မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 22 mei 2010

မိုးရွာလမ်းပျက်၊ရေလှူသူများအခက်အခဲဖြစ်

အေးချမ်းမြေ့ Saturday, May 22, 2010
.ရန်ကုန် တောင်ပိုင်းခရိုင် သုံးခွမြို့နှင့် အနီးတဝိုက်ရှိ သောက်သုံးရေ ရှားပါးပြတ်လပ်နေသော ကျေးရွာများသို့ သန်လျင်မြို့ခံများ ရေ သွားရောက် လှူဒါန်းရာ မိုးရွာ၍ လမ်းများပျက်သဖြင့် အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။
ယခုနှစ် အပူချိန်မြင့်တက်လာ သောကြောင့် ကန်ရေကိုသာ အားပြုသုံးစွဲနေရသည့် သုံးခွမြို့နှင့် အနီးနား ပတ်ဝန်းကျင် ရွာများ ရေဒုက္ခရောက်ကြရသည်။

  ကျောင်းစုကျေးရွာတွင် ရေသယ်နေကြစဉ်
မကြာသေးခင်က မိုးရွာသွန်းသော်လည်း ရေအသုံးပြုနိုင်လောက်အောင် ရွာသွန်းခြင်းမရှိဘဲ မြေလမ်းများ ပျက်စီးကုန်သဖြင့် ဆိုင်ကယ်များဖြင့် ရေသွားရောက်လှူဒါန်းသူများ အခက်အခဲ တွေ့နေရသည်ဟု ရေလှူဒါန်းရာတွင် ပါဝင်သူများက ပြောသည်။
အဆိုပါဒေသရှိ ရွာကြီးများ ဖြစ်ကြသော သိုက်တူးကန်၊ သူဌေးကွင်း၊ ပုလဲ၊ ဘော့သပြေကန် အစရှိသည့် ရွာကြီးများနှင့် အနီး တဝိုက်ရှိ ကွင်းများထဲတွင် အဆင်ပြေသလို တည်ထားသော ရွာငယ်ကလေးများမှာ ရေပြတ်လပ်သည့် ဒုက္ခကို လုံးဝ ရင်ဆိုင်နေရသည်ဟု ရေလှူဒါန်းမှုတွင် ဦးဆောင်ပါဝင်နေသူ သန်လျင်မြို့ခံတဦးက ဆိုသည်။
“လမ်းမနဲ့ နီးတဲ့ ရွာကြီးတွေက ရေကားတွေလာရင် တားပြီး ရေသယ်ကြတယ်။ ကွင်းထဲက ဖြစ်သလို တည်ထားတဲ့ ရွာလေးတွေ ကျတော့ ဘယ်လိုမှ အဆင်မပြေဘူး”ဟု သူက ပြောသည်။
အဆိုပါ ရွာငယ်ကလေးများတွင် အိမ်ခြေ ၂၀ ဝန်းကျင်ခန့်သာရှိပြီး ကျောင်းစု၊ ပျဉ်းမကုန်း အစရှိသဖြင့် ရွာနာမည်ကိုလည်း အဆင်ပြေသလို ပေးထားသည့် ရွာများဖြစ်သည်။ တချို့ ရွာများကို လူအမည်မှည့်ခေါ်ထားကြောင်း သိရသည်။
ရေလှူဒါန်းရေးအတွက်ကူညီကြသည့်သန်လျင်မြို့နယ် နာရေးကူညီမှုအသင်းနှင့် မြို့ခံ ဆိုင်ကယ်သမားများ
“ရေကို ကားနဲ့ သယ်သွားတယ်။ ကားက ရွာအထိ သွားလို့မရဘူး။ အရင်ကမြေလမ်းတွေမှာ ဖုန်ဘယ်လောက် ထူထူ ဆိုင်ကယ်တွေနဲ့ ရွာထဲအထိ သွားနိုင်တယ်။ အခုကတော့ မိုးရွာလာလို့ သွားလို့ကို မရတော့ဘူး” ဟု သန်လျင်မြို့ခံ ဆိုင်ကယ် တက္ကစီ မောင်းသူ တဦးက ပြောသည်။
သန်လျင်မြို့ နာရေးကူညီမှုအသင်း၏ ဦးဆောင်မှုဖြင့် မြို့မိမြို့ဘများက လှူဒါန်းသည်ကို သန်လျင်မြို့ခံ ဆိုင်ကယ် တက္ကစီများက ပါဝင်ကူညီ ကြခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ရေက လူတွေတင် ငတ်တာမဟုတ်ဘဲ နွားတွေပါ ငတ်ကုန်တာ။ ကန်ရေ လက်ကျန်လေးကို လူလည်းသုံး ရသလောက် နွားတွေ ကိုလည်း တိုက်နေရာက မိုးရွာလိုက်တော့ ရေတွေဗွက်ထပြီး လူလည်း သုံးမရ၊ နွားတွေလည်း တိုက်လို့ မရတော့ဘဲ ဖြစ်သွား တယ်”ဟု ဒေသခံတဦးက ဆိုသည်။
ရေကို သန်လျင်မြို့ပေါ်မှ အလှူရှင်တဦးဦး၏ အဆင်ပြေသည့် ကားဖြင့် သယ်သွားကာ ကားဆက်မသွားနိုင်သည့် နေရာတွင် ပလတ်စတစ်အိတ်များနှင့် ရေကို ပြောင်းထည့်ပြီး ဆိုင်ကယ်များဖြင့် ရွာများအထိ သယ်ယူကြရကြောင်း သိရသည်။
                         သန်လျင်မြို့တွင်းရှိ ရေအလှူရှင်ထံမှ ရေကို ကားဖြင့် ယခုကဲ့သို့ သယ်ယူကြရ
“ကားကတော့ အစုံပဲ ဂျစ်ကားပါတယ်၊ ဟိုင်းလပ်စ်၊ ဒိုင်နာ၊ တောကားလို့ ခေါ်တဲ့ ဒေါ့ဂျစ်ကားကြီးတွေထဲမှာ တာလပတ်စတွေနဲ့ ကန်လုပ်ပြီး ရေထည့်သွားတာမျိုးကောပဲ။ တနေ့တနေ့ကို ဘယ်နှကားမှန်းတောင် မသိဘူး။ ဒါပေမယ့် တနေ့ကို တအိမ် တထမ်း လောက်ပဲ ပေးနိုင်တယ်”ဟု ရေလှူဒါန်းမှုတွင် ဦးဆောင် ပါဝင်နေသူ တဦးက ပြောသည်။
ရေထည့်သည့် ပလတ်စတစ်အိတ်များကို သန်လျင် မြို့ခံများက လှူဒါန်းပြီး တအိတ်လျင် ကျပ် ၆၀၀ ကျကြောင်း၊ အဆိုပါ အိတ် တအိတ်လျှင် ရေ ၂ ထမ်းဆံ့ကြောင်း သိရသည်။
“မနေ့ကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အလံတွေတပ်ထားတဲ့ ဒိုင်နာကားတွေ ရေတင်ပြီး မြို့ထဲက ဖြတ်မောင်း သွားတာ တွေ့လိုက်တယ်”ဟု ရေလှူဒါန်းမှုတွင် ဦးဆောင် ပါဝင်နေသူက ဆိုသည်။

Geen opmerkingen: