မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 18 oktober 2010

မိုင်းပေါက်ကွဲမှုကိစ္စ ကေအိုင်အို ကြေညာချက်ထုတ်

ပေါက်ပေါက် / ၁၈ အောက်တိုဘာ ၂၀၁၀
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို)၏ လက်နက်ကိုင်တပ်မတော် (ကေအိုင်အေ) ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ (၂)ဦး သေဆုံးပြီး (၁)ဦးဒဏ်ရာရရှိကြောင်း နအဖပိုင် သတင်းစာများ၌ ဖော်ပြမှုအပေါ် ကေအိုင်အိုအဖွဲ့က ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။
အောက်တိုဘာ (၁၇)ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ကေအိုင်အေ စစ်ရုံးချုပ်၏ကြေညာချက်တွင် မိမိတို့နယ်မြေဖြစ်သော နွားလပို့တောင်တွင် ဖြစ်ပွားခဲ့သည့် မိုင်းပေါက်ကွဲမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ ကေအိုင်အေသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် လုံခြုံရေးအား ထိခိုက်စေမည့်လုပ်ရပ်များ လုပ်ဆောင်ရန် ရည်ရွယ်ချက် လုံးဝမရှိပါကြောင်း ဖော်ပြထားသည်။
အောက်တိုဘာ (၁၅)ရက်ထုတ် နအဖသတင်းစာများတွင် ကေအိုင်အေ သောင်းကျန်သူများ ထောင်ထားသည့် မိုင်းအား နင်းမိပေါက်ကွဲသဖြင့် အပြစ်မဲ့ ပြည်သူ(၂)ဦး သေဆုံးပြီး (၁)ဦးဒဏ်ရာရရှိခဲ့ ဟူသည့် ခေါင်းစဉ်ဖြင့် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအုပ်စု ပင်းကြိုင် ကျေးရွာနေ ရွာသား (၅)ဦး ရွာအနောက်ဘက်(၁ဝ)မိုင်ခန့်အကွာ၊ကချင်အထူးဒေသ(၂)နယ်မြေ၊ နွားလပို့ တောင်ပေါ်သို့ သွားရောက်စဉ် အောက်တိုဘာ(၁၃)ရက်၊ မွန်းတည့် (၁၂)နာရီခန့်အချိန်၌ နွားလပို့တောင်ထိပ်၌ ကေအိုင်အေ သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနင်းမိ၍ (၂)ဦးသေဆုံးပြီး (၁)ဦး ဒဏ်ရာရရှိကြောင်း ဖော်ပြထားသည်။
အဆိုပါ သတင်းဖော်ပြမှုနှင့်ပတ်သက်၍ မိုင်းပေါက်ကွဲသည့်ဖြစ်စဉ် ဖြစ်ပွားနေရာ ကွဲလွဲနေကြောင်း ကေအိုင်အိုမှ ပြောခွင့်ရသူတဦြးုဖစ်သည့် ဗိုလ်မှူးကြီး ဆင်ဝါးက ပြောသည်။
၎င်းက “ဖြစ်တဲ့နေရာ မိုင်းကွဲတဲ့နေရာက ကွဲနေတယ်။ သတင်းစာမှာပါတာက ပင်းဘောရဲ့ အနောက်ခြမ်းမှာ၊ မိုင်းပေါက်တဲ့ဖြစ်စဉ်က အရှေ့ခြမ်းမှာဖြစ်တာ။ မိုင်းပေါက်တာ၊ လူသေဆုံးမှု ရှိတာတော့ ဟုတ်ပါတယ်”ဟု ပြောသည်။
အဆိုပါ ကြေညာချက်ထဲတွင် ကေအိုင်အေသည် ကန့်သတ်နယ်မြေသတ်မှတ်ကာ လုံခြုံရေးအရ လိုအပ်သောစခန်းအနီး ပတ်ဝန်းကျင်များတွင် လုံခြုံရေးမိုင်းများ ထားရှိပါသည်။ ထိုသို့ လုံခြုံရေးမိုင်းများ ထားရှိခြင်းကိုလည်း ပြည်သူအများသိရှိစေရန် ကြိုတင်ကြေညာချက် ထုတ်ပြန်ခြင်း၊ သတိပေးစာ( ဆိုင်းဘုတ်) များဖြင့် ဖေါ်ပြထားခြင်းတို့ကို ပြုလုပ်ထားပါသည်ဟုလည်း ဖော်ပြထားသည်။
ကေအိုင်အိုအဖွဲ့နှင့် ၁၉၉၄ ခုနှစ် အပစ်ရပ်စဲရေးပြုလုပ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နအဖသတင်းစာများမှ ကေအိုင်အိုအား သောင်းကျန်းသူဟု သုံးနှုန်းဖော်ပြ ရေးသားလာခြင်းဖြစ်သည်။
အဆိုပါ သုံးနှုန်းရေးသားမှုအပေါ် ကေအိုင်အိုက ယခု အချိန်တွင် မည်သည့်တုန့်ပြန်ချက်မျှ ပြုလုပ်ရန် အစီစဉ်မရှိကြောင်း ဗိုလ်မှူးကြီး ဆင်ဝါးက ပြောကြားသော်လည်း တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကမူ ယင်းအသုံးအနှုန်းကြောင့် ကေအိုင်အိုနှင့် နအဖအကြား အပစ်ခတ်ရပ်စဲရေး ပျက်ကာ နဂိုမူလအခြေအနေအတိုင်း ပြန်ရောက်သွားပြီ ဖြစ်ကြောင်း နအဖဘက်မှ ပြောလိုက်ခြင်းဖြစ်သည်ဟု သုံးသပ်သည်။
၎င်းက “ဒီဟာက ၁၉၉၄ ခုနှစ်မတိုင်မီက အခြေအနေအတိုင်း ပြန်ရောက်သွားပြီဆိုတာ နအဖက ပြောလိုက်တာပါ။ တဖက်ကလည်း စစ်ပွဲအတွက် ခြိမ်းခြောက်လိုက်တာ ဖြစ်တယ်။ အမှန်တော့ နှစ်ဖက်အကြား အဆက်အဆံတွေက အခု ဒီ မြောက်ပိုင်းတိုင်း တိုင်းမှူးအသစ် ရောက်လာကတည်းက စလို့ ဘာမှ မရှိတော့ဘူး။ အဲဒီကြားကပဲ ကေအိုင်အို ရဲဘော်တွေကို ဖမ်းတာဆီးတာ လုပ်လာတယ် ”ဟု ပြောသည်။
ကေအိုင်အိုအား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် သို့မဟုတ် လက်နက်စွန့်ရန် ပြီးခဲ့သည့် စက်တင်ဘာ (၁) ရက် နောက်ဆုံးထားပြီး နအဖဘက်မှ ရာဇသံပေးခဲ့သည်။ ကေအိုင်အိုအဖွဲ့က လူထုအစည်းဝေးနှင့် ကွန်ကရက်တရပ်ခေါ်ယူကာသြဂုတ်(၃ဝ)ရက်စွဲဖြင့်ကြေညာချက်တစောင်ထုတ်ပြန်ပြီး နယ်ခြားစောင့်တပ်ဖွဲ့ရန် ငြင်းဆိုခဲ့သည်။
ယင်းနောက်ပိုင်း ကေအိုင်အိုနှင့် နအဖအကြား ဆက်ဆံရေးပြတ်တောက်နေသကဲ့သို့ မြို့ပေါ်သို့ ခရီးသွားလာသည့် ကေအိုင်အို တပ်ဖွဲ့ဝင်များအား နအဖဘက်မှ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ မြို့ပေါ်ရှိ ကေအိုင်အို တပ်ဖွဲ့ မိသားစုဝင်တို့၏ နေအိမ်များအား ဧည့်စာရင်းစစ်ခြင်း၊ ကေအိုင်အိုတပ်ဖွဲ့ ထိန်းချုပ်ရာဒေသသို့ ရိက္ခာများသယ်ယူမှု ကန့်သတ်ထိန်းချုပ်ခြင်းတို့ ပြုလုပ်ခဲ့သည်။
နအဖနှင့် ကေအိုင်အိုအကြား ဆက်ဆံရေးပြတ်ကာ နအဖဘက်မှ တင်းကျပ်မှု ပိုမိုလုပ်လာနေချိန်တွင် ယခုကဲ့သို့ သောင်းကျန်းသူဟု ဖော်ပြလာမှုကြောင့် နှစ်ဖက်အခြေအနေ ပိုပြီးတင်းမာသွားစေနိုင်သည်ဟု အကဲခတ်များက ဝေဖန်ကြသည်။

Geen opmerkingen: