မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 30 oktober 2010

CoI ဖွဲ့စည်းရေး မထောက်ခံရန် တရုတ် စည်ရုံး

စိုင်းဇွမ်ဆိုင်း Saturday, 30 October 2010 16:35
.စစ်အစိုးရ၏ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများကို စစ်ဆေးရန် စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI)ဖွဲ့စည်းရေးကို မထောက်ခံကြရန် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် တရုတ်နိုင်ငံက အပြင်းအထန် စည်းရုံးနေကြောင်း သတင်းရရှိသည်။
၂၀၁၀၊ စက်တင်ဘာလ ၈ ရက်နေ့က တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ရောက်ရှိလာသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကြိုဆိုနေသည့် တရုတ် သမ္မတ ဟူကျင်းတောင် (ဓာတ်ပုံ - Reuters)
အမေရိကန် နိုင်ငံခြားရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ပီဂျေ ခရော်လေ က အမေရိကန် အနေဖြင့် CoI ဖွဲ့စည်းရေးကို ထောက်ခံကြရန် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေချိန်တွင် တရုတ်နိုင်ငံက တခြား ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအပေါ် ခြိမ်းခြောက်သည့်သဘောမျိုးဖြင့် မထောက်ခံကြရန် ပြောဆိုမှုများရှိနေသည်ဟု ၎င်း၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြောင်း သိရသည်။
“ဒီအခြေအနေမှာဘယ်လိုအပြန်အလှန်ပြောဆိုမှုတွေပေါ်လာဦးမလဲဆိုတာကိုတော့ မပြောတတ်သေးပါဘူး။ သေချာတာ တခုက ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေပါတယ်။ တရုတ်အရာရှိတွေနဲ့ ဆွေးနွေးဖို့ ကျနော့်အနေနဲ့ အတင်းအကျပ် လုပ်ဆောင်မှာ မဟုတ်ပါဘူး”ဟု ပီဂျေခရော်လေ က ဆိုသည်။
မစ္စတာ ပီဂျေခရော်လေ က မြန်မာပြည်တွင် ဖြစ်ပျက်နေသည့် ကိစ္စများအပေါ် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအနေဖြင့် မတူညီသော အမြင် သဘောထားများ ရှိကြကြောင်း၊ တချို့နိုင်ငံများသည် CoI ဖွဲ့စည်းရေးကို ထောက်ခံမှုသော်လည်း ကျန်ရှိနေသော နိုင်ငံများသည်း မတူညီသည့် အကြောင်းပြချက်ပေါင်း ၂၅ ခုကြောင့် နှောင့်နှေးနေကြခြင်း ဖြစ်ကြောင်း ပြောသည်။
CoIဖွဲ့စည်းရေးအတွက်လှုံ့ဆော်နေသည့်အဖွဲ့အစည်းတခုဖြစ်သောထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးပညာပေး ဌာန (မြန်မာနိုင်ငံ) (HREIB)အဖွဲ့မှ မချယ်ရီဇောင်ဟောင်း က တရုတ်နိုင်ငံအပြင် အိန္ဒိယနိုင်ငံသည်လည်း CoI ဖွဲ့စည်းရေးကို ထောက်ခံခြင်းမရှိဟု ဧရာဝတီသို့ ပြောသည်။
“သူတို့တွေကစစ်အစိုးရကိုကာကွယ်နိုင်သလောက်ကာကွယ်ကြမှာပဲလေ။ အဲဒီလို အကာအကွယ်ပေးနိုင်မှပဲ မြန်မာနိုင်ငံက သယံဇာတတွေ အကျိုးအမြတ်တွေ ရရှိမယ်လေ။ ဒါကတော့ ထူးထူးခြားခြား မဟုတ်ဘူးလို့ ကျမ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်အစိုးရအား ယခုကဲ့သို့ အကာအကွယ်ပေးနေခြင်းသည် မြန်မာနိုင်ငံသားများကို ဖိနှိပ်ရာရောက်ကြောင်း၊ လူ့အခွင့်အရေးကို အလေးအနက်ထားရန် တိုက်တွန်းနေသည့် နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း ဆန့်ကျင်ရာရောက်ကြောင်းနှင့် ၎င်းတို့ နိုင်ငံအနေဖြင့်လည်း သိက္ခာကျကြောင်း မချယ်ရီဇောင်ဟောင်း က ဝေဖန်သည်။
CoI ဖွဲ့စည်းရေးကို အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ နယူးဇီလန်၊ နယ်သာလန်၊ ချက်သမ္မတနိုင်ငံ စသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း တဒါဇင်ကျော်က ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ဖြစ်သည်။



Geen opmerkingen: