မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 18 oktober 2010

ကမ္ဘာ့ဒီမိုကရေစီလူငယ်များနေ့ ထိုင်း-မြန်မာနယ်စပ်တွင် ကျင်းပ

ရဲရင့် / ၁၈ အောက်တိုဘာ ၂၀၁၀

အာဏာရှင်များ၏ ဖိနှိပ်မှုများကြားမှ ကမ္ဘာ့နေရာအနှံ့အပြားတွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေး လွတ်မြောက်မှုအတွက် တိုက်ပွဲဝင်နေသော လူငယ်ကျောင်း သားများအား ကမ္ဘာကသိရှိပြီး ထောက်ခံမှုပိုမိုရရှိနိုင်ရန် ရည်ရွယ်၍ (၇)ကြိမ်မြောက် ကမ္ဘာ့ဒီမိုကရေစီလူငယ်များနေ့ကို ထိုင်း-မြန်မာနယ်စပ်တွင် ယနေ့ ပြုလုပ်သည်။
ကျင်းပရေးကော်မတီဝင်တဦးဖြစ်သူ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ နိုင်ငံခြားရေးရာကော်မတီအဖွဲ့မှ ကိုသွင်လင်းအောင်က"ကမ္ဘာအနှံ့မှာ မလွတ်မြောက်သေးတဲ့ အာဏာရှင်အမျိုးမျိုးရဲ့အောက်မှာ ရုန်းကန်နေရတဲ့လူငယ်တွေ ဘယ်လိုမျိုး ဆင်းရဲဒုက္ခတွေ ခံစားနေရသလဲဆိုတာ ကမ္ဘာကသိအောင် ပုံစံမျိုးစုံနဲ့ ကျင်းပတဲ့ပွဲဖြစ်တယ်" ဟု ပြောသည်။
ယနေ့ကျရောက်သည့် ကမ္ဘာ့ဒီမိုကရေစီလူငယ်များနေ့ကို မြန်မာပြည်လွတ်မြောက်ရေးအတွက် လှုပ်ရှားနေသည့် ကျောင်းသားလူငယ်များကလည်း ပြည်တွင်း၌ လျှို့ဝှက်စွာ ပြုလုပ်ခဲ့ကြသည်ဟု ၎င်းကပြောသည်။
“မြန်မာပြည်မှာ ခံစားနေရတဲ့ အကျဉ်းသား ကျောင်းသားလူငယ်တွေ အများကြီးရှိတယ်၊ အဲဒီလူတွေရဲ့အခြေအနေတွေ ဘ၀တွေကို ကမ္ဘာနဲ့ဒီမှာရှိတဲ့ လူငယ်မျိုးဆက်သစ်တွေ သိသွားအောင် နိုင်ငံတကာနဲ့ တပြေးညီကျင်းပရတာပါ။ သူတို့လွတ်မြောက်နိုင်ဖို့ အတွက်လည်း ကျနော်တို့တတွေ တောက်လျှောက်ကြိုးစား လုပ်ဆောင်နေပါတယ်။ ကျနော်တို့ဒီမှာ လုပ်ရှားနေတဲ့လူငယ်တွေက အထဲမှာ လှုပ်ရှားနေတဲ့လူငယ်တွေကို အဓိက ပံ့ပိုးပေးတာပါ” ဟုပြောသည်။
ယနေ့အခမ်းအနားကို တပ်ပေါင်းစု(၄)ခုဖြစ်သည့် တိုင်းရင်းသားလူငယ်များအင်အားစု(NY-Forum)၊ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB)မျိုးဆက်သစ်လူငယ်များအစည်းအရုံး(GW)နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ နိုင်ငံခြားရေးရာကော်မတီ (ABFSU-FAC) အဖွဲ့တို့က စုပေါင်းကျင်းပခြင်းဖြစ်သည်။
အဆိုပါအဖွဲ့တို့က ယနေ့ထုတ်ပြန်သည့်ကြေညာချက်တွင် နိုင်ငံအနှံ့အပြားမှ လူငယ်များသည် ဆင်းရဲမွဲတေမှုကို ခံစားနေရပြီး ကောင်းမွန်သောပညာရေး ထောက်ပံ့မှု၊ ကျန်းမာရေး စောင့်ရှောက်မှုတို့ မရရှိဘဲ အများစုသည် ကလေးလုပ်သား၊ ကလေးစစ်သားများအဖြစ် ဘ၀ဆိုးများကို ဖြတ်သန်းနေရကြောင်း၊ အချုပ်အားဖြင့်ဆိုရလျှင် မြန်မာလူငယ်များသည် စစ်အာဏာရှင်တို့၏ လူအခွင့်အရေးချိုးဖေါက်မှု ပုံစံမျိုးစုံကို ခံစားနေရကြောင်း ဖော်ပြထားသည်။
စီဒီစီ အထက်တန်းကျောင်းမှ (၁၀)တန်းကျောင်းသူ မမီမီးက“ဒီကိုလာမှပဲ မြန်မာ့ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး ရရှိဖို့အတွက် ကျမတို့လူငယ်တွေရဲ့ အခန်းကဏ္ဍအရေးပါပုံကို သိရှိခဲ့ရတယ်၊ မြန်မာပြည်ရဲ့အကျဉ်းထောင်တွေထဲမှာရှိတဲ့ လူငယ်ကျောင်းသားတွေရဲ့ စွန့်လွှတ် အနစ်နာခံ ပေးဆပ်မှုတွေကို ဂုဏ်ပြုလေးစားတဲ့အနေနဲ့ ဒီတာဝန်ကို ကျမတို့ဆက်ပြီးသယ်ပိုးသွားမယ်”ဟု ပြောသည်။
ယနေ့အစီအစဉ်တွင် လူငယ်တပ်ပေါင်းစု (၄) ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သည့် ကိုသွင်လင်းအောင်က နအဖ၏ ဖွဲ့စည်းပုံသည် စစ်အုပ်စုအသာစီးရရန် ရေးဆွဲထားသဖြင့် ယင်းဖွဲ့စည်းပုံအရ ကျင်းပမည့် ၂၀၁၀ ရွှေးကောက်ပွဲကို လုံးဝဆန့်ကျင် တိုက်ဖျက်သွားမည်ဟု ပြောဆိုသွားသည်။
အခမ်းအနားသို့ သပိတ်မှောက်ကျောင်းသားဟောင်းများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ တော်လှန်ရေးခေါင်းဆောင်အချို့နှင့် မြန်မာရွှေ့ပြောင်းကျောင်းများမှ ကျောင်းသားလူငယ်များ၊ မြန်မာ့ဒီမိုကရေစီရေး ဆောင်ရွက်နေသည့်လူငယ်များ တက်ရောက်ကြသည်။
ကမ္ဘာ့ဒီမိုကရေစီလူငယ်များနေ့ကို ၂၀၀၃ ခုနှစ်မှ စ၍ တောင်အာဖရိကနိုင်ငံမှ လူငယ်များ က စတင်သတ်မှတ် ကျင်းပလာကြခြင်း ဖြစ်သည်။

Geen opmerkingen: