မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 19 mei 2010

ဘန်ကောက် စခန်းနီကျပြီ

ဧရာဝတီ Wednesday, May 19, 2010
.ထိုင်းစစ်တပ်က ရှပ်နီစခန်းကို တစိတ်တပိုင်း သိမ်းပိုက်ကာ ပိတ်ဆို့ထားပြီးနောက် ယနေ့ မွန်လွဲ ၁ နာရီခွဲတွင် ရှပ်နီခေါင်းဆောင်များက အညံ့ခံရန် ကြေညာလိုက်ပြီ ဖြစ်သည်။
နံနက် ၅ နာရီမှ စတင်ခဲ့သော ထိုင်းစစ်တပ်၏ စီးနင်းရှင်းလင်းမှုသည် အဆုံးသတ်သွားပြီ ဖြစ်သည်။ ယနေ့ နံနက်ပိုင်းတွင် ၅ ဦးသေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရသည်။ သေဆုံးသူထဲတွင် အီတလီ ဂျာနယ်လစ်တဦး ပါဝင်ကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ် အဖိဆစ် အစိုးရက ဘန်ကောက် မြို့လယ် ရာ့ချပရစုန်တွင် စုစည်း ခုခံနေသည့် ရှပ်နီများကို ယနေ့ တနေ့လုံး ဝင်ရောက် ရှင်းလင်းမည်ဟု ကြေညာ ပြီးနောက် ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကလည်း မြို့တွင်း ပြောက်ကျားစစ် ဆင်နွှဲမည်ဟု ပြောကြောင်း သိရသည်။
မေလ၁၉ရက်တနေ့လုံးရှပ်နီများကိုဖြိုခွင်းမည်ဟုကြေညာပြီးနောက်တွေ့ရသည့်စစ်သားများ(ဓာတ်ပုံ- ရိုက်တာ)
ရှပ်နီများ၏ ခေါင်းဆောင် တဦးဖြစ်သည့် ဗိုလ်ချုပ် ခတ်သိယ ဆဝပ်ဒီဖွန် (ခေါ်) စေဒန်သည် ဦးခေါင်းသေနတ် ဒဏ်ရာဖြင့် မေ့မျောနေရာမှ မေလ ၁၇ ရက်နေ့တွင် သေဆုံးသွားသည်။ မေလ ၁၈ ရက်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစီအစဉ်မှာလည်း ပျက်ပြားသွားခဲ့သည်။
ယနေ့နံနက်၆ နာရီခန့်တွင် ရာ့ချပရစုန် ဧရိယာသို့ စစ်တပ်က စတင် ဝိုင်းထားပြီး ရှပ်နီခေါင်းဆောင်များက စွန့်ခွာရန် လိုအပ်ပါက အသင့်ပြင်ထားရန် တပ်လှန့်လိုက်သည်။
စာလာဒန် လမ်းဆုံရှိ အတားအဆီးများကို နံနက် ၇ နာရီခန့်တွင် စစ်တပ်က စတင် ချိုးဖျက်သည်။ ရှပ်နီခေါင်းဆောင် နွတ်တာဝတ်က ရာ့ချပရစုန်ရှိ ဆန္ဒပြသူများကို စိတ်အေးအေးထားရန်နှင့် လိုအပ်ပါက စွန့်ခွာသွားရေးအတွက် ပြင်ဆင်ရန် ပြောသည်။ ဆန္ဒပြသူများကို မျက်ရည်ယိုဗုံး ကာကွယ်နိုင်သည့် ဝတ်စုံများလည်း ထုတ်ပေးသည်။
စာလာဒန်တွင် ဆန္ဒပြသူများ မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခံရသည်။
ဆမ်လီယမ် ဒင်ဒန် ရှိ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးရုံးမှာ နံနက် ၇ နာရီ ခွဲခန့်တွင် မီးလောင်နေသဖြင့် မီးသတ်သမားများ ငြှိမ်းသတ်နေရသည်။ ရှပ်နီများက သေနတ်နှင့် စပစ်လျှင် ပြန်ပစ်မည်ဟု စာလာဒန်တွင် စစ်တပ်ကကြေညာသည်။“အနက်ရောင်လူများ”ကကလောင်တေ အရပ်ရှိ မြေအောက်ရထားဘူတာအတွင် ချိုးဖျက်ဝင်ရောက်ပြီး တံခါးများ၊ မှန်များကို ရိုက်ခွဲသည်။
တာယာများမီးရှို့ခြင်းကြောင့် မီးခိုးများ ထူထပ်လာရာ ချူလာလောင်ကွန်း ဆေးရုံကလည်း လူနာ၂၀၀ ခန့်ကို ရွှေ့ပြောင်းရန် စီစဉ်နေရသည်။
နံနက် ၈ နာရီခန့်တွင် စစ်တပ်ရော ရှပ်နီ နှစ်ဘက်စလုံးက အပြန်အလှန် စတင် ပစ်ခတ်ကြသည်ဟု The Nation သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။
ကားတာယာများအပြင် အဆောက်အဦများ တိုက်များကိုလည်း မီးတင်ရှို့နေကြကြောင်း၊ တားမြစ်ဧရိယာအတွင်းသို့ ရှပ်နီများက ဆိုင်ကယ်များဖြင့် မကြောက်မရွံ့အော်ဟစ် မောင်းဝင်လာကြပြီး ရှပ်နီတချို့လည်း တားမြစ်ဇုန်အတွင်းရှိနေကြောင်း ဧရာဝတီသတင်းထောက်က ဘန်ကောက်မှ သတင်းပေးပို့သည်။
အရေးပေါ် အခြေအနေ ဖြေရှင်းရေး ဌာနက ရှပ်နီများထိန်းချုပ်ထားသည့် နေရာကို စစ်တပ်နှင့် လုံခြုံရေးတပ်များက တဆင့်ချင်း ဝင်ရောက်ရှင်းလင်းနေကြောင်း ကြေညာသည်။
၁၁ နာရီခန့်တွင် ရှပ်နီခေါင်းဆောင် အရိစာမွန် ရာ့ချပရာစုန် ဧရိယာမှ လွတ်မြောက် ထွက်ခွာသွားသည်။
တိုက်အမြင့်များပေါ်တွင် လက်ဖြောင့် သေနတ်သမား စနိုက်ပါများ ရှိသဖြင့် သတိထားကြရန် ရှပ်နီများက ပြောကြောင်း ဧရာဝတီသတင်းထောက်က သတင်းပို့သည်။ ထိုသို့ ပြောပြီး နာရီဝက် အကြာတွင် ပစ်ခတ်သံများ ဆက်တိုက်ကြားရသဖြင့် ပြေးလွှားနေရသောကြောင့် ထိခိုက် ဒဏ်ရာရမှုကို မသိဟု ဧရာဝတီသတင်းထောက်က ဆက်လက်ပြောပြသည်။

Geen opmerkingen: