မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 25 mei 2010

ဗုံးပေါက်ကွဲမှု၊နယ်ခြားစောင့်တပ်ကိစ္စKIOနှင့်စစ်အစိုးရဆွေးနွေး

သန်းထိုက်ဦး Tuesday, May 25, 2010
.စစ်အစိုးရ တာဝန် ရှိသူများနှင့် KIO အဖွဲ့ ခေါင်းဆောင် တချို့ နယ်ခြား စောင့်တပ် အသွင်ပြောင်းရေး အပါအ၀င် မြစ်ဆုံ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၌ လွန်ခဲ့သည့် တပတ်က တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရသည်။
KIAတပ်ဖွဲ့ဝင်များ၂၀၀၈ခုနှစ်အတွင်းကအခမ်းအနားတခုတွင်စစ်ရေးပြနေစဉ်(ဓာတ်ပုံ Kachinstate.com)
အဆိုပါ စစ်ဌာနချုပ်မှ တိုင်းမှူးဗိုလ်ချုပ်စိုးဝင်းကကချင်လွတ်လပ်ရေးအဖွဲ့(KIO)မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာနှင့်ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် တို့ကို တွေ့ဆုံ ဆွေးနွေး ခဲ့သည်ဟု KIO အဖွဲ့မှ တာဝန် ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။
“နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းရေးကိစ္စနဲ့ပတ်သက်ပြီးတော့ကျနော်တို့လုပ်နေတဲ့အနေ အထားတွေဘယ်လောက်အထိလုပ်ပြီးပြီလဲ၊ဘာကိစ္စရှိလဲ၊ရှိရင်ဖြေရှင်းမယ် ဆိုတဲ့ သဘောမျိုး ခေါ်တွေ့တာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။
ဆက်လက်၍ ကချင်ပြည်နယ် မြစ်ဆုံ ရေကာတာ စီမံကိန်းအနီး ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ မသင်္ကာမှုဖြင့် ဖမ်းဆီး ခံထားရသော ကချင် လူငယ်များ၏ ကိစ္စများကိုပါ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
“ဥပဒေ အရ အစိုးရက ခေါ်စစ်တယ်၊ အပြစ်ရှိတယ်ဆိုရင် ခံယူပါမယ်၊ နောက်ပြီး သူတို့ တကယ်လို့ ဥပဒေ အရ အပြစ်ရှိတယ်လို့ ယူဆလို့ရှိရင် ကျနော်တို့ ဆီက လူတွေနဲ့ တွေ့ခွင့်ပေးပါ၊ ရှေ့နေ ငှားခွင့်ပေးပါ၊ အဲဒီ လောက်တော့ ပြောထားပါတယ်”ဟု KIO တာဝန်ရှိသူက ပြောသည်။
ယင်း ဗုံးပေါက်ကွဲမှု နှင့် ကချင်လူငယ် ၆ ဦးခန့်ကို အာဏာပိုင်များက ခေတ္တ ထိန်းသိမ်းထားပြီး တချို့လူငယ်များကိုလည်း ယမန်နေ့ အထိ လိုက်လံ ဖမ်းဆီး၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဒေသ နေရာ ၄ ခုတွင် ဗုံးပေါက်ကွဲခဲ့သည့် လွန်ခဲ့သော ဧပြီလ ၁၇ ရက်နေ့မှ စတင်၍ အစိုးရ အာဏာပိုင်များက ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယခု အထိန်းသိမ်းခံထားရသူများမှာ ကချင်လူငယ်များဖြစ်ပြီး ယခင်ကKIOမှပေးသော လူမှုရေး သင်တန်းများ တက်ရောက်ခဲ့ သူများ ဖြစ်ကြောင်း သိရသည်။
မြစ်ဆုံရေကာတာ တည်ဆောက်ရေး စီမံကိန်းကို စစ်အစိုးရ၏ အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဌာနနှင့်တရုတ်အစိုးရပိုင်CPI ကော်ပိုရေးရှင်းတို့မှ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။
ထို စီမံကိန်းကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမြင့်နိုင် ခေါ် စတီဗင်လောပိုင် အေရှားဝေါလ် ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
ယခုလဆန်းပိုင်း ၉ ရက်နေ့ကလည်း စစ်ဖက်ရေးရာ လုံခြုံရေးဌာနမှ ဗိုလ်မှူးကြီး သန်းထွဋ်သိန်း၊ အရှေ့မြောက်တိုင်း စစ် ဌာနချုပ် စစ်ဦးစီး ပထမတန်း ဒုတိယ ဗိုလ်မှူးကြီး ထွန်းထွန်းကြည်တို့ ပန်ဆန်းသို့ ရောက်လာပြီး UWSA ခေါင်းဆောင်များနှင့် ဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြောင်း သတင်းများက ဆိုသည်။
ပြီးခဲသည့် ကြာသပတေးနေ့က ရှမ်းပြည် အရှေ့ပိုင်း မက်မန်းမြို့တွင် ဒေသအတွင်းရှိ ပြည်သူ့စစ်များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲဖွဲ့စည်းသည့် အခမ်းအနား ကျင်းပခဲ့သည်။
စစ်အစိုးရက အပစ်ရပ်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့ သော်လည်း ယခုအချိန် အထိ NDA-K၊ကယားပြည်နယ် အထူးဒေသ၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ ၁ တို့သာ နယ်ခြား စောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်သည်။
စစ်အစိုးရက တောင်းဆို ထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပျက်ကွက်ပါက အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မတရားအသင်း အဖြစ် ကြေညာနိုင်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

Geen opmerkingen: