မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 19 oktober 2010

အမျိုးသမီးနှင့်ကလေး ကျန်းမာရေး အစီရင်ခံစာ ထုတ်ပြန်

မြတ်ခိုင်ဦး / ၁၉ အောက်တိုဘာ ၂၀၁၀
မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ အမျိုးသမီးနှင့် ကလေးငယ်တို့၏ အလွန်ဆိုးဝါးနေသော ကျန်းမာရေး အခြေအနေနှင့် ပတ်သက်သည့် (DIAGNOSIS CRITICAL) အမည်ရှိ အစီရင်ခံစာတစောင်ကို ယနေ့ထုတ်ပြန် လိုက်သည်။
စာမျက်နှာ(၅၀)ပါဝင်ပြီးလူဦးရေပေါင်း(၂၇,၀၀၀)ဦးခန့်ကိုမေးမြန်းကာစစ်တမ်းပြုစု ရေးသားတင်ပြထားသည့် အဆိုပါအစီရင်ခံစာကို မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း (BMA)၊ အမျိုးသား ပညာရေးနှင့် ကျန်းမာရေးကောင်စီ (NHEC)၊ နယ်လှည့်ကျောပိုးအိတ် ဆေးဝါးကုသရေးအဖွဲ့နှင့် တိုင်းရင်းသားဒေသများဖြစ်သည့် ရှမ်း၊ ကရင်နီ၊ ကရင်၊ မွန်၊ ပလောင်ဒေသများမှ လူထုကျန်းမာရေး အဖွဲ့တို့က ပူးပေါင်း အကောင်အထည်ဖော်ကြခြင်း ဖြစ်သည်။
အစီရင်ခံစာနှင့် ပတ်သက်သည့် ယနေ့ သတင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအရှေ့ပိုင်း ဖြစ်သည့် ရှမ်း၊ ကရင်နီ၊ ကရင်၊ မွန်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်း ဒေသများမှ သေဆုံးနေရသော ကလေးသူငယ်များ၏ (၆၀) ရာခိုင်နူန်းသည် ကာကွယ်ကုသ၍ရသော ရောဂါများဖြင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ ကလေးသူငယ် သေဆုံးမှုနူန်းထားသည် အစိုးရ၏ တရားဝင်ထုတ်ပြန်သော စာရင်းဇယားများထက် (၂)ဆကျော် များကြောင်း ဖော်ပြထားသည်။
အမျိုးသမီးများတွင်လည်း ငှက်ဖျားရောဂါခံစားနေရသူ အရေအတွက်မှာ (၁၄)ဦးလျှင် (၁)ဦးရှိနေပြီး အစိုးရ စာရင်းဇယားများနှင့် ဆန့်ကျင်စွာပင် မိခင်များသေဆုံးမှုမှာ (၃)ဆခန့် မြင့်မားနေသည်ဟု အစီရင်ခံစာမှ ဆိုသည်။
တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော ဒေသတွင်းစစ်ပွဲများနှင့် မြန်မာစစ်တပ်အင်အား ချဲ့ထွင်မှုတို့ကြောင့် တိုင်းပြည်အတွင်းရှိ နိုင်ငံအရှေ့ဘက်ခြမ်း တခုတည်းတွင်ပင် ရွာပုန်းရွာရှောင်အဖြစ် ပြေးလွှားပုန်းအောင်း နေထိုင်ရသည့် လူဦးရေပေါင်းသည် အနည်းဆုံး (၄)သိန်းခွဲရှိကြောင်း၊ ထိုသူများသည် ငှက်ဖျား၊ ဝမ်းရောဂါ၊ အာဟာရချို့တဲ့မှု၊ မီးဖွားမှုဆိုင်ရာ စသည့် ရောဂါဘယမျိုးစုံကို ခံစားနေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြသည်။
၂၀၀၂ ခုနှစ် မက်ဆေးဆေး ဆုရှင် ထိုင်းမြန်မာနယ်စပ် မဲဆောက်ရှိ မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင်က “အဲဒီသူတွေရဲ့ ကျန်းမာရေးအတွက် တတ်နိုင်သမျှ ကျမတို့ကြိုးပမ်းပေမယ့် စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသရွေ့ အဲဒီကျန်းမာရေးဆိုင်ရာ ကပ်ဆိုးတွေကို ပြည်သူလူထုက ဆက်လက်ခံစားနေရဦးမှာသာ ဖြစ်တယ်”ဟု သတင်းစာရှင်းလင်းပွဲတွင် ထောက်ပြ ပြောဆိုသွားသည်။
မဟီဒေါ တက္ကသိုလ်မှ ပါမောက္ခဒေါက်တာသီရိပရာပါကလည်း “ကျမတို့ဟာ ဒီလိုရုန်းကန် ရင်ဆိုင်နေရတဲ့ လူ့အဖွဲ့အစည်းဝင်တွေရဲ့ ကြိုးပမ်းမှုတွေကို ဆက်လက်ထောက်ခံ ပံ့ပိုးပေးရပါမယ်။ ဒါတွေဟာ လူ့အဖွဲ့အစည်းထဲက လူများစွာအတွက် လူမှုလုပ်ငန်းတွေ ရှင်သန်ရေးအတွက် အရင်းအမြစ်တခုထဲတင် မကပါဘူး ဒေသတွင်း ကျန်းမာလုံခြုံမှုတွေ အတွက်လည်း ကာကွယ်ကူညီပေးနေတာပါ”ဟု အစီရင်ခံစာတွင် ထည့်သွင်းပြောကြားထားသည်။
၂၀၀၄ ခုနှစ်ကလည်း ရှမ်း၊ ကရင်၊ ကရင်နီနှင့် မွန်ဒေသများရှိ စစ်ပွဲများ ဖြစ်ပွားရာ အရပ်ရှိ ပြည်သူများနှင့် ပတ်သက်သော ကျန်းမာရေးဆိုင်ရာ အစီရင်ခံစာ Chronic Emergency ဆိုသည့် အစီရင်ခံစာ တစောင်ကို ဤအဖွဲ့များမှ ထုတ်ပြန်ခဲ့ဖူးသည်။

Geen opmerkingen: