ဆန္ဒပြသည့် န၀ရတ်တံတားအနီး မြင်ကွင်းကို သတင်းထောက် မင်းနိုင်သူက အောက်ပါအတိုင်း သတင်း ပေးပို့ထားသည်။
ချင်းမိုင်မြို့လယ်မှာ ရှိတဲ့ ချင်းမိုင်မြို့တော်ဝန်ရဲ့ အိမ်ရှေ့၊ န၀ရတ် တံတားထိပ်မှာ ရောက်နေတဲ့ ရှပ်နီတွေက ဆန္ဒပြပွဲကို ကားတာယာ ၁ လုံး ဓာတ်ဆီလောင်း မီးရှို့ခြင်းနဲ့ စတင် လိုက်ကြတာပါ။
တာယာ ၁ လုံး လောင်ကျွမ်းပြီးလု ဆဲဆဲမှာပဲ နောက်တာယာတွေ ထပ် ထပ် ထည့်ပြီး ရှပ်နီတွေက သူတို့ရဲ့ ပေါက်ကွဲမှုကို အရှိန် မြှင့်ကြပါတယ်။
ဒီအချိန်ထိ ချင်းမိုင်မြို့တော်ဝန်ရဲ့ အိမ်ရှေ့မှာ ထိုင်းစစ်သားတွေရဲ့ အရိပ်အယောင်ကို မမြင်တွေ့ရပါဘူး။ ယာဉ်လမ်းကြော ရှင်းလင်းပေးတဲ့ ရဲတချို့က ရှပ်နီတွေရဲ့ တံတားထိပ် မီးရှို့မှုကို စောင့်ကြည့်နေကြပါတယ်။ ချင်းမိုင်မြို့တော်ဝန်ရဲ့ ခြံအတွင်းက စစ်သားနဲ့ လုံထိန်း တချို့ကလည်း မီးရှို့တာကို ကြည့်ရှုနေကြပါတယ်။ အချုပ်ကား ၂ စီး ရပ်ထားတာကို တွေ့ရပါတယ်။
ဒီနေရာဟာ ကမ္ဘာလှည့် ခရီးတွေ ပျော်မွေ့ရာ ချင်းမိုင်ညဈေးနဲ့ မလှမ်းမကမ်းမှာ တည်ရှိပါတယ်။
ကားတာယာ ၄ လုံး မီးရှို့ အပြီးမှာတော့ တံတားထိပ်က ရှပ်နီတွေမှာ ကားတာယာ ကုန်သွားပုံရပါတယ်။ သူတို့အုပ်စုထဲက ကားတချို့က တနေရာကို မောင်းနှင်သွားကြပါတယ်။
သိပ်မကြာခင်မှာပဲ ကားတွေ ပြန်ရောက်လာပြီး ရှပ်နီအများအပြား တင်ဆောင်လာတာ တွေ့ရပါတယ်။ ကားတာယာတွေလည်း ပါလာပါတယ်။
ရှပ်နီတချို့က ခြံအတွင်းကို မီးလောင်စတွေ ပစ်သွင်းလိုက်လို့ သစ်ပင်တချို့လည်း မီးစွဲလောင်သွားပါတယ်။ တဖြည်းဖြည်းနဲ့ မီးတောက်တွေဟာ မြို့တော်ဝန်အိမ်ကို ၀ိုင်းထားပါပြီ။
ဒီအချိန်မှာပဲ ထိုင်းစစ်ကား၂ စီး ၀င်ရောက်လာပြီး မလှမ်းမကမ်းမှာ ရပ်ထားလိုက်ကြပါတယ်။ စစ်ကား ၂ စီး ရောက်လာချိန်မှာ လမ်းတဘက်မှာ ရှိနေတဲ့ ရှပ်နီတွေဘက်က သေနတ်သံတွေ၊ မီးပန်းဖောက်သံတွေ ပေါ်ထွက်လာတာပါ။
စစ်ကား ၂ စီး နောက်ကို ပြန်ဆုတ်သွားချိန်မှာ ရှပ်နီ တချို့ ရှေ့တက်လာပါသေးတယ်။ ဒါပေမယ့် စစ်ကားထဲက စစ်သားတွေဟာ ဆင်းလာပြီး လမ်းမကြီးတလျှောက်မှာ စစ်သား ၄၀ လောက်နဲ့ ဒုတ်၊ ဒိုင်းကိုင် လုံခြုံရေးရဲ ၂၀ ၀န်းကျင် မြို့တော်ဝ် အိမ်ဘက်ကို ချီတက်ကြချိန်မှာ ရှပ်နီတွေ ပြန်ဆုတ်ပါတယ်။
ဒီအချိန်မှာ သေနတ်သံတွေ ခပ်စိပ်စိပ် ပြန်လည် ထွက်ပေါ်လာပါတယ်။ အနီတွေဘက်က ပစ်တာလား စစ်တပ်က ပစ်တာလား ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိနိုင်ပါဘူး။ မီးတောက်တွေ မီးခိုးတွေ ၊ မီးပန်း ဖောက်သံတွေနဲ့ အခြေနေတွေ ရှုပ်ထွေးသွားပါတယ်။
ညနေ ၃ နာရီခွဲ ကျော်ကျော်မှာတော့ ချင်းမိုင် ရှပ်နီတွေလည်း လူစုကွဲသွားပြီး စစ်တပ်က ဆန္ဒပြရာ နေရာတ၀ိုက်ကို ထိန်းချုပ်လိုက်တာကို တွေ့ရပါတယ်။ အခြေအနေတွေ ရှုပ်ထွေးနေတာကြောင့် သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံရသူ ရှိမရှိ မသိရသေးပါဘူး။
ဧရာဝတီ သတင်းထောက် စိုင်းဇွမ်ဆိုင်းကလည်း ရှပ်နီတို့၏ သပိတ်စခန်း နှင့် န၀ရတ် တံတား ဆန္ဒပြပွဲတို့တွင် သူမြင်တွေ့ခဲ့ရသည်များကို အောက်ပါ အတိုင်း ပြောပြသည်။
န၀ရတ် တံတားထိပ်ကို ကျနော် ရောက်သွားတော့ အသက် နှစ်ဆယ့်ငါး ပတ်ဝန်းကျင် ရှပ်နီဝတ် အမျိုးသား တယောက်က လက်ထဲမှာ ဝါးရင်းတုတ် တချောင်းကိုကိုင်ပြီး “ဘာအင်တာဗျူးမှ လုပ်ခွင့်မပေးနိုင်ဘူး၊ ဘာဓာတ်ပုံမှလည်း လာမရိုက်ကြနဲ့၊ ဒီနေ့က ငါတို့ရဲ့ နောက်ဆုံးနေ့” လို့ ကျနော့်ကို ပြောပါတယ်။
အသက်ကြီးကြီး အဘွားအိုတဦးကလည်း “ပြည်သူတွေကို မသနားတဲ့ အစိုးရ၊ ချက်ခြင်း ဖျက်သိမ်းပေးပါ။ အစိုးရ လုပ်ရပ်တွေကို လက်မခံနိုင်ဘူး” လို့ အော်ဟစ်နေပါတယ်။
န၀ရတ် တံတားမှာတော့ “ဆန္ဒပြသူတွေက စစ်သားတွေ ပြန်ထွက်သွား၊ ပြည်သူတွေကို အနိုင်ကျင့်ဦး မလို့လား” လို့ အော်နေကြပါတယ်။
လုံခြုံရေး တာဝန် ယူနေသော ရဲတဦးမှ မြို့တော်ဝန် အိမ်တံခါးပေါက်ဆီကို ညွှန်ပြပြီး အသေးစား လက်ပစ်ဗုံး ဒါမှ မဟုတ် ပေါက်ကွဲစေတတ်တဲ့ အရာတခုခုကို အသုံးပြုသွားခဲ့တယ်လို့ ရှင်းပြပါတယ်။ မြို့တော်ဝန်အိမ်ရဲ့ ဂိတ်ပေါက် အောက်ခြေက ဟောင်းလောင်း ပေါက်ထွက်နေပါတယ်ဒ။
အဲဒီနေရာမှာ ရောက်နေတဲ့ အင်္ဂလန်နိုင်ငံမှ ဂျွန် ဆိုသူကလည်း “ချင်းမိုင်ကို ဒီနေ့ မနက်ကမှ ကျနော်ရောက်တာပါ၊ အစတုန်းကတော့ ဘန်ကောက်က အနီခေါင်းဆောင်တွေ အဖမ်းခံပြီး နောက်ပိုင်း အခြေအနေတွေ အေးချမ်းသွားမယ်လို့ ထင်ထားခဲ့တယ်။ ခုတော့ အခြေအနေက တမျိုးဖြစ်နေပြီ” လို့ သူ့အမြင်ကို ပြောပါတယ်။
မီးသတ်ကားတွေ ရောက်လာပြီး မီးလောင်နေတဲ့ တာယာတွေကို ငြိမ်းသတ်ကြပါတယ်။ နောက်ပိုင်းမှာ ရဲတွေနဲ့ စစ်သားတွေလည်း ချင်းမိုင်မြို့ တာဖဲဂိတ်တံခါး နားက ဘန်ကောက်ဘဏ်ရှေ့မှာ ဆန္ဒပြတဲ့ ရှပ်နီတွေနောက် လိုက်သွားကြပါတယ်။
ဝန်ကြီးချုပ်ဟောင်း သက်ရှင်ကို ထောက်ခံတဲ့ ရှပ်နီ အမျိုးသားတယောက်ကတော့ “ဒီလို အခြေအနေမျိုးမှာ အဖိဆစ် အစိုးရက ကောင်းတယ်၊ မကောင်းဘူး ဆိုတာ လူတိုင်း သိပါ တယ်။ ဒါပေမယ့် ဒီမနက်က ကျနော်တို့ ခေါင်းဆောင်တွေရဲ့ အဖြစ်ကိုတော့ ကျနော် လက်မခံချင်ဘူး”လို့ န၀ရတ် တံတားထိပ်မှာ ကျနော့်ကို ပြောပါတယ်။
သပိတ်စခန်းကိုလည်း ကျနော် ရောက်ခဲ့ပါတယ်။ အဲဒီမှာ မော်တော်ကား တာယာတွေကို သယ်တာလည်း တွေ့ခဲ့ပါတယ်။ နိုင်ငံခြားသား မျက်နှာဖြူတွေလည်း တာယာတွေကို မော်တော်ကားတွေပေါ် တင်နေကြတာ တယောက်စ နှစ်ယောက်စ တွေ့ခဲ့ရပါတယ်။
သပိတ်စခန်းမှာ အဲဒီလို ကြည့်နေတုန်း မှာပဲ အယောက် ၂၀ လောက် ရှိတဲ့ ရှပ်နီတွေ ကျနော့်ဆီကို ဝါးရင်းတုတ်တွေ ဆွဲပြီး ရောက်လာပါတယ်။
“မင်းတို့က ဘယ်သူတွေလဲ၊ ဘယ်ကလဲ၊ ဘာကိစ္စ ဓါတ်ပုံရိုက်တာလဲ” စသဖြင့် မေးခွန်းပေါင်း မြောက်မြားစွာ မေးပါတယ်။ တော်တော်လေးကြာမှ ကျနော့်ကို အဲဒီနေရာကနေ သွားခွင့်ပြုပါတယ်။

Geen opmerkingen: