မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 28 oktober 2010

ကရင်ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်ကြံ့ဖွံ့ပါတီမှဝင်ရောက်အရွေးခံမည်

ရဲရင့် / ၂၈ အောက်တိုဘာ ၂၀၁၀
ကရင်ငြိမ်းချမ်းရေးအဖွဲ့ (ဘုရားကုန်း)၏ ခေါင်းဆောင် ပဒိုအောင်ဆန်းသည် နအဖ ပြုလုပ်မည့် ၂၀၁၀ ရွေးးကောက်ပွဲတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဖြစ်ကြောင်း ၎င်း၏ဆွေမျိုးတော်စပ်သူ တဦးက ပြောသည်။
ဘန်ကောက်နှင့်ရန်ကုန် သွင်းကုန်ထုတ်ကုန်လုပ်ငန်း လုပ်ကိုင်နေသည့် အဆိုပါပုဂ္ဂိုလ်က “ဒီ လာမယ့်ရွေးကောက်ပွဲမှာ ကျနော်တို့အဖိုးကြီး ပြည်ခိုင်ဖြိုးပါတီကနေ ၀င်ရမယ်။ သူ့ကို အထက်ကလည်း ၀င်ဖို့တိုက်တွန်းထားတော့ ဘယ်လိုမှငြင်းလို့မရဘူး။ အခု မဲစည်းရုံးရေးတွေ စလုပ်နေပြီ၊ ပိုက်ဆံကတော့ သိန်းထောင်ချီပြီး ကုန်ဖို့ရှိတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းတဦးသည် မဲစည်ရုံးရေးအတွက် ကျပ်သိန်း (၁၀၀)သာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးထားသော်လည်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပဒိုအောင်ဆန်း အသုံးပြုနေသည့် ငွေကြေးပမာဏမှာ ယခုလ ရက်ပိုင်းအတွင်း ကျပ်သိန်း (၄၀၀) ကျော်သွားပြီ ဟုလည်း ၎င်းက ပြောသည်။
ကရင်ငြိမ်းချမ်းရေး အဖွဲ့အစည်းများကလည်း ပဒိုအောင်ဆန်း၏ လုပ်ရပ်နှင့်ပတ်သက်၍ ကျေနပ်မှုမရှိကြကြောင်း သိရသည်။
ဒီကေဘီအေအဖွဲ့မှ အသွင်ပြောင်းပြီးနောက် ဖွဲ့စည်းလိုက်သော ဦးသာထူးကျော် ဦးဆောင်သည့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ (KSDDP) မှ ပါတီဝင်တဦးက “ပဒိုအောင်ဆန်းအနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကရင်ပါတီတခုခုမှာ ၀င်လို့ရပါတယ်။ ကျနော်တို့ပါတီ အပါအ၀င်သူ့ကို တခြားကရင်ပါတီတွေက ခေါ်ပါတယ်၊ သူလက်မခံဘူး။ သူ့လုပ်ရပ်နဲ့ ပတ်သက်ပြီးအားလုံး စိတ်ပျက်နေကြပေမယ့် ဘာတတ်နိုင်ကြမှာလဲ။ သူက အစိုးရပါတီကိုပဲ အထင်ကြီးတာကိုး” ဟု ပြောသည်။
ဒီကေဘီအေ ဥက္ကဌ ဦးသာထူးကျော်သည် ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ်အဖြစ် ကရင်ပြည်နယ်၊လှိုင်းဘွဲမြို့နယ်အမှတ်(၁)တွင်ပြည်နယ်လွတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် အရွေးခံမည်ဖြစ်သည်။
စောဌေးမောင် ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဗိုလ်မှူးချုပ်အဆင့်ရှိသူ တဦးက “ ဒီကေဘီအေက ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မယ့် သာထူးကျော်အဖွဲ့ပဲ ဖြစ်ဖြစ် ပဒိုအောင်ဆန်းပဲဖြစ်ဖြစ် အားလုံး အခွင့်အရေးသမားတွေကြီးပဲ။ အမျိုးသားအကျိုး လုံးဝမပါဘူး၊ ငါတို့အဖွဲ့ကတော့ ဒီရွေးကောက်ပွဲကို အရင်ထဲကကို လက်မခံခဲ့ဘူး၊ နယ်ခြားစောင့်တပ်လည်း မလုပ်ဘူး၊ ဌာနေပြည်သူ့စစ်လည်း မလုပ်ဘူးဆိုတာ အစထဲက ပြောထားပြီးသား” ဟု ခေတ်ပြိုင်သို့ ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပဒိုအောင်ဆန်းထံသို့ မေးမြန်းရန် ဖုံးဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုံးလိုင်းများပိတ်ထားသဖြင့် ခေါ်ဆို၍မရပေ။
ပဒိုအောင်ဆန်းနှင့်အတူ ယခင်က ကေအန်ယူ ဗဟိုသစ်တောတွင် ပူးတွဲတာဝန်ယူခဲ့သည့် ကေအန်ယူမှ ပဒိုစောအားတိုးက “ကရင်အမျိုးသားအတွက် သူလုပ်နေတာမဟုတ်ဘူး။ သူ့ကိုယ်ကျိုးအတွက် သူလုပ်နေတာ ဆိုတော့ ဒီလို လူမျိုးနဲ့ပတ်သက်ပြီး ဘာမှအထွေအထူး ပြောဖို့ မရှိဘူး” ဟု ဆိုသည်။
ကရင်ပြည်နယ် ဖားအံ၊ ကော့ကရိတ်၊ မြ၀တီ၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ စသည့် မြို့နယ်များတွင် ကြံ့ဖွံ့ပါတီ၊ တစညပါတီ၊ ဖလုံစဝေါ်ကရင်ပါတီနှင့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီများ အဓိက ယှဉ်ပြိုင်ကြမည်ဟု ဖလုံစဝေါ်ကရင်ပါတီဝင်တဦးက ပြောသည်။

ပဒိုအောင်ဆန်းသည် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တွင် သစ်တောရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၁၉၉၈ခုနှစ်တွင်တပ်သား(၂၈)ဦးနှင့်အတူကေအန်ယူမှခွဲထွက်ကာ နအဖနှင့်သွားရောက်ပူးပေါင်းခဲ့သည်။ ဒီကေဘီအေအဖွဲ့၏ နာယကဆရာတော် ဖြစ်သည့် ဦးသုဇနမှာ ပဒိုအောင်ဆန်းနှင့် ညီအကိုဝမ်းကွဲ တော်စပ်သူလည်း ဖြစ်သည်။
ကရင်ပြည်နယ်အတွင်း ပဒိုအောင်ဆန်း ကြံ့ဖွံ့ပါတီမှ ၀င်ရောက်အရွေးခံမည်ဆိုသည်မှာ ဟုတ်မှန်ကြောင်း ထိုပါတီ၏ တာဝန်ရှိသူတဦးက ပြည်တွင်းမီဒီယာများ မှတဆင့် သတင်းထုတ်ပြန်ခဲ့သည်။

Geen opmerkingen: