မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 19 oktober 2010

မဲရုံတွင် ဓာတ်ပုံရိုက်ခွင့် မပေးခြင်းအား သတင်းထောက်များ ဝေဖန်

ခင်ဦးသာ Tuesday, October 19, 2010
.မဲရုံပရဝဏ်အတွင်း ဓာတ်ပုံရိုက်ခွင့် မပေးကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောဆို လိုက်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူချိန်ကကဲ့သို့ လိမ်လည် အနိုင်ယူရန် ကြံစည်ခြင်းသာ ဖြစ်ကြောင်း သတင်းထောက်များက ဝေဖန်ကြသည်။
ယမန်နေ့ကရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးသိန်းစိုးရှင်းလင်းပြောကြားသည့်ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်းပွဲ(ဓာတ်ပုံ-အေပီ)
နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသို့ ပြည်ပ လေ့လာစောင့်ကြည့်သူများ၊ မီဒီယာများအား လာရောက်ခွင့် မပေးသည့်အပြင် ပြည်တွင်း မီဒီယာများကိုလည်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခွင့် မပေးကြောင်း အောက်တိုဘာလ ၁၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးသိန်းစိုးက ပြောဆိုခဲ့သည်။
ဦးသိန်းစိုး၏ ပြောဆိုမှုသည် စစ်အစိုးရ ထောက်ခံမှု အပြည့်အ၀ ရရှိထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)အား အနိုင်ပေးရန် လုပ်ဆောင်ချက် တရပ်သာဖြစ်ပြီး ရွေးကောက်ပွဲ အပေါ် နိုင်ငံတကာ၏ ယုံကြည်မှုကိုလည်း လျော့ကျစေသည်ဟု သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် အယ်ဒီတာ တဦးကဆိုသည်။
“ဗီဒီယိုရိုက်တာတို့၊ဓာတ်ပုံရိုက်တာတို့ဟာ မဲပေးနေတဲ့ မဲဆန္ဒရှင်တွေကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ခွင့်မပြုတာပါ”ဟု သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးခွန်းကို ဦးသိန်းစိုးက ဖြေဆိုခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြည်ပလေ့လာ စောင့်ကြည့်ရေးအဖွဲ့များနှင့် ပြည်ပမီဒီယာများ ကိုယ်စားပြည်တွင်းရှိသံတမန်များနှင့်အစိုးရခွင့်ပြုထားသည့်ပြည်တွင်းမှနိုင်ငံခြား သတင်းထောက်များကိုသာ လေ့လာခွင့်၊ သတင်းရယူခွင့်ပြုသွားမည် ဟုလည်း ပြောဆိုသွားသည်။
“ခွင့်ပြုထားတဲ့ နိုင်ငံခြားသတင်းဌာနက မြန်မာသတင်းထောက်တွေ ရှိပေမယ့် တကယ် သတင်းယူတဲ့အခါ အခက်အခဲတွေက အများကြီးရှိတယ်”ဟုနိုင်ငံခြားသတင်းဌာနတခုမှ ပြည်တွင်းအခြေစိုက် မြန်မာသတင်းထောက်တဦးက ပြောသည်။
သတ်မှတ်နေရာတွင် သတင်းရယူနိုင်ရေးအတွက် မဲရုံများ၊ သက်ဆိုင်ရာ ဒေသ အာဏာပိုင်များကို အကြောင်းကြားထား ပေးရန်၊ စာရေးပေးရန် တောင်းဆိုသော်လည်း ဦးသိန်းစိုးက မလိုအပ်ကြောင်း ငြင်းဆန်သည်ဟု ၎င်းက ဆက်ပြောသည်။
“အဲဒီအတွက် တရားဝင် ခန့်ထားတဲ့ နိုင်ငံခြားသတင်းဌာန သတင်းထောက်တွေ အတွက်ရော၊ ပြည်တွင်းဂျာနယ် သတင်း ထောက်တွေ အတွက်ပါ အခြေအနေက လုံးဝ မကောင်းဘူး” ဟု အထက်ပါ မြန်မာသတင်းထောက်က ဆိုသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်၍ တခြားသော အရေးကြီးသည့် အကြောင်းအရာများအား သတင်းထောက်များက မေးမြန်း သော်လည်း ဦးသိန်းစိုးသည် ဖြေဆိုခြင်း မပြုခဲ့ကြောင်းသိရသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ ဥက္ကဋ္ဌ ဦးသုဝေက “ဓာတ်ပုံ၊ ဗီဒီယို ရိုက်တဲ့ ကိစ္စကို ပြည်သူတွေက ပျော်တောင်ပျော်ဦးမှာပါ။ ရွေးကောက်ပွဲ ဆိုတာ အများပြည်သူ ရှေ့မှောက်မှာ ထင်သာမြင်သာအောင် လုပ်ရမယ့် ကိစ္စ၊ မီဒီယာဆိုတာလည်း ဖိတ်တောင် ဖိတ်ခေါ်ထားရမယ့် ကိစ္စလေ။ ဘာကြောင့် ဒီလိုကန့်သတ် လိုက်တယ် ဆိုတာ စဉ်းစားစရာပေါ့” ဟု ဧရာဝတီကို ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူလူထုအား လွတ်လပ်စွာသိခွင့်၊ လေ့လာခွင့် ပေးခဲ့သည့်အပြင် မီဒီယာလွတ်လပ်ခွင့်လည်း ရှိခဲ့ပြီး ပြည်ပ အဖွဲ့များကိုလည်း လေ့လာခွင့် ပြုခဲ့သည်ဟု သူက ဆိုသည်။
ရွေးကောက်ပွဲနေ့တွင် မဲပေးခြင်းပြီးဆုံးပါက မဲရုံ၌ပင် အများပြည်သူရှေ့၊ သက်ဆိုင်ရာ ကိုယ်စားလှယ်များရှေ့၌ မဲရေတွက် မည်ဖြစ်ပြီး သက်သေ ၁၀ ဦးကိုပါ ထားပေးမည်ဖြစ်ကြောင်း၊ မဲရုံမှူးက ပယ်သည့် ဆန္ဒမဲများ၊ ကြိုတင်မဲများ ရေတွက်ခြင်း ကိုလည်း သက်ဆိုင်ရာ ကိုယ်စားလှယ်အား ကြည့်ခွင့်ပေးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲသည် နိုင်ငံတကာ စံနှုန်းနှင့်အညီ လုပ်ဆောင်ပေးခြင်းဖြစ်သဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်သည်မှာ ထင်ရှားနေကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။
“သက်သေ ၁၀ ဦးဆိုတာ ဘယ်သူတွေလဲ၊ မဲကိုဘယ်လိုပုံစံနဲ့ ရေတွက်မလဲ ဆိုတာတွေက အများကြီးပါ။ မှန်ကန်စွာရေတွက်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့လေ။ မီဒီယာ လွတ်လပ်နေရင်တောင် မဲလိမ်၊ မဲခိုးမှုတွေ ရှိနေတာ၊ လွတ်လပ်မှု မရှိတော့ဘူးဆိုရင်တော့ တနည်းနည်း နဲ့တော့ မဲလိမ်မှု ပေါ်လာနိုင်တယ်” ဟု ဦးသုဝေ က ဆိုသည်။
ရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲနီးလာသည် နှင့်အမျှ ကန့်သတ်မှု အမျိုးမျိုး ထုတ်ပြန်နေခြင်း၊ ဘက်လိုက်နေခြင်း တို့ကို နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရများက ဝေဖန်ပြောဆိုနေပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရေးအတွက် တောင်းဆို ထားသည်။
ရွေးကောက်ပွဲသို့ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့များ၊ မီဒီယာများအား လာရောက်လေ့လာခွင့် မပေးခြင်းအပေါ် ပြည်တွင်းသံတမန် အသိုင်းအ၀န်းက ဝေဖန်လိုက်ပြီး အမေရိကန်အစိုးရနှင့် အင်ဒိုနီးရှား အစိုးရကလည်း တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မလာနိုင်ကြောင်း ပြောဆိုသည်။

Geen opmerkingen: