မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 19 oktober 2010

နေပြည်တော်တွင် ဂျီအက်စ်အမ်ဖုန်း သုံးခွင့် ကန့်သတ်ထား

အောင်ထက် / ၁၉ အောက်တိုဘာ ၂၀၁၀
နေပြည်တော်တွင်ယခင်ကလုံးဝအသုံးပြု၍ မရသည့်(09)ဂဏန်းအစဂျီအက်စ်အမ်(GSM) မိုဘိုင်းဖုန်းများကို အောက်တိုဘာနှင့် နိုဝင်ဘာ နှစ်လတည်းအတွက်သာ အသုံးပြုခွင့်ပေးမည်ဟု သိရသည်။
နေပြည်တော် နှစ်လည် ကျောက်မျက်ပြပွဲကို လာမည့် နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ရာ တက်ရောက်ကြမည့် ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံခြားသား ခရီးသွားများအတွက် ဆက်သွယ်မှု ကွန်ရက် ကောင်းမွန်စေရန် ရည်ရွယ်၍ ဂျီအက်စ်အမ် ဖုန်းလိုင်းကို ယခုလို ယာယီ ဖွင့်ပေးထားခြင်းဖြစ်သည်ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေးမှ အရာထမ်းတဦးက ပြောသည်။
နှစ်လယ် ကျောက်မျက်ပြပွဲ ပြီးဆုံးပါက ဂျီအက်စ်အမ်ဖုန်းလိုင်း ပြန်လည်ပိတ်သိမ်းမည်ဟု ယင်းအရာရှိက ပြောသည်။
နေပြည်တော်တွင် တာဝန်ကျသည့် ဌာနဆိုင်ရာဝန်ထမ်းတဦးက “အောက်တိုဘာ ပထမပတ်ကတည်းက နေပြည်တော်မှာ ဂျီအက်စ်အမ်လိုင်း စဖွင့်ပေးတယ်လို့ ယူဆရတယ်။ ပြီးခဲ့တဲ့လ(၁၃)ရက်နေ့က နေပြည်တော်ကနေ မန္တလေးက ကျနော့်အိမ်ကို ဂျီအက်စ်အမ်ဖုန်းနဲ့ စကားပြောလို့ရတယ်” ဟုဆိုသည်။
နေပြည်တော် ခရိုင်အတွင်း ယခင်က CDMA450MHz(ကမ်းရိုးတန်း)မိုဘိုင်းဖုန်းများသာ ဆက်သွယ် အသုံးပြု၍ ရသည်။
ထို့အတွက် ကျပ် (၁၅)သိန်းတန် CDMA 450 MHz မိုဘိုင်းဖုန်းများကို ပြီးခဲ့သည့် ၂၀၀၉ ခု နိုဝင်ဘာလတွင် လည်းကောင်း၊ ကျပ် (၅)သိန်းတန် CDMA450MHzမိုဘိုင်းဖုန်းများကို ၂၀၁၀ ပြည့်နှစ် မတ်လတွင် လည်းကောင်း စတင် အငှားချသုံးစွဲခွင့် ပေးခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ အောက်တိုဘာ၊ နိုဝင်ဘာ နှစ်လတည်းသာ အသုံးပြုခွင့်ရမည်ဆိုသည်ကို စာပေစိစစ်ရေးမှ ခွင့်ပြုချက်မပေး၍ သတင်းဂျာနယ် စာမျက်နှာထက် ဖော်ပြခွင့်မရဟု ပြည်တွင်းမှ သတင်းအယ်ဒီတာတဦးက ပြောကြားသည်။
ပြည်တွင်းထုတ် သတင်းဂျာနယ်အချို့တွင်မူ နေပြည်တော်၌ ဂျီအက်စ်အမ်ဖုန်းများ တောက်လျှောက်အသုံးပြုခွင့် ရနေသကဲ့သို့ ရေးသားဖော်ပြမှုများကို တွေ့ရသည်။

Geen opmerkingen: