မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 26 oktober 2010

အားလုံးပါဝင်သည့် ရွေးကောက်ပွဲ အချိန်မနှောင်းဟု ဘန်ကီမွန်းပြော

ဧရာဝတီ Tuesday, October 26, 2010
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်းကမြန်မာနိုင်ငံတွင်လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ တခု ကျင်းပရန် အချိန်မနှောင်း သေးကြောင်း ယနေ့ ပြောဆို လိုက်သည်ဟု သိရှိရသည်။
မြန်မာ့အရေးတွင်ကုလသမဂ္ဂ၏ဆောင်ရွက်ချက်များ ထိရောက်မှုမရှိခြင်းအပေါ်ဘန်ကောက်မြို့ကုလသမဂ္ဂ ရုံးရှေ့၌ ယနေ့ ဆန္ဒပြနေကြသည့် မြန်မာ့အရေး လှုပ်ရှားသူများ(ဓာတ်ပုံ-GettyImage)
မစ္စတာ ဘန်ကီမွန်းက“မြန်မာ့ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတဖို့အတွက် ကျနော်တို့ မျှော်လင့်နေပါတယ်။ ဒီ ရွေးကောက်ပွဲက စစ်အစိုးရအတွက် စာမေးပွဲတခုလို ဖြစ်နေပါတယ်၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မျှော်မှန်းချက် အတိုင်း စစ်အစိုးရ အနေနဲ့ လုပ်ဆောင်နိုင်ပါ့မလား ဆိုတာကိုတော့ စောင့်ကြည့်ရမယ်”ဟု ပြောဆိုကြောင်း အေပီ သတင်းတွင် ဖော်ပြထားသည်။
မစ္စတာ ဘန်ကီမွန်းက စစ်အစိုးရ အနေဖြင့် ရွေးကောက်ပွဲကို အများကလက်ခံနိုင်စေရန် မည်သို့လုပ်ဆောင်သင့်သည်ကို အသေးစိတ် ပြောဆိုခြင်းမရှိသကဲ့သို့၊ ဒေါ်အောင်ဆန်းစုကြည် ၏ အရေးကိစ္စများကို ပြောဆိုသွားခြင်း မရှိကြောင်းလည်း သိရှိရသည်။
ယင်းပြောဆိုချက်များကို မစ္စတာ ဘန်ကီမွန်းက ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်တွင် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာ ချီဝနှင့် ပူးတွဲ၍ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ကာ ပြောဆိုသွားခြင်းဖြစ်သည်။
၎င်းတို့ နှစ်ဦးစလုံးသည် လာမည့် ရက်သတ္တပတ် အကုန်တွင် ကျင်းပမည့် ၁၇ ကြိမ်မြောက် အာဆီယံအစည်းအဝေးတွင် စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် တွေ့ဆုံရမည်ဖြစ်သည်။
နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် မြန်မာ့ရွေးကောက်ပွဲသည် အားလုံး ပါဝင်မှု မရှိခြင်း၊ လွတ်လပ်ပြီး တရားမျှတမှု မရှိ ခြင်း တို့ကြောင့် နိုင်ငံတကာ၏ ဝေဖန်ပြောဆိုမှုကို ခံနေရသည်။
ဝန်ကြီးချုပ် အဖိဆစ် က မြန်မာဒုက္ခသည်များကို မြန်မာ့ပြည်တွင်းရေး မငြိမ်သက်သေးသရွေ့ ပြန်ပို့မည်မဟုတ်ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထပ်မံပြောဆိုလိုက်ကြောင်းလည်း သိရှိရသည်။
မစ္စတာ အဖိဆစ် က“နှစ်နိုင်ငံ အစိုးရတွေ ပူးပေါင်းပြီးတော့ ဒုက္ခသည်တွေရဲ့ နေထိုင်မှုဘဝ မြင့်လာအောင် လုပ်သင့်တယ် လို့ မြန်မာစစ်အစိုးရကို ကျနော် တိုက်တွန်းခဲ့ပါတယ်”ဟု ပြောသည်။
ထိုင်းဝန်ကြီးချုပ် အဖိဆစ်သည် ပြီးခဲ့သည့် မြန်မာနိုင်ငံခရီးစဉ်၌ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံ ခဲ့ရာတွင် မြန်မာနိုင်ငံသား ဒုက္ခသည်များအကြောင်းကို ဆွေးနွေးခဲ့ကြောင်းလည်း သိရှိရသည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်တို့၏ တွေ့ဆုံမှုသည် ကုလသမဂ္ဂနှင့် အာဆီယံ ပူးပေါင်း ဆောင်ရွက်ရေးအတွက်လည်းကောင်း၊ ဆူဒန်နှင့် ဒါဖာ ဒေသများရှိ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု အစီအစဉ်များအတွက် လည်းကောင်း ဆွေးနွေးရန် တွေ့ဆုံခြင်းဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက ပြောသည်ဟု သိရှိရသည်။
HumanRightsandDevelopmentFoundationမှမစ္စတာ အန်ဒီဟောလ်က မြန်မာနိုင်ငံသား ဒုက္ခသည်များ အရေး ကို နှစ်နိုင်ငံလုံးမှ အစိုးရအဖွဲ့များက ပူးပေါင်းဆွေးနွေးနေသည်မှာ အပြုသဘောဆောင်သည့် တိုးတက်မှုတရပ် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
BurmaPartnership အဖွဲ့မှ မခင်ဥမ္မာကမူ မစ္စတာဘန်ကီမွန်း၏ စကားလုံးများသည် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲ အပေါ်တွင် အကျိုးသက်ရောက်ရန် လွန်စွာနောက်ကျနေပြီဖြစ်ကြောင်း ပြောသည်။
“မစ္စတာဘန်ကီမွန်းကအရင်သူပြောနေကျစကားတွေအတိုင်းပြောသွားခြင်းပဲဖြစ်ပါတယ်။စကားလုံးတွေသာ ရှိပြီးအရေးယူအကောင်အထည်ဖော်မှုမရှိတာကိုစစ်အစိုးရအတွက်ကဘာမှမှု လောက်စရာမဟုတ်ပါဘူး”ဟု မခင်ဥမ္မာ က ဧရာဝတီသို့ ပြောသည်။
ဘန်ကောက်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများ အပါအဝင် ထောင်နှင့်ချီသော ရှပ်နီဝတ် များက ဘန်ကောက်မြို့ ကုလသမဂ္ဂ ရုံးရှေ့တွင် ယနေ့ နံနက်ကတည်းက နေရာယူထားကြသဖြင့် လုံခြုံရေးကို အထူးတိုးမြှင့်ချထားကြောင်း သိရှိရ သည်။
မြန်မာအဖွဲ့အစည်းများဖြစ်ကြသည့် ပြည်ပရောက် အမျိုးသားကျောင်းသားများအဖွဲ့၊ မြန်မာ့ဒုက္ခသည်များ ကူညီရေးအဖွဲ့၊ ရခိုင် ဝံသာနုစာပေအသင်းနှင့် PeaceforBurmaအဖွဲ့တို့ ပူးပေါင်းကာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ထံသို့ ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ မြန်မာနိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူရန် စသည်တို့ကို စာတစောင်အဖြစ် ရေးသားပေးပို့ခဲ့ကြောင်းလည်း သိရှိရ သည်။
ဧရာဝတီ သတင်းထောက် ဘစောတင်နှင့် စိုင်းဇွမ်ဆိုင်း ပူးပေါင်းရေးသားသည်။

Geen opmerkingen: