မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 20 oktober 2010

ရွေးကောက်ပွဲလုံခြုံရေး လှေဆိပ်များပိတ်

ရဲရင့် / ၂၀ အောက်တိုဘာ ၂၀၁၀
ရွေးကောက်ပွဲ လုံခြုံရေးအတွက်ဟု ဆိုကာ တရားမ၀င် ထိုင်းပစ္စည်းများ ခိုးသွင်းနေသည့် လှေဆိပ် (၂၀) ခန့်ကို မြ၀တီခရိုင်အာဏာပိုင်များက လုံးဝပိတ်လိုက်ပြီး လှေဆိပ်တိုင်းတွင် ယနေ့မှစ၍ လက်နက်ကိုင်စစ်သားများ တိုးမြှင့်ချထားလိုက်သည်ဟု ကုန်သည်များက ပြောသည်။
မြန်မာကုန်သည်ကြီးတဦးက “ဒီမနက်က စပြီး ခိုးဂိတ်တွေအားလုံး ပိတ်လိုက်ပြီ။ ရွေးကောက်ပွဲ လုံခြုံရေးအတွက်လို့ လူကြီးတွေက ပြောတယ်။ ဂိတ်တိုင်းမှာ စစ်သားတွေ ချထားတော့ ထိုင်းပစ္စည်းတွေ မြ၀တီထဲ လုံးဝ ၀င်လို့ရတော့မှာ မဟုတ်ဘူး။ ဒီအတိုင်းဆိုရင် မြန်မာပြည်မှာ ထိုင်းလူသုံးကုန် စားသုံးကုန်ဈေးတွေ မတန်တဆ ဈေးတက်ပြီး ဂယက်ရိုက်မှုတွေဖြစ်မှာ သေချာတယ်”ဟု ခေတ်ပြိုင်သို့ ပြောသည်။
မြန်မာဘက်မှ လုံခြုံရေးအကြောင်းပြချက်ဖြင့် မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား အပါအ၀င် ဘေးဝဲယာရှိ လှေဆိပ်(၂၀)ခန့်ကိုလွန်ခဲ့သည့်ဇူလိုင်(၁၈)ရက်နေ့မှ စတင် ပိတ်ခဲ့သည့်အတွက် နယ်စပ်ကုန်သွယ်ရေး လမ်းကြော ရပ်တန့်ခဲ့ရသည်။
မြန်မာဘက်မှ နယ်စပ်ဂိတ်များ ပိတ်ထားသော်လည်း ကုန်သည်များက မြန်မာအာဏာပိုင်များနှင့် နားလည်မှုယူ၍ ထိုင်းကုန်ပစ္စည်းများကို ညဘက်၌ တင်သွင်းကြပြီး မြန်မာနိုင်ငံအတွင်းပိုင်းသို့ သယ်ယူကြသည်ဟု ကုန်သည်များက ပြောသည်။
နေပြည်တော်အမိန့်ဖြင့်နယ်စပ်ဂိတ်များပိတ်ထားသော်လည်းညတွင်နားလည်မှုဖြင့် တင်သွင်းကြသည့်ပမာဏမှာတရက်လျှင်ထိုင်းဘတ်ငွေသန်း(၅၀)ခန့်ရှိပြီးတရားဝင်ဂိတ်များ ဖွင့်ချိန်တွင်မူအနည်းဆုံးဘတ်သန်း(၁၀၀)ရှိသည်ဟုထိုင်းစားသောက်ကုန်တင်သွင်းသည့် မြန်မာကုန်သည်ကြီး တဦးက ပြောသည်။
မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေး လမ်းကြောကို မြန်မာဘက်မှ ပိတ်ထားသည်မှာ (၃) လကျော်နေသော်လည်း ရန်ကုန်အပါအ၀င် မြန်မာနိုင်ငံ၌ ထိုင်းကုန်ပစ္စည်းများ အဆမတန် ဈေးနှုန်း ထိုးတက်မသွားခြင်းမှာ မြ၀တီမှတဆင့် ထိုင်းကုန်များ ပုံမှန်ဝင်ရောက်နေခြင်းကြောင့် ဖြစ်သည်ဟု ထိုကုန်သည်က ပြောသည်။
မြ၀တီမှတဆင့် မြန်မာဘက်သို့ ဂျပန်တပတ်ရစ်ကားများ တင်ပို့နေသည့် ထိုင်းကားကုမ္ပဏီတခုမှ ၀န်ထမ်းတဦးက“ဒီရက်ပိုင်းအတွင်းမှာ မြ၀တီကို ပို့ရမယ့်ကားက အစီး (၃၀) ကျော်တယ်။ မြန်မာကုန်သည်တွေကတော့ ငွေချေပြီးသွားပြီ၊ ဒီနေ့ဂိတ်တွေ ပိတ်လိုက်တော့ သူတို့ ဘယ်လိုသယ်ကြမလဲ မသိဘူး။ မြ၀တီက ကားသယ်တဲ့ လူတွေကတော့ ဒီတခါကြာမယ်၊ ရွေးကောက်ပွဲပြီးတာတောင် မသေချာဘူးလို့ ပြောတယ်” ဟု ဆိုသည်။
မြ၀တီနှင့် ဆက်စပ်နေသည့် နယ်ခြား သောင်ရင်းမြစ်ရိုးတလျှောက်တွင် ယခင်က နေ့ည ထိုင်းကုန်ပစ္စည်းများ တရားမ၀င် တင်သွင်းရာတွင်သုံးသည့် ကုန်ပစ္စည်းတင် စက်လှေသံများ၊ လူသံများဖြင့် ဆူညံနေသော်လည်း ယနေ့နံနက်မှစ၍ ဂိတ်များတွင် ငြိမ်သက်လျက်ရှိသည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီလမ်းကြောမှ ထိုင်းကုန်ပစ္စည်းတင်သွင်းမှုမှာ တလလျှင် ထိုင်းဘတ်ငွေ သန်း (၃၀၀၀) ခန့်ရှိသည်ဟု တာ့ခရိုင် ကုန်သည်ကြီးများအဖွဲ့ဝင် တဦးက ပြောသည်။

Geen opmerkingen: