မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 28 oktober 2010

ကြံ့ဖွံ့ပါတီက ကျေးရွာကော်မရှင် လူကြီးများကို လာဘ်ထိုးစည်းရုံး

ဆက်လင်း Thursday, 28 October 2010 13:36
ရန်ကုန်တိုင်းကျောက်တန်းမြို့နယ်အတွင်းရှိကျေးရွာများတွင်ရွေးကောက်ပွဲကော်မရှင်တာဝန်ထမ်းဆောင်မည့် သူများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)က ငွေပေးစည်းရုံးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။
ရန်ကုန်မြို့တနေရာတွင်ကားဖြင့်လှည့်လည်၍မဲဆွယ်စည်းရုံးရေးလုပ်နေသောကြံ့ဖွံ့ပါတီဝင်များကို၎င်းတို့ ကိုယ်စားလှယ်လောင်းကြော်ငြာများနှင့်အတူတွေ့ရစဉ်(ဓာတ်ပုံ-AP)
“ကြံ့ဖွံ့ပါတီကလူတွေက ရွာကိုလာပြီး ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် လူကြီးတွေကို ခေါ်တွေ့တယ်။ ပြီးတော့ မဲလာထည့်တဲ့ သူတွေ ကြံ့ဖွံ့ပါတီကို မဲပေးဖို့ စည်းရုံးပေးပါဆိုပြီး ပြောတယ်။ ကော်မရှင်က လူတွေကိုလည်း ကြံ့ဖွံ့ပါတီကို မဲပေးဖို့ပြောတယ်။ ပြီးတော့ ကော်မရှင်အတွက်ဆိုပြီး ပိုက်ဆံ ကျပ် ၂ သိန်းကျော်ပေးသွားတယ်”ဟု ကျောက်တန်းမြို့နယ် ကြာကန်ကျေးရွာနေ ရွေးကောက်ပွဲကော်မရှင်နှင့် နီးစပ်သူ တဦးက ပြောသည်။
ကြံ့ဖွံ့ပါတီမှ တိုင်းအဆင့် တာဝန်ရှိသူများက ကျောက်တန်းမြို့နယ်အတွင်းရှိ ကြာကန်၊ ကန်ပြောင်၊ ပျဉ်းမကန်၊ ပါဒကြီး၊ ညောင်ဝိုင်း ကျေးရွာများရှိ ရွေးကောက်ပွဲ ကော်မရှင်တွင် ပါဝင်သူများကို အထက်ပါအတိုင်းခေါ်ယူ၍ ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲ ပေးသူများကို အနီးကပ်စည်းရုံးနိုင်ရန် မှာကြားသွားပြီး ကျပ် ၂ သိန်းမှ ၃ သိန်းအထိ အသီးသီးပေးသွားသည်ဟု အဆိုပါ ကျေးရွာများတွင် ရွေးကောက်ပွဲ ကော်မရှင်တာဝန် ယူထားသူများက ပြောသည်။
စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော ကြံ့ဖွံ့ပါတီသည် ရပ်ကွက်နှင့် ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အပေါ် ပုံစံအမျိုးမျိုးဖြင့် သြဇာလွှမ်းမိုးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ကော်မရှင်အဖွဲ့ဝင်အများစုမှာ ယခင် ရပ်ကွက်အာဏာပိုင် အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များနှင့် ယခင် ကြံ့ဖွံ့ အသင်းဝင်ဟောင်းများ ပါဝင်သည်ကိုတွေ့ရသည်။
“ကြံ့ဖွံ့ပါတီဝင်ရင် မြို့နယ်တွေမှာ လမ်းပြင်ပေးမယ်ဆိုပြီး ညှိဖို့ကို ရပ်ကွက်ကော်မရှင်မှာ ပါတဲ့သူတွေကို စည်းရုံး ခိုင်းတယ်။ ကော်မရှင်မှာပါတဲ့ ဘယ်သူက အဲဒီနေရာမှာ သြဇာညောင်းလဲ၊ သြဇာရှိတဲ့သူကနေ လမ်းပြင်ပေးမယ်၊ ပါတီဝင် လုပ်ပါလို့ ပြောပေးဆိုပြီး ညှိတယ်”ဟု သာကေတမြို့နယ် ၆ ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။
ကြံ့ဖွံ့ပါတီအနေဖြင့် တခြားပါတီများနည်းတူ ပြည်သူလူထုနှင့် အနီးကပ် စည်းရုံးရေးမဆင်းဘဲ မတရား အနိုင်ယူမည့် နည်းလမ်းများကိုသာ အသုံးပြုလေ့ရှိသည်ဟု ပြိုင်ဘက် နိုင်ငံရေးပါတီများက ဝေဖန်သည်။
ကြံ့ဖွံ့ ပါတီသည် စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံပိုင် ဘဏ္ဍာများ၊ ပြည်သူပိုင် ပစ္စည်းများကို အသုံးချလျက် ရှိသည်ကို တွေ့ရသော်လည်း ယမန်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်မူ ရန်ကုန်မြို့အတွင်း လမ်းများခင်းပေးနေ သည်မှာ ကြံ့ဖွံ့ပိုင် ငွေကြေးနှင့်သာဖြစ်ကြောင်း ကြံ့ဖွံ့ပါတီအမတ်တဦးဖြစ်သည့် လည်ဆည်ဝန်ကြီး ဦးဌေးဦးက ပြောဆိုသွားပြီး မြို့တော်ဝန် ဦးအောင်သိန်းလင်းကမူ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခြင်းမရှိကြောင်း သိရသည်။

Geen opmerkingen: