မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 26 oktober 2010

ဒုတိယ ပင်လုံညီလာခံ ကျင်းပရန် ရွေးကောက်ပွဲ ၀င်မည့်ပါတီတချို့ ထောက်ခံ

စိုင်းဇွမ်ဆိုင်း Tuesday, October 26, 2010
.ဒုတိယ ပင်လုံညီလာခံ ကျင်းပရေးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ အဓိကထား တောင်းဆိုခဲ့သည့် ကလေးမြို့ဆုံးဖြတ်ချက် ကြေညာစာတမ်းအား ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီ တချို့က ထောက်ခံလိုက်ကြောင်း သိရှိရသည်။
ဗိုလ်ချုပ်အောင်ဆန်း(အလယ်)နှင့်တိုင်းရင်းသားခေါင်းဆောင်များအား၁၉၄၇ခုနှစ်ပင်လုံညီလာခံတွင် တွေ့ရစဉ်
ဒီမိုကရေစီနှင့် တန်းတူအခွင့်ရေးကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် တိုင်းရင်းသားပြည်သူ အားလုံး အတူတကွ လက်တွဲပြီး ဒုတိယပင်လုံညီလာခံကို ခေါ်ယူကျင်းပသွားမည်၊ ထိုညီလာခံကြီး အမြန်ဆုံးကျင်းပရန် ပြည်သူတရပ်လုံးက ကြိုးပမ်းသွားကြရမည်ဟူ၍ ကလေးမြို့ ကြေညာစာတမ်းတွင် ပါရှိသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဒုတိယ ပင်လုံညီလာခံ ကျင်းပရေး တောင်းဆို ချက်ကို ထောက်ခံကြောင်းနှင့် တိုင်းရင်းသားများလည်း ညီညွတ်သင့်နေပြီဖြစ်ကြောင်း ပြောသည်။
ဒေါက်တာ အေးမောင်က“ကျနော်တို့ပါတီ စတင်ထူထောင်စဉ်ကတည်းက တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်တဲ့ စစ်မှန်တဲ့ပြည်ထောင်စု တည်ဆောက်ရေးဆိုတာကို ဦးတည်တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တန်းတူ အခွင့် အရေး ရရှိရေး ဆိုတာတွေက ကျနော်တို့ အလေးထားစဉ်းစားထားရတဲ့ အချက်တွေဖြစ်ပါတယ်”ဟု ဆိုသည်။
သို့သော် လာမည့် နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး“ရွေးကောက်ပွဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံ၊ မခံ ဆိုတာက တပိုင်းပေါ့ဗျာ၊ ဒါပေမယ့် နောက်ထပ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်တရပ် ပေါ်ထွန်း လာအောင် ဘယ်သူမှ မစွမ်းဆောင်နိုင်သေးဘူး၊ ကျနော်တို့တွေက ဦးတည်ချက်ကတော့ ဒီမိုကရေစီ ပန်းတိုင်ပဲ၊ ဒီပန်းတိုင် ကို ကျနော်တို့ကလည်း ကျနော်တို့လမ်းအတိုင်း လျှောက်ရမှာပဲ”ဟုလည်း ဒေါက်တာ အေးမောင်က ပြောသည်။
ပထမ ပင်လုံညီလာခံကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ကျင်းပခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် ရှမ်း၊ ချင်း၊ ကချင် စသည့် တိုင်းရင်းသားခေါင်းဆောင်များက မြန်မာပြည် လွတ်လပ်ရေးအတွက် လက်မှတ် ရေးထိုး၍ ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြသည်။
ဒုတိယ ပင်လုံညီလာခံ ကျင်းပရေးအဆိုကို ဇိုမီး အမျိုးသား ကွန်ဂရက်မှ ဦးဆောင်ပြီး တိုင်းရင်းသားအဖွဲ့များနှင့် နိုင်ငံရေး သမားများက ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ကလေးမြို့ကြေညာစာတမ်း အမည်ဖြင့် ထုတ်ပြန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
၎င်းကြေညာစာတမ်းတွင် ဒုတိယပင်လုံညီလာခံကြီးကို ခေါ်ယူကျင်းပသွားမည်၊ ပြည်သူများ လိုလားတောင့်တနေသည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် တန်းတူညီမျှမှုတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်၊ လာမည့် ရွေးကောက်ပွဲသည် မည့်သည့်အပြောင်းအလဲကိုမျှ ဖော်ဆောင်ပေးမည်မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ဆောင်ရွက်သွားမည် စသည့် အချက် ၃ ချက် ပါရှိသည်။
ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်က၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ သည် တိုင်းပြည်တွင် လက်ရှိဖြစ်ပျက်နေသည့် ကိစ္စများ၊ တိုင်းရင်းသားအရေးကိစ္စများ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စ များကို ဖြေရှင်းပေးနိုင်လိမ့်မည် မဟုတ်ကြောင်း ပြောဆိုသည်။
“အဲဒါကြောင့် လူတိုင်း လူတိုင်းရဲ့ အခွင့်အရေးတွေကို အာမခံပေးမယ့် ညီလာခံတခုကျင်းပဖို့ ကျနော်တို့ တောင်းဆိုတာပါ” ဟု ဦးပူကျင့်ရှင်းထန်က ဧရာဝတီသို့ ပြောသည်။
၎င်းတို့ ကျင်းပရန်တောင်းဆိုသည့် ညီလာခံမှတဆင့် တိုင်းရင်းသားပြည်သူ တရပ်လုံးက လိုလားတောင့်တနေသည့် စစ် အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဦးပူကျင့်ရှင်းထန်က ပြောသည်။
ယင်းတောင်းဆိုချက်ကို တနင်္ဂနွေနေ့က စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကျင်းပသည့် ဇိုမီးအမျိုးသားကွန်ဂရက်၏ ၂၂ နှစ် မြောက် အခမ်း အနားမှတဆင့် တောင်းဆိုခဲ့ကြပြီး မွန်အမျိုးသားဒီမိုကရေစီအဖွဲ့၊ ကရင် အမျိုးသား ကွန်ဂရက်၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် စသည့် တိုင်းရင်းသားအဖွဲ့အစည်းများမှ ခေါင်းဆောင် များက လက်မှတ် ရေးထိုး ထောက်ခံခဲ့ကြသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က“ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ သဘောတူခဲ့ကြတဲ့ ပင်လုံညီလာခံထဲက အချက်အလက်တွေကိုတောင်မှ အကောင်အထည် မဖော်နိုင် သေးတဲ့အပြင် ပြည်တွင်းစစ်မီးကလည်း မငြိမ်းသေးဘူး၊ အပစ်ရပ် အဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေတာတွေလည်း ရှိသေး တယ်။ အဲဒါတွေကိုဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်”ဟု ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးတင်ဦး စင်္ကာပူနိုင်ငံသို့ သွားရောက်ဆေးကုခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည် သည် အစိုးရနှင့် တိုင်းရင်းသားများအကြား ဖြစ်ပျက်နေသည့် ပြဿနာများကို ကြားဝင်စေ့စပ်ပေးရန် အသင့်ရှိကြောင်း ပြောဆိုခဲ့ဖူးသည်ဟု ဦးတင်ဦးက စင်္ကာပူနိုင်ငံတွင် ပြောဆိုခဲ့သည်။
ဒီမိုကရက်တီပါတီ (မြန်မာ)မှ ဦးသုဝေကလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခြေခံသည့် တွေ့ဆုံဆွေးနွေးမှု သည် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍတွင် အရေးပါသောအချက်တချက်ဖြစ်ကြောင်း၊ သို့သော် လက်တွေ့တွင် အမှန်တကယ် ဖြစ်လာနိုင်ခြင်း ရှိ မရှိကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြောသည်။
“တိုင်းရင်းသားတွေ အရေးကိစ္စအတွက်ဆိုရင် ပြည်တွင်းစစ်မီးကို အရင်ဆုံး ငြိမ်းအောင်လုပ်ရမယ်၊ အဲလို ငြိမ်းဖို့အတွက် အစိုးရကပါ ပါဝင်လုပ်ဆောင်မှ ရလိမ့်မယ်။ အဲဒါကြောင့် သူတို့တောင်းဆိုတဲ့အပေါ်ကို အစိုးရက ဘယ်လိုမြင်တယ် ဆိုတာ ကလည်း အရေးကြီးတယ်”ဟု ဦးသုဝေက ဧရာဝတီသို့ ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို တိုင်းရင်းသားအများစုက လက်မခံကြကြောင်း၊ ပင်လုံညီလာခံမှတဆင့်ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကဲ့သို့ ဒီမိုကရေစီ ပြည်ထောင်စု၊ တိုင်းရင်းသားအခွင့်အရေး၊ လူ့အခွင့်အရေးတို့ကို အာမခံနိုင်သည့် ဥပဒေ တရပ် ပြန်လည်ရေးဆွဲရန်လိုအပ်ကြောင်း ဦးအေးသာအောင်က ပြောသည်။
အခမ်းအနားတွင် NationalReconciliationHeroAwardအားဇိုမီးအမျိုးသားကွန်ဂရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ ဦးဝင်းတင်ကို ပေးအပ်ခဲ့သည်။ ဒု ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ယခင်နှစ်များက အလားတူ ဆုမျိုး ရရှိခဲ့ဖူးသည်။
စစ်အစိုးရ၏ ဒို့တာဝန်အရေးသုံးပါးတွင် ပါဝင်သော အချက်တချက်ဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ကလေးမြို့ကြေညာစာတမ်းပါ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့သည် တိုင်းရင်းသားများအပေါ်တွင် မည်မျှထိရောက်မှု ရှိမည်နည်း ဆိုသည့်အချက်သည် လည်း မေးခွန်းထုတ်စရာပင် ဖြစ်သည်။

Geen opmerkingen: