မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 25 mei 2010

မင်္ဂလာဈေးကိုအထပ်လိုက်ဖြိုချ၍ပြန်ဆောက်မည်ဟုဆို

မိုးယံ Tuesday, May 25, 2010
.မီးလောင် ကျွမ်းခဲ့သော မင်္ဂလာဈေး အဆောက် အအုံ အရည်အသွေး စစ်ဆေး တွေ့ရှိချက်ပေါ် မူတည်၍ အထပ်လိုက် ဖြိုချမှုများ ပြုလုပ်ကာ ပြန်လည် တည်ဆောက်ပြီး ဆိုင်ခန်းပိုင်ရှင် များကို နေရာပြန်လည် ချထားပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးအောင်သန်းဦးက ပြောသည်။
                                                  မင်္ဂလာဈေးမီးလောင်ပြီးစမြင်ကွင်း(ဓာတ်ပုံ-ဧရာဝတီ)
မီးလောင် ကျွမ်းခဲ့သော မင်္ဂလာဈေး စတုတ္တထပ်နှင့် အပေါ်ဆုံး ထပ်ရှိ စားသောက် ဆိုင်ခန်းများမှ ဈေးသူ ဈေးသား များကို ဗဟန်း မြို့နယ် အတွင်းရှိ မင်္ဂလာဈေး ဓမ္မာရုံတွင် ယနေ့ နေ့လယ်က ခေါ်ယူ တွေ့ဆုံစဉ် အထက်ပါ အတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။
မင်္ဂလာ ဈေးသည် အချိန် ကြာမြင့်စွာ မီးလောင် ကျွမ်းခဲ့ရ သောကြောင့် အဆောက် အအုံ၏ အပေါ်ထောင့် ၄ ထောင့်တွင် အက်ကွဲ ကြောင်းများ ဖြစ်လာပြီး ပြိုကျရန် အလားအလာ များရှိနေရာ အပေါ်ဆုံးထပ်၊ စတုတ္တ ထပ်နှင့် တတိယထပ်ကို ဖြိုချမည်ဖြစ်ကြောင်း သိရသည်။
လတ်တလော စစ်ဆေးချက်များအရ မင်္ဂလာဈေးကြီး တခုလုံးကို ဖြိုချပစ်ရန် အစီအစဉ်မရှိသေးကြောင်း ဦးအောင်သန်းဦးက ဆိုသည်။
မီးလောင်ကျွမ်းသော အဆောက်အအုံကို စည်ပင်သာယာနှင့် မီးသတ်တို့က ခံနိုင်ဝန်အား စစ်ဆေးမှုများ ရက်ပိုင်း အတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့သော စတုတ္တထပ်နှင့် အပေါ်ဆုံးထပ်ရှိ ဆိုင်ခန်းပိုင်ရှင်များကိုပထမဦးစားပေးအနေနှင့်မီးလောင်ပြင်ကို ကြည့်ရှုခွင့်ပေးကာ မီးထဲသို့ ပါသွားခြင်း မရှိသောအထပ်များမှဆိုင်ခန်းပိုင်ရှင်များကိုအုပ်စုခွဲပြီးပစ္စည်းများသယ်ယူရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း မင်္ဂလာဈေးကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။
“စတုတ္ထထပ်နဲ့ အပေါ်ဆုံးထပ်ကတော့ အကုန်လောင်သွားပြီ၊ ဓာတ်လှေခါးတွေ၊ စက်လှေကားတွေ ပြိုကျပြီး လမ်းတွေ ပိတ်နေတယ်” ဟူ၍ မင်္ဂလာဈေး၏ လက်ရှိအခြေအနေကို ဦးအောင်သန်းဦးက ရှင်းပြသည်။
မင်္ဂလာဈေး မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးရသည့် တန်ဖိုးမှာ ကျပ် ဘီလီယံချီ ရှိသောကြောင့် ဈေးကြီးကို တလခွဲ၊ နှစ်လနီးပါး အချိန်အတွင်း ပြန်လည်တည်ဆောက်ပြီး ဈေးသူဈေးသားများကို နေရာပြန်လည် ချထားပေးမည်ဖြစ်ကြောင်း ဈေးသူဈေးသားများရှေ့တွင် ၎င်းက ကတိပေးပြောကြားသည်။
“ယာယီဖွင့်လှစ်ဖို့အတွက် နေရာပြန်ချပေးမယ်လို့ပြောတယ်။ လောလောဆယ် ဘယ်မှာ ချပေးမလဲ ဆိုတာ မပြောသေးဘူး။ ဒီနေ့မှ မီးထဲပါသွားတဲ့ ဆိုင်ရှင်တွေရဲ့ ဆုံးရှုံးမှု စာရင်းတွေ ကောက်တယ်” ဟု မင်္ဂလာဈေး စတုတ္ထထပ်တွင် ဆေးဆိုင်ဖွင့်ထားခဲ့သူ တဦးက ဆိုသည်။
မြန်မာနိုင်ငံ အနှံ့အပြားသို့ အ၀တ်အထည်၊ ဆေးဝါး၊ အလှကုန်နှင့် စားသောက်ကုန်များကို အဓိက ဖြန့်ချိ ရောင်းချနေသော မင်္ဂလာဈေးကြီးသည် မေလ ၂၄ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် စတုတ္တထပ် ဆိုင်နံပါတ် ၈၀ ကျော် ဆိုင်ခန်းတခန်းမှ လျှပ်စစ် ၀ါယာ ရှော့ကြောင့် မီး စတင်လောင်ကျွမ်းခဲ့ကြောင်း ကိုယ်တိုင် မီး ၀င်ရောက် ငြှိမ်းသတ်ခဲ့သည့် မင်္ဂလာဈေးကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။
“မီးသတ်က သတ်မှတ်ထားတာက ၈ နာရီ ၃၀ မိနစ်မှာ မီးစလောင်တယ်တဲ့၊ တကယ် စလောင်တာက ၇ နာရီ ၄၅ လောက်မှာ စလောင်တာပါ” ဟု ၎င်းက ဆိုသည်။
အဆိုပါမီးလောင်မှုအတွင်းပါဝင်သွားသောဆိုင်ခန်း ပိုင်ရှင်အများစုသည် မီး အာမခံ မထားရှိခဲ့သောကြောင့် ဆုံးရှုံးမှုများ ပြန်လည် မရနိုင်တော့ကြောင်း ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။
“အကုန်မဖြိုဘူး၊ တလကျော်နဲ့ အပြီးပြန်ဆောက်ပေးပြီး ဆိုင်ခန်းတွေ ပြန်ချပေးမယ်လို့တော့ ကတိပေး သွားတာပဲလေ။ နောက်မှ အဆောက်အအုံက ပြိုကျနိုင်ချေရှိတယ်ဆိုပြီး အကုန်လုံးဖြိုလိုက်ရင်တော့ မပြောတတ်ဘူး။ အဲဒါမှကျနော်တို့အားလုံးသေမှာ”ဟု မင်္ဂလာဈေးစတုတ္တထပ်ရှိအလှကုန်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ တဦးက ဆိုသည်။
မင်္ဂလာဈေးမီးလောင်ကျွမ်းခဲ့ပြီးနောက်၂၅ရက်နေ့မှစ၍ယုဇနပလာဇာရှိဆိုင်ခန်းများကိုရက်အကန့်အသတ် မရှိဖွင့်လှစ်ရောင်းချခွင့်မပေးသေးကြောင်း၊ပြန်လည်ဖွင့်လှစ်ရမည့်ရက်ကိုအကြောင်းကြားမည်ဖြစ်ကြောင်း ဈေးကော်မတီက ကြေညာထားသည်။
ယနေ့နံနက်ပိုင်းတွင် မီးခိုးများက မင်္ဂလာတောင်ညွန့် တမြို့နယ်လုံး ပျံ့နေပြီး မင်္ဂလာဈေး အဆောက်အအုံ ကြီးသည်လည်း မီးခိုးများဖုံးနေသောကြောင့် မမြင်ရသလောက် ဖြစ်နေသည်။
ဖေဖော်ဝါရီလအတွင်းကမီးလောင်ကျွမ်းခဲ့သောသင်္ဃန်းကျွန်းဈေးကြီးကိုလူနေအိမ်များပါဝင်သော အဆင့်မြင့်ဈေးကြီးအဖြစ်ရန်ကုန်မြို့တော်စည်ပင်သာယာကပြန်လည်တည်ဆောက်လျက်ရှိပြီးယမန်နေ့က မီးလောင်ခဲ့သည့်မင်္ဂလာဈေးကြီးကိုလည်းအကြီးစားပြင်ဆင်မှုများသာပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးအောင်သန်းဦးက ပြောသည်။
ယင်း မီးလောင်ကျွမ်းမှုတွင် လူအသေအပျောက် မရှိသော်လည်း မီးငြှိမ်းသတ်နေသော မီးသတ် အဖွဲ့ဝင် များအနက်မှ ၄ ဦး ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတင်ခဲ့ရပြီး လူဦးရေ ၅၀ နီးပါး ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောကြားသည်။

Geen opmerkingen: