မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 25 oktober 2010

မုံးကိုးပြည်သူ့စစ်စခန်း တိုက်ခိုက်ခံရ

ပေါက်ပေါက် / ၂၅ အောက်တိုဘာ ၂၀၁၀
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ၊ မုံးကိုးမြို့ရှိ ပြည်သူ့စစ်စခန်းတခုကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ယမန်နေ့ နံနက်ပိုင်းတွင် လျှပ်တပြက်ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၁) ဦး သေဆုံးသွားကြောင်း သိရသည်။
မုံးကိုးမြို့၊ နအဖစစ်တပ် ရှေ့တန်းစခန်းရုံးအား အကာအကွယ်ပေးထားသည့် ပြည်သူ့စစ်စခန်း၌ တပ်ဖွဲ့ဝင်အနည်းငယ်သာ ရှိနေခိုက် လက်နက်ကိုင်အဖွဲ့တခုက လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မုံးကိုးပြည်သူ့စစ်အဖွဲ့နှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။
၎င်းက “မနက်ပိုင်း ခပ်စောစောမှာ အတိုက်ခံလိုက်ရတယ်။ အဲဒီစခန်းက နအဖတပ် ရှေ့တန်းရုံးကို ကာထားတဲ့ စခန်း။ တပ်စိတ်တစိတ်လောက် ရှိနေတဲ့အချိန်မှာ အလစ်အငိုက် လာတိုက်သွားတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဒေသခံ ကချင်ကောင်လေး တယောက် သေတယ်။ တရုတ်လုပ် မောင်းပြန်ရိုင်ဖယ် (၃) လက် ပါသွားတယ်” ဟု ပြောသည်။
အခင်းဖြစ်သည့်နေ့တွင် မုံးကိုးမြို့၌ ဒေသခံလူထုကို ဆင့်ခေါ်ပြီး မဲဆွယ်စည်းရုံး ဟောပြောပွဲတခု ပြုလုပ်ရန်ရှိနေရာ မနက်ပိုင်း တိုက်ခိုက်မှုကြောင့် လူထုစည်းဝေးပွဲလည်း ပျက်သွားကြောင်း အဆိုပါ ဒေသခံက ပြောသည်။
၎င်းက “မုံးပေါ်ပြည်သူ့စစ်ခေါင်းဆောင် ကိန်းမိန် က ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးကနေ ဝင်အရွေးခံဖို့ရှိတယ်။ အဲဒီအတွက် မုံးကိုးမှာ လူထုကိုခေါ်ပြီး စည်းဝေးဟောပြောဖို့ လုပ်ထားတဲ့ အစီစဉ်လည်း ပျက်သွားတယ်” ဟု ပြောသည်။
သံလွင်မြစ်အနောက်ဘက်ကမ်းရှိ မုံးကိုး၊ မုံးယား၊ ဖောင်းဆိုင်၊ မုံးလုံ နှင့် မုံးပေါ် စသည့်ကျေးရွာများသည် ယခင်က မုံးကိုးကာကွယ်ရေးတပ်မတော် (MDA)တပ်ဖွဲ့ထိန်းချုပ်ရာ ဒေသများဖြစ်ခဲ့ပြီး ၂ဝဝဝ ခုနှစ်၊ အောက်တို ဘာ(၂၄)ရက်တွင် စတင်ခဲ့သည့် အချင်းချင်းအာဏာသိမ်းသည့် အရေးအခင်းအတွင်း အာဏာသိမ်းရန် ကြိုးစားသည့် လီနင်မင် ဦးဆောင်သည့်အဖွဲ့ကို နအဖ စစ်တပ်က နှိမ်နင်းသတ်ဖြတ်ကာ မုံးကိုးတပ်ဖွဲ့ကိုလည်း ဖျက်သိမ်းခဲ့သည်။
အာဏာအသိမ်းခံရသဖြင့် နအဖနှင့် သွားရောက်ပူးပေါင်းခဲ့သူ ဥက္ကဌ မုံဆာလလည်း မူးယစ်ဆေးဝါး အမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရကာ ထောင်အတွင်း သေဆုံးသွားသကဲ့သို့ ၎င်း၏ နောက်လိုက်ငယ်သားများကို နအဖ စစ်တပ်က ကျေးရွာ ပြည်သူ့စစ်တပ်ဖွဲ့များအဖြစ် ဖွဲ့စည်းပေးထားခဲ့သည်။
နအဖစစ်တပ် သိမ်းပိုက်ထိန်းချုပ်ထားရာ မုံးကိုးဒေသအတွင်း (၁ဝ) နှစ်ကြာ သေနတ်သံငြိမ်သက်နေရာမှ ပထမဆုံးအကြိမ် သေနတ် စပေါက်ခြင်းဖြစ်သကဲ့သို့ ရွေးကောက်ပွဲအတွက် မဲဆွယ်လှုပ်ရှားမှုကို လက်မခံကြောင်း ပြသသည့်သဘောမျိုးလည်း သက်ရောက်ကာ ယခုတိုက်ခိုက်မှုသည် သာမန်တိုက်ခိုက်မှုမျိုးမဟုတ်ဘဲ နိုင်ငံရေးလက္ခဏာ အသွင်ဆောင်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။
၎င်းက “တိုက်တိုက်ဆိုင်ဆိုင် လီနင်မင်တို့ မုံးကိုးတပ်ဖွဲ့ဥက္ကဋ္ဌ မုံဆာလကို အာဏာသိမ်းတဲ့ (၁ဝ) နှစ်တင်းတင်း ပြည်တဲ့နေ့မှာ ဖြစ်တယ်။ ပြီးတော့ မုံးပေါ်ပြည်သူ့စစ် ခေါင်းဆောင်က မဲဆွယ်စည်းရုံး ဟောပြောပွဲ လုပ်မယ့်နေ့လည်း ဖြစ်လို့ အခုတိုက်ခိုက်မှုဟာ နိုင်ငံရေး အသွင်ဆောင်တဲ့သဘောလို့ ယူဆလို့ရတယ်။ လီနင်မင်တို့ကို ထောက်ခံတဲ့ ကိုးကန့်တွေလည်း ဖြစ်နိုင်သလို အမျိုးသားရေး လက်နက်ကိုင် အင်အားစုတွေလည်း ဖြစ်နိုင်တာပဲ။ အဲဒီမှာက လက်နက်ကိုင်အဖွဲ့တွေလည်း များတယ်။ ဘယ်သူ့လက်ချက် ဆိုတာကိုတော့ ပြောဖို့ ခက်လိမ့်မယ် ” ဟု ပြောသည်။
ယခင်က မုံးကိုးကာကွယ်ရေးတပ်မတော် (MDA) တပ်ဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ၁၉၈၉ ခုနှစ်တွင် ပထမဆုံးခွဲထွက်ခဲ့သည့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့မှ ထပ်မံခွဲထွက်လာသည့်အဖွဲ့ဖြစ်ပြီး အဖွဲ့အတွင်း ကိုးကန့် (တရုတ်)နှင့် ကချင်လူမျိုးစုကြီး(၂)ခုအကြား လူမျိုးရေးအခြေခံပြီး ၂ဝဝဝ ခုနှစ်၊ အောက်တိုဘာလတွင် အာဏာသိမ်းအရေးအခင်းဖြစ်ခဲ့ရာ မုံဆာလ ဦးဆောင်သည့် ကချင်အမျိုးသားအုပ်စုက အရေးနိမ့်ကာ နအဖနှင့် ပူးပေါင်းခဲ့ပြီး ကိုးကန့်နှင့် ဝတပ်ဖွဲ့တို့ ထောက်ခံကူညီခဲ့သည့် လီနင်မင်ဦးဆောင်သည့်အဖွဲ့မှာ နအဖစစ်တပ်၏ ဝိုင်းဝန်း ချေမှုန်းသတ်ဖြတ်ခြင်း ခံခဲ့ရသည်။

Geen opmerkingen: