မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 28 oktober 2010

ပြည်ပ ထွက်ခွာသူများကို ကြိုတင်မဲကောက်မည်

နရီလင်းလက် Thursday, 28 October 2010 12:22
.လူဝင်မှု ကြီးကြပ်ရေး ဌာနနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ ပူးပေါင်း၍ ရွေးကောက်ပွဲ မတိုင်မီ ပြည်ပ ထွက်ခွာမည့် သူများထံမှ ကြိုတင်မဲ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ရပ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)၏ သေချာပေါက် မဲရယူနည်းတခုဟု ဝေဖန် ပြောဆိုမှုများလည်း ရှိနေသည်။
စစ်အစိုးရ၀န်ကြီးချုပ်ဦးသိန်းစိန်ခေါင်းဆောင်သောကြံ့ဖွံ့ပါတီမဲဆွယ်စည်းရုံးရေးကြော်ငြာဆိုင်းဘုတ် တခုကိုရန်ကုန်မြို့တွင်းတနေရာ၌တွေ့ရစဉ်(ဓာတ်ပုံ-AP)
နိုဝင်ဘာ ၇ ရက်နေ့ မတိုင်မီ ပြည်ပ ထွက်ခွာမည့် သူများကို လူဝင်မှု ကြီးကြပ်ရေးဌာနနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ ပူးပေါင်း၍ D-Form ထုတ်ပေးသည့်အချိန်တွင် ကြိုတင်မဲရယူသွားမည်ဟု အနောက်ပိုင်းခရိုင် ကော်မရှင်မှ တာဝန်ရှိသူ တဦးက ပြောသည်။
မဲဆန္ဒနယ် ပြင်ပတွင် ရောက်ရှိနေသူများထံမှ ကြိုတင်မဲများကို နိုဝင်ဘာ ၅ ရက်နေ့ မှစတင်၍ ကောက်ယူနိုင်ကြောင်း တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် ကော်မရှင် ရုံးများသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးသိန်းစိုးမှ စာပို့ကြောင်း ၎င်းက ဧရာဝတီကို ပြောသည်။
“ကြိုတင်မဲ ကောက်လို့ ရတဲ့ သူတွေဆီက အကုန်ကောက်လို့ရပြီဆိုတာ ကြော်ငြာဖို့၊ နောက်တခုက ကြိုတင်မဲ ပေးချင်တဲ့ သူတွေရှိရင် သူတို့ဆီက ကောက်ဖို့ စာမှာပါတယ်။ ဒီအတွက်လည်း မြို့နယ်ကော်မရှင်ရုံးတွေက မဲပေးသူတွေအဆင်ပြေ အောင် စီစဉ်ပေးဖို့ပါတယ်”ဟု အထက်ပါ ကော်မရှင် တာဝန်ရှိသူက ဆက်ပြောသည်။
မဲဆန္ဒနယ် ပြင်ပတွင် ရောက်ရှိနေသူများထံမှ ကြိုတင်မဲ ကောက်ယူနိုင်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ထား သည်။
“ ၃ ရက်နေ့မှာ နိုင်ငံခြားထွက်ရမယ့် လူဆိုရင် သူတို့ သတ်မှတ်ပေးထားတဲ့နေ့ ပေးလို့မရဘူး။ ညနေ ၄ နာရီ လောက်မှ DFormရတယ်၊ နောက်နေ့ မနက်အစောကြီးထွက်ရမယ့် မဲပေးမယ့်သူအနေနဲ့ ရုံးကိုသွားပြီး မဲပေးဖို့ အချိန်လည်းမရှိတော့ဘူး၊ ဒီလိုမျိုးတွေအတွက် အဓိက D Form ထုတ်ပေးတဲ့နေရာမှာ တခါတည်း ကြိုတင်မဲ ယူသွားမယ်။ ဘယ်လိုပဲယူယူ ကြံ့ဖွံ့ ပါတီ အတွက်မဲ ပဲ”ဟု အလုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူတဦးက ပြောသည်။
“သင်္ဘောသားတွေကို သူတို့ နဲ့ သက်ဆိုင်တဲ့ မြို့နယ်ကနေ ကြံ့ဖွံ့အတွက် ကြိုတင်မဲ ကောက်ဖို့ ဒီလူက ပြည်ပ ဘယ်တော့ ထွက်ခွာမှာလဲဆိုတာ မြို့နယ်ကော်မရှင်က မစိစစ်နိုင်ဘူးလေ။ ဒီတော့ မလွတ်သွားအောင် အပိုင်ကြိုတင်မဲ ယူလို့ရမယ့် နေရာ တွေဖြစ်တဲ့ ပုံစံ ၁၉ ထုတ်ပေးတဲ့ အချိန်တို့ ၊ D form ထုတ်ပေးတဲ့အချိန်တို့မှာ မဲယူလိုက်တာမျိုးပေါ့”ဟုလည်း ၎င်းက ပြော သည်။
ပြည်ပထွက်ခွာမည့် NGO၀န်ထမ်းများနှင့် အစိုးရအဖွဲ့ အစည်းများထံမှလည်း သီးခြားအစီအစဉ်ဖြင့် ကြံ့ဖွံ့ပါတီက ကြိုတင်မဲ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
“မသမာတဲ့ နည်းလမ်းတွေသုံးပြီး အစောကတည်းက ကောက်လို့ ရလာတဲ့ ကြိုတင်မဲ ရယ်၊ တရားဝင် ကြိုတင်မဲ ကောက်ရ မယ့်ရက် သတ်မှတ်ပြီး ကောက်တာရယ် ဘယ်လိုပဲ ကောက်ကောက် ကြံ့ဖွံ့ပါတီကို ထောက်ခံတဲ့ မဲတွေချည်းပဲ။ အစိုးရနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းထဲက လူတချို့ နိုင်ငံခြားသွားတယ်ဆို သူတို့ ကို သီးခြားအစီအစဉ်နဲ့ ကောက်တယ်ပြောပေမယ့် ဘယ်လိုကောက်တာလဲ ဆိုတာ မြင်ရတာ မဟုတ်သလို နည်းမှန်လမ်းမှန်နဲ့လားဆိုတာ ဘယ်သူသိမှာလဲ”ဟု ပြည်ထဲရေး ၀န်ကြီးဌာနမှ အရာရှိတဦးက ဆိုသည်။
“ပုံစံ ၁၉ (နိုင်ငံခြားထွက်ခွာခါနီး အခွန်ကင်းရှင်းကြောင်း ထုတ်ပေးသည့်စာရွက်) ထုတ်ပေးတဲ့ အချိန်မှာ ရုံးကနေ မဲပေးပြီးပြီ လား မပေးရသေးရင် သက်ဆိုင်ရာမြို့မှာ ကြိုတင်မဲပေးဆိုပြီး လုပ်မယ်”ဟုလည်း ၎င်းက ပြောသည်။
လာမည့် ရွေးကောက်ပွဲတွင် စစ်အစိုးရဝန်ကြီးချုပ် ခေါင်းဆောင်သည့် ကြံ့ဖွံ့ပါတီသည် အနိုင်ရရှိရန် ကြိုတင်မဲ စုဆောင်းခြင်း၊ မဲဆွယ်စည်းရုံးခြင်းများကို နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်နေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
လာမည့် နိုဝင်ဘာ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု စစ်အစိုးရက ထုတ်ပြန်ကြေညာထားသည်။

Geen opmerkingen: