တနင်္လာနေ့၊မေလ၁၇ရက်၂၀၁၀ခုနှစ်၂၀နာရီ၄၁မိနစ် .
မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ် ဧပြီလမှစ၍ အပူချိန် ဒီဂရီများစံချိန်တင် မြင့်တက်လာမှုကြောင့် ပြည်နယ်နှင့် တိုင်း များရှိ ရေတွင်း၊ ရေကန်များ ခန်းခြောက်ကာ ပြည်သူ လူထုများ သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေရသည်။
ထိုကြုံတွေ့နေရသည့် ပြည်နယ်နှင့်တိုင်း၊ မြို့နယ်၊ ကျေးရွာ၊ လူဦးရေ စာရင်းတို့ကို ယင်းဒေသများရှိ ရေပေးဝေ လှူဒါန်းနေကြလျက်ရှိသော အစိုးရနှင့်မသက်ဆိုင်သော ပုဂလိက လူမှုကူညီရေး အသင်းအဖွဲ့များထံမှ တဆင့် ယခုလမှ စတင်ကာ မဇ္ဈိမသတင်းဌာနမှ စစ်တမ်းများ ကောက်ယူခဲ့သည်။
--------------------------------------------------------------------------------
ပဲခူးတိုင်း
ပဲခူးတိုင်းအတွင်း၊ ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ကဝမြို့နယ်၊ ဒိုက်ဦးမြို့နယ် စသည့် ၅ မြို့နယ်တွင် အပူရှိန် ပြင်းထန်သဖြင့် ကျေးရွာပေါင်း ၁ဝဝ ကျော်တွင် ရေတွင်း၊ ရေကန်များခန်းခြောက်ပြီး သောက်သုံးရေ ပြတ်လပ်ကာ စုစုပေါင်း အနည်းဆုံး လူဦးရေ ၇ဝဝဝဝ သောင်းကျော် ရေရှားပါးမှု ပြဿနာဖြင့်ရင်ဆိုင်နေရ။
ယင်းမြို့နယ် ၅ မြို့နယ်တွင် ယခုလ္ဆန်းပိုင်းမှ ကျေးရွာပေါင်း ၆ဝ တွင်း စတင်ဖြစ်ပွားခဲ့ပြီး သောက်သုံးရေ လုံလောက်စွာ မဖြန့်ဖြူးပေးနိုင်သောကြောင့် ၁ဝ ရက်ကျော်အကြာတွင် ကျေးရွာပေါင်း ၄ဝ ကျော် ထပ်တိုး လာခဲ့သည်။
ယခုလ ၂ ရက်နေ့က ယင်းဖြစ်ပွားရာကျေးရွာများကို ပဲခူးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ်များက စာရင်းလိုက်လံကောက်ခံကာ ရေလိုအပ်နေသည့် ကျေးရွားများသို့ ပဲခူးမြို့ပေါ်ရှိ ပုဂလိက စီးပွားရေး လုပ်ငန်းရှင် များ၊ လူမူကူညီရေအသင်းများ၏ အကူအညီရယူကာ ရေဖြန့်ဖြူးပေးခဲ့သည်။
“ရေက သူတို့အတွက် ဘယ်လာက် အရေးကြီးလာလဲဆိုရင် ဒီဘုရားကြီးစံပြကျေးရွာမှာဆိုရင် သောက်ရေရဖို့ လုံးပန်း နေတာနဲ့ သူတို့ တခြားအလုပ်တွေကို မလုပ်နိုင်ကြဘူး ဖြစ်နေတယ်။ ရေလာပို့တဲ့ အလှူရှင်တွေကိုပဲစောင့်နေကြတာ”ဟုလူမှုကူညီရေးအသင်းမှအဖွဲ့ဦးဆောင်သူတဦးကမဇ္ဈိမကိုပြောသည်။
ယခုအခါ ရေသန့်စက်ရုံများ၊ မြို့ပေါ်ရှိ စက်ရေတွင်းများမှ တဆင့် ကားများဖြင့် တင်ဆောင်ကာ ထိုကျေးရွာများသို့ တရက်လျင် ကားအစီး ၅ဝဝ ကျော် ပို့ဆောင်ပေးနေလျက် ရှိကြောင်း ရေပေးဝေရေး လုပ်ဆောင်နေသော ပုဂလိက လုပ်ငန်းရှင်များထံမှ သိရသည်။
ယင်းကဲ့သို့ပြဿာနာများဖြစ်ပွားနေသည်ကို သိမြင်သော်လည်း အစိုးရအာဏာပိုင်များက လျစ်လျူရှုထားခဲ့သော ကြောင့် ဝေါမြို့နယ် ဆေးရုံကြီးတွင် ယခုလ ၁ဝ ရက်နေ့တွင် သောက်သုံးရေ လုံလောက်စွာမရရှိခြင်းကြောင့် ဝမ်းပျက်၊ ဝမ်းလျော ရောဂါသည် ၈ဝ ကျော် တက်ရောက် ကုသခံယူခဲ့ရသည်။
၁၁ ရက်နေ့မှ စတင်ကာ ပဲခူးတိုင်းစည်ပင်မှ စတင်၍ ရေပေးဝေခြင်းများကို ပြုလုပ်ခဲ့ပြီး ကြံ့ဖွံ့အပါအဝင် ရဲနှင့် စစ်တပ်တို့မှ လိုက်ပါလာခဲ့ကြပြီး သနပ်ပင်မြို့နယ်သို့ရေကား ၂ စီးသွားရောက်လှူဒါန်းခဲ့သည့် ပဲခူးမြို့ အမှတ် (၂) ရဲစခန်းမှ ရဲအရာရှိတဦးက နေအပူအရှိန်ကြောင့် ပဲခူးတိုင်းအတွင်း လူအသေအပျောက်များပင် ရှိသည်ဟု ထုတ်ဖေါ် ပြောကြားခဲ့ပြီး လူဦးရေအရေအတွက်အား ပြောဆိုနိုင်ခြင်းမရှိပေ။
ထို့ပြင် ပဲခူးတိုင်း သဲကုန်းမြို့နယ် အင်းမနယ်မြေအုပ်စုရှိ ကျေးရွာပေါင်း ၂ဝ ကျော်တွင် အိမ်ခြေ ၁၃၃၁ အိမ် ရေရှားပါးပြတ်လပ်မှုဖြစ်ကြောင်း ၁၄ ရန်နေ့ထုတ် အစိုးရသတင်းစာတွင်ဖေါ်ပြသည်။
--------------------------------------------------------------------------------
မွန်ပြည်နယ်
မွန်ပြည်နယ်အတွင်းရှိ ဘီလူးကျွန်းမြို့နယ်နှင့် အပေါင်မြို့နယ်တို့တွင် စုစုပေါင်း ကွင်းပိုင်းနေကျေးရွာ ၆ဝ ကျော်၌ အပူဒဏ် ပြင်းလွန်းသဖြင့် နှစ်စဉ် သုံးစွဲနေသည့် ရေသိုလောင်ကန်များ၊ ရေတွင်းများ ခန်းခြောက်ကာ လူဦးရေ လူဦးရေ ၅ သောင်းကျော် သောက်သုံးရေ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။
ဘီလူးကျွန်းမြို့နယ်တခုလုံးတွင် ကျေးရွာပေါင်း ၆ဝ ကျော်ရှိပြီး သောက်သုံးရေ ပျက်လပ်နေသည်မှာ ကွင်းပိုင်းနေ ကျေးရွာ ၄ဝ ကျော်နှင့် အပေါင်မြို့နယ် ကွင်းပိုင်းရှိ ကျေးရွာ ၂ဝ ကျော်တို့ဖြစ်ကြောင်း လူမှုကူညီရေး အသင်းများ ထံမှ စုစည်းရရှိသည်။
အလားတူ မုဒုံကျေးမြို့နယ်တွင် ကျေးရွာပေါင်း ၂ဝ ကျော်နှင့် သထုံမြို့ပေါ်ရှိ ရပ်ကွက်ပေါင်း ၇ ရပ်ကွက်ခန့် နှင့် ကျိုက်ထိုမြို့ရှိ ရပ်ကွက် ၈ ခုနှင့် ကျိုက်မရောမြို့ပေါ်ရှိ ရပ်ကွက် ၃ ခုတို့တွင်လည်း သောက်သုံးရေ အခက်အခဲနှင့် ကြုံတွေ့နေရသည်။
ယခုလအစပိုင်းကပင် သောက် ရေ ကန်များနှင့် ရေတွင်းများ ခန်းခြောက်ကာ လယ်ကွင်းများရှိ ကျွဲလူးအိုင်များ တွင် ကျန်ရှိသည့် ရေများကို အနည်ထိုင်ကာ ချိုးရေနှင့် ထမင်း၊ ဟင်း ချက်ပြုတ်ရာတွင် အသုံးပြုနေရကြောင်း သိရသည်။
“ဒီနှစ်အပူရှိကအရမ်းပြင်းတော့ ရွာမှာရှိတဲ့ သောက်ရေကန်တွေကတော့ ခန်းကုန်ပြီ။ စိုက်ပျိုးဖို့အတွက် လယ်ကွင်းထဲမှာသိုလောင်ထားရေကန်ကြီးတွေကို ခန်းကုန်တာ တချို့က ကျွဲလူးအိုင်တွေဖြစ်ကုန်တာ။ သူတို့ အဲဒီရေတွေကို ပဲအနည်ထိုင်ပြီးသုံးနေရတာပေါ့” ဟု အပါင်မြို့ခံတဦးက မဇ္ဈိမကိုပြောသည်။
ယင်းသို့ ရေလိုအပ်နေသည့် ကျေးရွာများသို့ ဇင်းကျိုက်၊ ကျွဲခြံစသည့် ရွာများနှင့် အပါင်မြို့ပေါ်ရှိ ပုဂလိက စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုအသင်းအဖွဲ့များက မြို့ပေါ်ရှိ စက်ရေတွင်းများမှ ရေများကို ကားများဖြင့် တင်ဆောင်ကာ ယင်းကျေးရွာများသို့ လိုက်လံဖြန့်ဖြူးပေးလျက်ရှိသည်။
“ဒီမှာက ကွင်းပိုင်းက ရွာတွေအားလုံးလိုလို ဖြစ်နေကြတာ။ ဇင်းကျိုက်တို့၊ ကျွဲခြံတို့ကသာ ရေပုံမှန် မလှူပေးရင် ဒီပြဿနာက မလွယ်ဘူး။ အာဏာပိုင်အဖွဲ့ အစည်းတွေကတော့ အထက်အမိန့်မရသေးလို့ ကျုပ်တို့ မလှူသေး တာလို့ ပြောတယ်” ဟု အဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။
အစိုးရအာဏာပိုင်များအနေနှင့် ယမန်နေ့ထိ သောက်သုံးရေ ရရှိရန် ကူညီဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးနေ သည်ဟု ယမန်နေ့ထုတ် အစိုးရသတင်းစာများတွင်ဖေါ်ပြခဲ့သော်လည်း ယမန်နေ့ထိ လာရောက် ကူညီပေးခြင်း မရှိသေးကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယင်းမြို့နယ်များရှိ ကျေးရွာ ၁ ရွာလျင် အိမ်ခြေ ၁ ရာကျော်စီရှိကြပြီး အိမ်တအိမ်လျင် လူဦးရေ ၅ ဦးနှုန်း ပျန်းမျနေထိုင်ကြောင်း သိရသည်။ ယမန်နေ့ ၁၃ ရက်နေ့ထိ အပူဒဏ်ကြောင့် သေဆုံးသူနှင့် ရောဂါရသူ မရှိသေးကြောင်းသိရသည်။
--------------------------------------------------------------------------------
ရန်ကုန်တိုင်း
ရန်ကုန်တိုင်းဒလမြို့ပေါ်ရှိလူဦးရေ၃ပုံ၂ပုံခန့်နှင့်ယင်းမြို့နယ်အတွင်းမှကျေးရွာပေါင်း၂ဝကျော်မှလူဦးရေ ၃ဝဝဝဝကျော်တို့မှာလည်းအတာသင်္ကြန်ကာလမှစ၍ရေရှားပါးမှုကြုံနေရသည်မှာတလနီးပါးပင်ကြာပြီဖြစ် သည်။
ယင်းကျေးရွာများကို ယမန်နေ့ထိ အစိုးရ အာဏာပိုင်အဖွဲ့အစည်းများက လာရောက် ကူညီပေးချင်း မရှိသော်လည်း တွံတေး၊ ဖလက်ကြီး နှင့် ဒလမြို့ပေါ်ရှိ ကုန်သည်အဖွဲ့များ၊ လူမှုရေအသင်းအဖွဲ့များနှင့် ရန်ကန်ုမြို့ပေါ်မှ သွေးလှူ အသင်းများနှင့် လူမှုရေအသင်းများက ဒလအပါအဝင် ယင်းကျေးရွာများသို့ သောက်သုံးရေရရှိရန် နေ့စဉ် သွားရောက် ဖြန့်ဖြူးပေးနေလျက်ရှိကြောင်းသိရသည်။
“နယ်ကရွာ၂ဝကျော်အခြေအနေဆိုးနေသလိုမျိုးဒီကျနော်တို့ ဒလမြို့ပေါ်မှာလည်း ကျန်စစ်သား ရပ်ကွက်တို့ ၁၁၊၁၄ရပ်ကွက်တို့ရာဇသင်္ကြန်ရပ်ကွက်တို့ဆိုရင်အရမ်းဒုက္ခရောက်နေတယ်။ရန်ကုန်မြစ်ထဲကရေတွေကို ခပ်ချိုးနေကြရတဲ့ အနေအထားအထိပဲ”ဟုသူကမဇ္ဈိမကိုပြောသည်။
သောက်သုံးရေရှားပါးမှုဒဏ်ကိုခံနေရသည့် ဒလမြို့နှင့် ယင်းကျေးရွာများတွင် အပူဒဏ်နှင့် ရေပြတ်တောက်သည့် ဒဏ်ကြောင့် သေဆုံးသူ၊ ရောဂါရသူ မရှိသေးသော်လည်း ယင်းမြို့နယ်အတွင်းရှိ ငါမွေးမြူရေကန်များတွင် တရက်ကို ငါးအကောင်ရေ သောင်းဂဏန်းခန့်သေဆုံးနေရကြောင်း သိရသည်။
အလားတူ ရန်ကုန်မြို့ပေါ်ရှိ မြောက်ဒဂုံမြို့နယ်၊ သာကေတမြို့နယ်၊ သင်္ဃန်းကျွန်းကြီးမြို့နယ်၊ ဒေါပုံမြို့နယ်တို့တွင် တို့တွင်ရေဝယ်ယူသုံးစွဲနေရကြောင်း ယင်းမြို့နယ်များတွင်နေထိုင်သူများက ပြောသည်။
“အရင်စည်ပင်ကပေးနေတဲ့ရေက အခုသူတို့က ပုံမှန်မပေးနိုင်ဘူးလေ။ အပြင်မှာ သောက်ရေအတွက် ကြာကန်ကနေသယ်ပြီးယူရောင်းနေတဲ့လူတွေစီက တွန်းလည်းတစည်ကို ၂ဝဝဝ/၂၅ဝဝ ပေးဝယ်ရတယ်” ဟု သာကေတ အမှတ် ၈ တွင်နေထိုင်သူတဦးက မဇ္ဈိမကိုပြောသည်။
ထို့အတူရန်ကုန်မြို့ ကျောက်တံတားမြို့နယ်တွင်နေထိုင်သူတဦးက“ဒီမှာဂါလံ၅ဝလောက်ဆံ့တဲ့ ရေစည်တစည်ကို၅ဝဝဝပေးဝယ်နေရတယ်။အဲဒါဒုတိယထပ်တို့တတိယထပ်တို့ကိုအရောက်တင်ပို့ရတယ် ဆိုရင် ၆ဝဝဝ/၇ဝဝဝ ရှိတယ်။ ရေဈေးက ဒီအချိန်မှာ ရွှေဈေးပဲ” ဟု သူက မဇ္ဈိမကိုပြောသည်။
--------------------------------------------------------------------------------
ရှမ်းပြည်နယ်
ပူပြင်းခြောက်သွေ့သည့် ရာသီဥတုကြောင့် တောင်ကြီးမြို့ရှိ ရပ်ကွက်ပေါင်း ၁၅ ရပ်ကွက်နှင့် ရှမ်းပြည်နယ် မြောက် ပိုင်း လားရှိုးမြို့ရှိ ရပ်ကွက် ၁၂ ခုတွင် နေထိုင်သည့် မြို့နေလူထု အိမ်ခြေ ၁ဝဝဝ တွင် လူဦးရေ ၅ဝဝဝခန့်ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့ပေါ်ရှိရက်ကွက်ပေါင်း၂ဝကျော်တို့တွင်ယခုလဆန်းပိုင်းမှ စတင်ကာ သောက်သုံးရေပြတ်လပ်မှုများဖြစ်ခဲ့ကြောင်း သိရသည်။
ထိုရပ်ကွက်များကို ဒေသခံအလှူရှင်များနှင့် မြို့နယ်စည်ပင်သာယာ ဌနတို့က တရက်လျင် နေ့စဉ် ရေဂါလံ ၂၇ သိန်းခန့် ဖြန့်ဖြူးပေးလျက်ရှိသည်ဟုဆိုသည်။
သို့သော်လည်း ရာသီဥတု ပူပြင်းသောကြောင့် ယခုအခါ နေ့စဉ်ရေဖြန့်ဖြူးပေးနေမှု ကျဆင်းလာပြီး တရက်လျင် ဂါလံပေါင်း ၂၁ သိန်းခန့်သာ ဖြန့်ဝေပေးနိုင်တော့သဖြင့် ဒေသခံများ၏ အလှူငွေဖြင့် မြို့နယ်စည်ပင်က စက်ရေတွင်းများ တူးဖေါ်ပေးလျက်ရှိကြောင်း အစိုးရသတင်းစာတွင် ဖေါ်ပြသည်။
လားရှိုးမြို့ပေါ် သောက်သုံးရေပြတ်တောက်သည့် ဒေသခံများကို ရေပေးဝေနိုင်ရန် စက်ရေတွင်းတူး အမှတ် ၁ ရပ်ကွက် တွင် တနာရီလျင် ရေဂါလံပေါင်း ၁၅ဝဝ ထွက်နှုန်းဖြင့်လည်းကောင်း၊ ၁ဝ ရပ်ကွက်တွင် ရေထွက်နှုန်း တနာရီလျင် ဂါလံ ၁ဝဝဝ ဖြင့်လည်းကောင်း၊ ၁၁ ရက်ကွက်တွင် တနာရီလျင် ရေဂါလံ ၂ဝဝဝ ဖြင့်လည်းကောင်း၊ ၁၂ ရက်ကွက် တွင် တနာရီ ရေဂါလံ ၁ဝဝဝ နှုန်းထွက်ရှိသည့် စက်ရေတွင်းများ တူးဖေါ်ပေးလျက်ရှိကြောင်း သိရသည်။
--------------------------------------------------------------------------------
မကွေးတိုင်း
မကွေးတိုင်း ရေနံချောင်းမြို့နယ်ရှိ ကျေးရွာပေါင်း ၃ဝ မှ လူဦးရေ ၂ဝဝဝဝ ကျော်မှာ သင်္ကြန်ကာလ မတိုင်မီကပင် သောက်သုံး ရေကန်များ ခန်းခြောက်သဖြင့် စက်ရေတွင်းများမှ ဝယ်ယူသုံးစွဲနေကြရကြောင်း ရေနံချောင်းမြို့နယ် အန်အယ်ဒီ လူငယ်အဖွဲ့မှ သိရသည်။
ယင်းကျေးရွာများတွင် နှစ်စဉ် လူနှင့် ခိုင်းနွား၊ ဆိတ်၊ သိုးနှင့် အိမ်မွေးတရိစ္ဆာန်များအတွက် မိုးဥတု မိုးရွာသည့်အခါ တွင် သောက်ရေကန်နှင့် သုံးရေကန်များရှိကြပြီး ယခုနှစ် သင်္ကြန်မတိုင်မှီကာလကပင် ခန်းခြောက်ကုန်သဖြင့် ဆီဖြင့် မောင်းရသည့် စက်ရေတွင်းများတွင် ရေဝယ်ယူသုံးစွဲနေကြရသည်မှာ ၂ လခန့်ပင်ရှိသည်ဟု ဆိုသည်။
ရေဂါလံ ၅ဝ ဆံ့ စည်တစည်လျင် ကျပ်ငွေ ၃ဝဝ၊ ၅ဝဝ မှ ၈ဝဝ ထိ ပေးဝယ်နေရပြီး ၄ ဂါလံဆံ့ ရေထမ်းပုံး ၂ ပုံး လျင် ၅ဝ ကျပ်ဖြင့်လည်းကောင်း အသီးသီးပေးဝယ်နေရသည်ဟု ပြောသည်။
ရေနံချောင်းမြို့ပေါ်ရှိ အုံးရှစ်ကုန်းရပ်ကွက်နှင့် ဘေးမဲ့ရပ်ကွက်တို့တွင် ယခင်တပါတ်အတွင်းက အပူဒဏ်ကြောင့် သေဆုံးသူ ၁ဝ ဦးသွားပြီဖြစ်ပြီး သေဆုံးသူများမှာ အသက် ၄ဝ အထက်များဖြစ်ကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူတဦးက မဇ္ဈိမကို ပြောသည်။
မကွေးတိုင်း ရေနံချောင်းမြို့ရှိ မိတ်ဆွေကောင်း နာရေးကူညီမှုအသင်းနှင့် မင်းဘူးမြို့ပေါ်ရှိ ဗြဟ္မစိုရ် နာရေး ကူညီမှု အသင်းတို့တွင် ပုံမှန်အားဖြင့် တရက်လျင် အများဆုံး ၄ လောင်းသာပို့ခဲ့ရာမှ ယခုလမှစတင်ကာ ၁ဝ လောင်း အထက် ပို့ဆောင်နေရပြီး အပူဒါဏ်ကြောင့် သေဆုံးသူများပြားကြောင်း သိရသည်။
အလားတူ မကွေးတိုင်း ချောက်မြို့နယ်၊ ပေါက်မြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ပခုက္ကူမြို့နယ်များရှိ ကျေးရွာများတွင် လည်း သောက်သုံးရေ ပြတ်နေရသဖြင့် ဒေသခံအလှူရှင်များနှင့် ပေါင်းကာ စည်ပင်က ရေပေးဝေလျက်ရှိကြောင်း ယနေ့ထုတ် သတင်းစာတွင် ဖေါ်ပြထားသည်။
မင်းဘူးမြို့နယ်အတွင်း ရေရှားပါး နေသည့် ရွာ ၆ ရွာအတွက် မြို့ခံနာရေးကူညီမှုအသင်းက မနက်ဖြန်မှ စတင်၍ ရေပေးဝေရေး အစီအစဉ် စတင်ဆောင်ရွက်ပေးမည်ဟု သိရသည်။
Geen opmerkingen:
Een reactie posten