မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 20 oktober 2010

ကိုရီးယားသို့ လုပ်သားစေလွှတ်မှု အလုပ်သမားဝန်ကြီးဌာန ချုပ်ကိုင်

ဝီရ / ၂၀ အောက်တိုဘာ ၂၀၁၀
တောင်ကိုရီးယားနိုင်ငံသို့မြန်မာအလုပ်သမားများ စေလွှတ်ရာတွင် မည်သည့် ပြင်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီကိုမှ ခွင့်ပြုမည်မဟုတ်ဘဲ အလုပ်သမားဝန်ကြီးဌာန ကိုယ်တိုင် အေဂျင်စီ ဖွင့်လှစ်၍ တဦးတည်းကိုယ်စားလှယ်အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ ညွှန်ကြားရေးဦးစီးဌာနမှ အရာရှိတို့ဖြင့် အသစ် ထူထောင်လိုက်ခြင်းဖြစ်ပြီး ရပ်ဆိုင်းထားသော အလုပ်သမား စေလွှတ်ရေးကို ယခုလမှစ၍ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။
ရန်ကုန်မြို့ရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတခုမှ တာဝန်ရှိသူတဦးက “အရင်က လုပ်ခွင့်ပေးထားတဲ့ အေဂျင်စီက ကိုရီးယားအစိုးရနဲ့ မပြေလည်ခဲ့လို့ လုပ်သား မပို့ဖြစ်တာ မနှစ် ကတည်းကပါ။ အခု အလုပ်သမားဝန်ကြီးဌာနကိုယ်တိုင် အေဂျင်စီ ဖွင့်ပြီး စာမေးပွဲအောင်ထားတဲ့ အရင်လူတွေကို အခု လျှောက်လွှာ ပြန်တင်ခိုင်းနေတယ်။ သွားဖို့ ကုန်ကျစရိတ်တွေ၊ လုပ်ငန်းအမျိုးအစားတွေ၊ အခြားအာမခံချက်တွေကိုတော့ ဘာမှ မကြေညာရသေးဘူး"ဟု ခေတ်ပြိုင်သို့ ပြောသည်။
ယခင် တဦးတည်းကိုယ်စားလှယ်အဖြစ် လုပ်ခွင့်ရခဲ့သည့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ပိုင် ရွှေအင်းဝကုမ္ပဏီက စည်းကမ်းချက်များအတိုင်း လုပ်ဆောင်ခြင်းမရှိဘဲ အလုပ်သမားများနှင့် ပတ်သက်သော နစ်နာဆုံးရှုံးမှုများအတွက် အရေးယူပေးရန် မြန်မာဘက်မှ ပျက်ကွက်ခဲ့ခြင်းကြောင့် အလုပ်သမား လက်ခံရန် ကိုရီးယားအစိုးရဘက်က ပြီးခဲ့သည့် ၂၀၀၉ ခု နိုဝင်ဘာလ ကတည်းက ငြင်းဆန်ခဲ့သည်။
ယင်းကဲ့သို့ ရပ်ဆိုင်းလိုက်ခြင်းကြောင့် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ အောင်မြင်ထားသူ မြန်မာနိုင်ငံသား(၃၀၀၀)ခန့် သွားရောက်ခွင့် မရဘဲ သောင်တင်နေခဲ့ကြကြောင်း အေဂျင်စီ တာဝန်ရှိသူက ရှင်းပြသည်။
ယခုထူထောင်လိုက်သည့်စစ်အစိုးရ အလုပ်သမားဝန်ကြီးဌာနပိုင် ပထမဆုံး ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှတဆင့် အစိုးရအချင်းချင်း (GovernmenttoGovernment)တိုက်ရိုက်အဆင့်ဖြင့် မြန်မာအလုပ်သမားများ ထပ်မံ စေလွှတ်ရန် ပြီးခဲ့သည့် သီတင်းပတ် (၂)ပတ်က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
“အရင်ကကိုရီးယားပို့နေတဲ့ရွှေအင်းဝကလည်းစစ်မှုထမ်းဟောင်းကပဲလေ။အခု အလုပ်သမားဝန်ကြီးဌာနက ချုပ်ကိုင်လည်း မထူးပါဘူး။ သူတို့လူတွေ၊ သူတို့နဲ့ နီးစပ်တဲ့ အေဂျင်စီတွေကတဆင့် လုပ်ကိုင်ကြရမှာဆိုတော့ သွားချင်တဲ့လူတွေအတွက် စရိတ် သက်သာလာမှာ၊ အခွင့်အရေးပိုရလာမှာ မဟုတ်ဘူး။ ကိုရီးယားအတွက် အရင်က သိန်း(၇၀)၊ အခုဆို သိန်း (၁၀၀) ကျော်တော့ ကုန်မှာပဲလေ” ဟု ရန်ကုန်ရှိ အခြားအလုပ်အကိုင်ရှာဖွေရေး မန်နေဂျာတဦးက ပြောသည်။
၂၀၁၀ ခုနှစ်တွင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ (၁၀၁)ခုကို လိုင်စင်ချထားပေးကြောင်း၊ အဆိုပါ အေဂျင်စီများအား တောင်ကိုရီးယားနိုင်ငံမှလွဲ၍ အခြားသော နိုင်ငံများသို့ လုပ်ကိုင်ခွင့်ပြုထားကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အလုပ်သမားဝန်ကြီးဌာန အေဂျင်စီက အခြားနိုင်ငံများသို့ပါ လုပ်သားစေလွှတ်ရေး လုပ်ကိုင်လာပါက အခြားအေဂျင်စီတို့ စီးပွားရေးထိခိုက်မှုများ ဖြစ်နိုင်ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတို့က စိုးရိမ်နေကြသည်။
မြန်မာအလုပ်သမားများကို ပြန်လည် ခေါ်ယူရန် ကိုရီးယားနိုင်ငံ လူ့စွမ်းအားရင်းမြစ်ဖွံ့ဖြိုးမှုဌာနက ကြေညာထားသော်လည်း အသေးစိတ် ဖော်ပြထားခြင်း မရှိသေးကြောင်း ကိုရီးယားနိုင်ငံ ဆောအူးမြို့တွင် ပရိဘောဂလုပ်ငန်း လုပ်ကိုင်သူ ကိုမော်ဇင်က ဆိုသည်။
၎င်းက "စည်းကမ်းချက်တွေ၊ အကျိုးဆောင်ခတွေ၊ အာမခံငွေတွေကိစ္စ ပြီးတော့ လုပ်သားအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ကြေညာထားတာမျိုး မရှိသေးဘူး။ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်မယ်ဆိုတော့ ကောင်းပါတယ်။ ဒါပေမယ့် ဒီကိုလာတဲ့သူတွေ ကိုယ့်ရဲ့ခံစားခွင့်ကို မြန်မာပြည်ထဲကနေ လေ့လာထား၊ တောင်းထားသင့်တယ်။ ဒါမှ ဒီကိုရောက်ရင် အခြားသော နိုင်ငံသားတွေရဲ့ ခံစားခွင့်အတိုင်း ရနိုင်မှာလေ” ဟု ပြောသည်။
ကိုရီးယားသို့ ရောက်လာသည့် မြန်မာလုပ်သမားများ၏ အဓိက ပြဿနာများမှာ ကုမ္ပဏီ အခြေခံလစာနှင့် ခံစားခွင့်၊ အလုပ်ချိန်၊ နားခွင့်၊ နေထိုင်စားသောက်ရေး၊ အချိန်ပိုလုပ်အားခ စသည့် ခံစားပိုင်ခွင့်များ ဆုံးရှုံးခြင်း၊ အန္တရာယ်ရှိ အလုပ်များ လုပ်ကိုင်ရခြင်းတို့ ဖြစ်သည်။
ကိုရီးယားအစိုးရ၏ တရားဝင် ထုတ်ပြန်ချက်အရ မြန်မာအလုပ်သမား (၃,၀၀၀)ခန့်ရှိပြီး အီးပီစနစ်ဖြင့် အဆင်မပြေကြ၍ Overstay(ရက်လွန်)အဖြစ် နေထိုင်နေသူ မြန်မာနိုင်ငံသား ထောင်ချီရှိကြောင်း သိရသည်။

Geen opmerkingen: