မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 27 oktober 2010

ပဲခူး ဖောက်ခွဲမှု စစ်အစိုးရ ABSDF ကိုစွပ်စွဲ

ဧရာဝတီ Wednesday, October 27, 2010
.ပဲခူးမြို့ ဥသာမြို့သစ် အမှတ် (၈) ရပ်ကွက် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး မိုင်းထောင် ဖောက်ခွဲမှုနှင့် ပတ်သက်၍ ပြည်ပအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့ကို စစ်အစိုးရက စွပ်စွဲထားသည်။
ယနေ့ထုတ်အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ဖောက်ခွဲသူများကို ကြိုးကိုင်ထောက်ပံ့စေခိုင်းနေသူသည် ABSDFမှဒုတိယဗိုလ်မှူးကြီးအဆင့်ရှိကိုဝေလင်းဇင်နှင့်အဖွဲ့ဝင်ကိုခင်ကျော်တို့ ဖြစ်သည်ဟု ဖော်ပြထားသည်။
ကိုဝေလင်းဇင်က မင်းမင်းထွန်းအား ပြည်တွင်းဖောက်ခွဲရေး လုပ်ငန်းများကို လုပ်ဆောင်ပေးရန် စည်းရုံး ပြောဆိုခဲ့ပြီး တစ်ဖက် နိုင်ငံ နယ်စပ်မြို့တွင် နေအိမ်နှင့် စားစရာအနည်းငယ်ကို ထောက်ပံ့ပေးခဲ့ကာ ဖောက်ခွဲဖျက်ဆီးရေး သင်ခန်းစာများကို စာတွေ့ လက်တွေ့ သင်ကြားပေးခဲ့သည်ဟု သတင်းစာတွင် ရေးသားထားသည်။
စစ်အစိုးရစွပ်စွဲချက်များနှင့်ပတ်သက်၍ABSDFမှတာဝန်ရှိသူများကိုဧရာဝတီသတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ တုံ့ ပြန်ရန် ငြင်းဆိုသည်။
နအဖ စစ်အစိုးရသည် မြန်မာပြည် အတွင်း၌ ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် အခါတိုင်း နယ်စပ် အခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲလေ့ရှိသည်။
စက်တင်ဘာလ ၂၉ ရက်နေ့က ပဲခူးမြို့ ရပ်ကွက် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးကို မိုင်းထောင်ဖောက်ခွဲခဲ့ရာ ပြည်ပအခြေစိုက် လက်နက်ကိုင် အဖွဲ့ဝင်များကို စစ်အစိုးရက ယခုကဲ့သို့ စွပ်စွဲခြင်းဖြစ်သည်။ ၎င်း ရယက ရုံးတွင်လည်း ရွေး ကောက်ပွဲ ကော်မရှင် ရုံးဖွင့်လှစ်ထားကြောင်း ပဲခူးမြို့ ဒေသခံများက ပြောသည်။
ထိုပေါက်ကွဲမှုကြောင့် ရုံးသုံးပစ္စည်းများ အပျက်အစီး တချို့ ရှိခဲ့သော်လည်း လူ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း သိရသည်။
စစ်အစိုးရ သတင်းစာကမူ မကြာမီ ကျင်းပတော့မည့် ၂၀၁၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်း အောင်မြင်စွာကျင်းပပြီးစီးရေး အတွက် အားသွန်းခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက် ရှိသော်လည်း ပြည်ပလက်ဝေခံ အကြမ်းဖက် သောင်းကျန်းသူများသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရေးနှင့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကြီး မအောင်မြင်စေရန် အကြံဆိုးဖြင့် ပြည်တွင်း၌ ဖောက်ခွဲ ဖျက်ဆီးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ကြံစည် ဆောင်ရွက်နေ ကြောင်း ဆိုသည်။
ဒေသခံ ပြည်သူများ၏ သတင်းပေးမှုဖြင့် ဗုံးဖောက်ခွဲသူဟု ယူဆရသူများကို ဖမ်းမိထားပြီး ဥပဒေနှင့် အညီ အရေးယူ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

Geen opmerkingen: