မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 12 oktober 2009

စစ်ဒေသ စစ်ဆေးရေးအဖွဲ့ကြောင့် ပြည်သူများ ထိတ်လန့်ရ

အောင်ကျော်မိုး / ၁၂ အောက်တိုဘာ ၂၀၀၉
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင်း မြို့ပြင် ပြေးဆွဲနေသည့် ဘတ်စ်ကားအမျိုးမျိုးကို စစ်ဒေသ စစ်ဆေးရေးအဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးနေသဖြင့် ခရီးသွားပြည်သူတို့ အထိတ်တလန့် ဖြစ်နေကြသည်။
စစ်ဆေးရေးအဖွဲ့တို့က မထသ အထူးကားများပေါ်တွင် လူပိုတင်မတင်၊ ဘတ်စ်ကားများ ယာဉ်စည်းကမ်း လိုက်နာမှု ရှိမရှိ၊ စသဖြင့် ရှောင်တခင် လိုက်လံစစ်ဆေးသည့် အဖွဲ့ဖြစ်သော်လည်း တခါတရံ မသင်္ကာသူများ၊ စစ်ပြေးဟု သံသယရှိသူများကို ခေါ်ယူစစ်ဆေး ငွေညှစ်ခြင်းမျိုးရှိကြောင်း မထသ စစ်ဆေးရေး ဝန်ထမ်းတဦးက ပြောသည်။
မထသ (၄၈) အထူးကားစီးသူ ခရီးသည်တဦးက “ကျမတို့ကားနောက်က ဟိုင်းလပ်ကားတစီး လိုက်လာပြီး ရှေ့မှာပိတ်ရပ်ပြီး တားတယ်။ ကားပေါ်ကနေ စစ်ယူနီဖောင်းဝတ်တွေနဲ့ အရပ်ဝတ်တွေပါ ဆင်းလာပြီး တချို့ ကားပေါ်တက်လာတယ်။ တယောက်က ကားစပယ်ယာကို လှမ်းခေါ်လိုက်ပြီး ကားစပယ်ယာက ငွေပေးတာ တွေ့လိုက်ရတယ်။ ယူနီဖောင်းဝတ်တွေက ကားပေါ်က လူတယောက်ချင်း စေ့စေ့စပ်စပ်လိုက်ကြည့်၊ နောက် ခုံအောက်တွေကိုလည်း လိုက်ကြည့်ပြီးတော့ ဆင်းသွားကြတယ်။ ဘာကြောင့် ဘာတွေ လာစစ်သလဲဆိုတာ မသိရတော့ လူတွေကတော့ စိုးရိမ်တာပေါ့” ဟု ပြောသည်။
ရန်ကုန်မြို့တွင် မထသ၊ ပါရမီ၊ ရွှေဧည့်သည်၊ အဓိပတိ စသည့်ယာဉ်လိုင်းများရှိပြီး ယာဉ်စီးရေ (၅,ဝဝဝ) ကျော်ဖြင့် နေ့စဉ် ခရီးသည် (၃.၅) သန်း သယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။
အဆိုပါယာဉ်များတွင် စီးတီးဘတ်စ်ကားများမှာ အစီးရေ (၂,ဝဝဝ) ဝန်းကျင်ရှိပြီး ကားလိုင်းအလိုက် ဂိတ်စ ဂိတ်ဆုံးတို့တွင် ကြီးကြပ်ရေး ရုံးခန်းများ ဖွင့်လှစ်ထားသကဲ့သို့ အချို့ကားဂိတ်တို့တွင်လည်း စစ်ဆေးရေးအဖွဲ့များ ခပ်စိပ်စိပ်ချထားပေးသည်။
သို့သော် အဆိုပါစစ်ဆေးရေးအဖွဲ့များသည် ဘတ်စ်ကားများ စည်းကမ်းနှင့်အညီ ခရီးသည်များအား တင်ဆောင်ခြင်း ပြုမပြု စစ်ဆေးခြင်းထက် ကားများထံမှ ပုံမှန် လာဘ်ငွေတောင်းခံပြီး စည်းကမ်းထိမ်းသိမ်းမှုများကို လျစ်လျူရှုထားကြကြောင်း ဘတ်စ်ကားဒရိုင်ဘာအများစုက ပြောသည်။
ထို့ကြောင့် ခရီးသွားပြည်သူများ နေ့စဉ်သွားလာရေး အဆင်ပြေချောမွေ့ခြင်းမရှိဘဲ အချိန်ကြာမြင့်စွာ ကားစောင့်ဆိုင်းရခြင်း၊ ဂိတ်များတွင် လူစောင့်တင်၍ ကားပေါ် အချိန်ကြာနေရခြင်း၊ ကားနှင့်မဆန့်အောင် လူများ ပြွတ်သိပ်တင်ဆောင်ခြင်း၊ အထူးကားများတွင် မတ်တပ်ရပ်စီးရခြင်း၊ အဲကွန်းကား အများစုတွင် အဲကွန်းမရခြင်း၊ ခရီးသွားများအား မချေမငံ ဆက်ဆံခြင်း၊ ဘတ်စ်ကားများ အိုမင်းဟောင်းနွမ်း ညံ့ဖျင်းခြင်း၊ တစီးနှင့်တစီး အပြိုင်မောင်းနှင်ခြင်းကြောင့် မကြာခဏ ကားတိုက် ကားမှောက်မှုမျိုး ကြုံရပြီး ခရီးသွားပြည်သူများအတွက် အန္တရာယ်ရှိခြင်း စသည်တို့နှင့် ကြုံတွေ့နေရကြောင်း သိရသည်။
ယခုအခါ စစ်ဆေးရေးအဖွဲ့များသာမက စစ်ဒေသကပါ ဘတ်စ်များကို ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
ရန်ကုန်မြို့ခံတဦးကမူ “စစ်ဒေသက ၀င်ရောက်စစ်ဆေးရုံနဲ့ ပြဿနာတွေ ပြေလည်မှာမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်လည်း လာဘ်စားမှုတွေ ဖြစ်လာမှာပဲ၊ ပြည်သူတွေ အထိတ်တလန့်ဖြစ်ကြတာပဲ အဖတ်တင်မှာပါ” ဟု ပြောသည်။
အစိုးရအနေဖြင့် ဘတ်စ်ကား ပြေးဆွဲရေးလုပ်ငန်းကို ပုဂ္ဂလိကသို့ လွတ်လပ်စွာ လုပ်ခွင့်ပေးပြီး လောင်စာဆီ ချုပ်ကိုင်ထားမှုကို ရုပ်သိမ်းပေးမှသာ ပြဿနာ တစိတ်တပိုင်း ပြေလည်နိုင်မည်ဟု အဆိုပါမြို့ခံတဦးက သုံးသပ်သည်။

Geen opmerkingen: