မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 27 oktober 2010

ရွေးကောက်ပွဲ တီရှပ်များ အပြိုင်အဆိုင် ဝတ်ဆင်

ရန်ပိုင် Wednesday, October 27, 2010
.ရွေးကောက်ပွဲ နီးလာချိန်တွင် နိုင်ငံရေး ပါတီများနှင့် ရွေးကောက်ပွဲကို ထောက်ခံသည့် အဖွဲ့အစည်းများက လူထုအား ဆန္ဒမဲပေးရေး၊ မပေးရေးနှင့် ပတ်သက်၍ စည်းရုံးသည့် စာတန်းများပါသော တီရှပ်များ ၀တ်ဆင်ပြီး အပြိုင်အဆိုင် လှုပ်ရှား လာကြောင်း သတင်းရရှိသည်။
                                    NLD ၏ မဲမပေးဘဲ နေနိုင်ခွင့် ရှိသည့် စာတန်းပါ တီရှပ် ဝတ်ဆင်ထားသူများ
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဇီးကုန်းမြို့တွင် ပြုလုပ်သည့် ဆွမ်းဆန်စိမ်းလောင်းပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)အဖွဲ့ဝင်များက “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဥပဒေအရ မဲမပေးဘဲ နေပိုင်ခွင့်ရှိသည်” ဟူသည့် စာတန်းပါ တီရှပ်များကို ၀တ်ဆင်ခဲ့ ကြောင်း သိရသည်။
NLD အဖွဲ့ဝင်တဦးက“၀တ်ထားတဲ့ လူငယ်တွေက လာသမျှလူတွေ စာတန်းကို မြင်အောင်လို့ တချို့ဆို စာတန်းကို ရှေ့မှာ ထားပြီး ၀တ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
တီရှပ်အရှေ့ဘက်ခြမ်းတွင် NLDဒု ဥက္ကဋ္ဌ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်တို့ ၃ ဦးပါပုံကို ရိုက်နှိပ်ထားပြီး အနောက်ဘက်တွင် မဲမပေးဘဲ နေပိုင်ခွင့်ရှိသည် ဆိုသည့်စာတန်းကို ရေးထိုးထားကြောင်း၊ တီရှပ်တထည်၏ တန်ဖိုးမှာ ငွေကျပ် ၂၀၀၀ ခန့် ကုန်ကျစရိတ်ရှိပြီး အဖွဲ့ဝင်လူငယ်များ စုဆောင်းထားသည့် ရန်ပုံငွေနှင့် တီရှပ် အထည် ၄၀ ရိုက်နှိပ် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
NLD က “တိုင်းပြည်နှင့် ပြည်သူလူထု၏ ပစ္စုပ္ပန်နှင့် အနာဂတ် အကျိုးစီးပွားများကို ရှေးရှု၍ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ ဥဿုံ သပိတ်မှောက်လိုက်သည်” ဟု ဖော်ပြထားသော ကြေညာချက်တစောင်ကို ယမန်နေ့က တရားဝင် ထုတ်ပြန်ခဲ့သည်။
ထိုကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ “နိုင်ငံသားတွေအနေနဲ့ မဲပေးဖို့ အခွင့်အရေးရှိသလို ဆန္ဒမရှိရင် မဲမပေးတာ လည်း ဥပဒေအရ အခွင့်အရေးပဲ”၊ “အတင်းအဓမ္မ မဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်” စသည့် စကားရပ် များလည်း ပါဝင်သည်။
“မဲမပေးရေး” တီရှပ်များကို ၀တ်ဆင်ပြီး ဆန္ဒဖော်ထုတ်သူများရှိသကဲ့သို့ မဲပေးကြမည်ဆိုသည့် စာတန်းပါ တီရှပ်များကို ၀တ်ဆင်ပြီး သွားလာလှုပ်ရှားမှုလည်း မကြာသေးခင် ရက်ပိုင်းအတွင်းက ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
"Ivote(မဲပေးမည်)”ဟူသောစာသားပါတီရှပ်များကိုဝတ်ဆင်၍အုပ်စုလိုက်သွားလာနေကြသည့် လူငယ်အများစုသည် ဒေါက်တာနေ၀င်းမောင် ဦးဆောင်လုပ်ကိုင်နေသည့် MyanmarEgressမှ သင်တန်းသား အများစုဖြစ်ကြောင်း နိုင်ငံရေး အသိုင်းအ၀န်းမှ ပြောသည်။
                                                                            မဲပေးရေး I Vote တီရှပ် ဝတ်ဆင်ကြသူများ
MyanmarEgressကိုဧရာဝတီကတရားဝင်ဆက်သွယ်မေးမြန်းရာတွင်ဖြေဆိုပိုင်ခွင့်မရှိကြောင်း ငြင်းဆန်သွားသည်။
ယနေ့ထုတ် စစ်အစိုးရ မြန်မာအလင်းသတင်းစာ အယ်ဒီတာ့အာဘော်တွင် ပြည်ပမီဒီယာတချို့နှင့် ပုဂ္ဂိုလ်တချို့က ဆန္ဒမဲ မပေးရေး လှုံ့ဆော်လျှက်ရှိရာ အသိမှား နားယောင်ပြီး ဆန္ဒမဲ မပေးမိလျှင် မိမိတို့ရပိုင်ခွင့်သာ ဆုံးရှုံးရမည်ဟု ရေးသားထားသည်။
ဝန်ကြီးချုပ် ဦးသိန်းစိန်ခေါင်းဆောင်သော ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကလည်း ၎င်းတို့ပါတီ အမှတ်တံဆိပ်ဖြစ်သော ခြင်္သေတံဆိပ်ပါ တီရှပ်များကိုဝတ်ဆင်ပြီး မဲဆွယ်မှုများ ပြုလုပ်နေကြောင်း၊ သဘာဝကပ်ဘေး ဆိုက်ရောက်သည့် ဒေသများတွင်ပင် ပါတီတံဆိပ်ပါ တီရှပ်များကို ဝေငှပြီး မဲဆွယ်စည်ရုံးကြောင်း သိရသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေကမူ “ပါတီကို လူသိများအောင်လုပ်တာ ကောင်းပါတယ်။ ဒါပေမယ့် ကျနော်တို့ ကတော့ ပါတီဝင်တွေကိုပဲ တီရှပ်ဝေတယ်” ဟု ပြောသည်။
စစ်အစိုးရက ပြုလုပ်မည့် ရွေးကောက်ပွဲကျင်းပရန် ၁၀ ရက်မျှသာ လိုတော့သည်။

Geen opmerkingen: