မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 28 oktober 2010

အန်ဒီအက်ဖ်၏ မဲဆွယ်ဆိုင်းဘုတ် ကြံ့ဖွံ့ဖြုတ်

ခိုင်လင်း / ၂၈ အောက်တိုဘာ ၂၀၁၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(အန်ဒီအက်ဖ်)မှကိုယ်စားလှယ်လောင်းဦးမာခါး၏ မဲဆွယ်ဆိုင်းဘုတ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)က ဖြုတ်ယူကြောင်း သက်သေများ ရရှိထားသဖြင့် ဦးမာခါးက ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်သို့ ယမန်နေ့က တိုင်ကြားလိုက်သည်။
မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စု၊ (၁ဝ)မိုင်ကျေးရွာတွင် ချိတ်ဆွဲထားသည့် ဦးမာခါး၏မဲဆွယ် ဆိုင်းဘုတ်ကို ကြံ့ဖွံ့ပါတီ နောင်နန်းတိုက်နယ်တွဲဖက်စည်းရုံးရေးမှူးဖြစ်သည့် ဦးလှမြင့်နှင့် ဦးမျိုးဇော်ထွန်းတို့က အောက်တိုဘာ(၂၅)ရက်နေ့တွင် ဖြုတ်ယူသွားကြောင်း သက်သေများ ရရှိထားသဖြင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထံသို့ စာတင်ထားသည်ဟု ဦးမာခါးက ပြောသည်။
၎င်းက “မနေ့ကပဲ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ကို စာတင်လိုက်ပါတယ်၊ မိတ္တူကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဌာနချုပ်၊ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ မြစ်ကြီးနားမြို့နယ်ရုံးနဲ့ ဦးလှမြင့်ဆိုတဲ့ ကျနော်ရဲ့ဆိုင်းဘုတ်ကို ပြုမူတဲ့သူ၊ သူတို့ကိုလည်း ပို့ထားတာပါ။
မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနဲ့ စကားပြောတဲ့ခါမှာ သူက “ခင်ဗျား အထက်ကို စာတင်ထားတဲ့အတွက် အထက်က ညွန်ကြားမှုလာရင်တော့ ညွန်ကြားချက်တိုင်း ဆောင်ရွက်ပေးပါမယ်ဆိုပြီး ပြောခဲ့ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
အောက်တိုဘာ (၉) ရက်နေ့တွင် အန်ဒီအက်ဖ်ပါတီ ရုံးခွဲကို မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်းမှစ၍ မဲဆွယ်ဆိုင်းဘုတ်များကို မြစ်ကြီးနားမြို့နယ်အတွင်း အရေအတွက် (၆ဝ)ခုခန့် ကပ်ထားခဲ့ရာ ပျောက်ဆုံးမှုနှင့် ဖျက်ဆီးခံရမှုများ ရှိနေကြောင်း ဦးမာခါးက ပြောသည်။
၎င်းက “ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲတွေကို စာတင်ပြီး ခွင့်ပြုချက်နဲ့ ဆိုင်းဘုတ်တွေကို ကပ်ခဲ့တာပါ။ ဆိုင်းဘုတ် (၅ဝ) ကျော် (၆ဝ) လောက် ကပ်ထားတယ်။ လူတွေ မြင်တွေ့နိုင်တဲ့ နေရာတွေ၊ သစ်ပင်ပေါ်မှာ ခိုင်ခိုင်မာမာ လုပ်ထားတဲ့ ဟာတွေပါ။ အဲဒီထဲက (၂) ခု ဖျက်ဆီးခံရတယ်။ အားလုံး (၁ဝ) ခု ပျောက်ဆုံးနေတာပါ။ အမှန်ကတော့ မလုပ်ကောင်းတဲ့အရာတွေပါ။ ပါတီ အနေနဲ့၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အနေနဲ့ နည်းဥပဒေအတိုင်း ဆောင်ရွက်နေတဲ့အတွက် ဒီလိုလုပ်ဆောင်တယ်ဆိုတာက လုံးဝမဖြစ်သင့်တဲ့ အရာပဲလို့ မြင်ပါတယ်” ဟု ပြောသည်။
မဲဆွယ်ဆိုင်းဘုတ်ပေါ်တွင် မြစ်ကြီးနားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမာခါးဆိုသည့် ခေါင်းစီးစာသား၊ ၎င်း၏ဓာတ်ပုံနှင့်အတူ “တခါသေဖူး ပျဉ်ဖိုးနားလည် ဆိုသလို အတိတ်ကသင်ခန်းစာယူပြီး အနာဂတ်အတွက် အကောင်းဆုံး ရွေးချယ်သင့်ပါတယ်”၊ “မင်းသားခေါင်းဆောင်းထားပြီး ကိုယ်ပိုင်ဦးနှောက်နဲ့ အလုပ် မလုပ်တဲ့ ဒီပုတ်ထဲက ဒီပဲ မဖြစ်အောင် ကျွန်တော်ကြိုးစားသွားမယ်လို့ အာမခံပါရစေ” ဟု ရေးသားဖော်ပြထားသည်။
ဦးမာခါးသည် အသက်(၂၇)နှစ်ရှိ လူငယ်ရှေ့နေတဦးဖြစ်ပြီး မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် ကြံ့ဖွံ့ပါတီမှ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီး ဦးသိန်းဇော်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)မှ ဦးလနန်ဘောက်နှင့် ရှမ်းအမျိုးသားဒီမိုကရေစီပါတီ (ကျားဖြူပါတီ) မှ ဦးစိုင်းအောင်ကျော်ဦး တို့နှင့်အတူ ယှဉ်ပြိုင်အရွေးခံမည်ဖြစ်သည်။

Geen opmerkingen: