မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 15 oktober 2009

အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်များနှင့် ဥရောပသံတမန်အဖွဲ့တွေ့ဆုံ

NEJ/ ၁၅ အောက်တိုဘာ ၂၀၀၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင် (၆) ဦးနှင့် ဥရောပသမဂ္ဂ (အီးယူ) မှ ကိုယ်စားလှယ် (၂၀) ခန့်ပါဝင်သည့် ဥရောပသံတမန်အဖွဲ့တို့ ယမန်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ အန်အယ်လ်ဒီရုံးချုပ်၌ တွေ့ဆုံခဲ့ကြသည်။
အီးယူကိုယ်စားပြု ဥရောပသံတမန်အဖွဲ့တွင် ထိုင်းနိုင်ငံအခြေစိုက် ဆွီဒင်၊ နော်ဝေး၊ စပိန် စသည့်သံရုံးများနှင့် ပြည်တွင်းအခြေစိုက် ဂျာမဏီ၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီ စသည့်သံရုံးများမှ သံအမတ်များနှင့် သံအရာရှိတို့ပါဝင်ပြီး အန်အယ်လ်ဒီမှ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးခင်မောင်ဆွေနှင့် ဦးဝင်းတင်တို့ပါဝင်ကာ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်တဦးဖြစ်သည့် ဦးသန်းထွန်းက “အဓိကကတော့ လက်ရှိဗမာပြည် အခြေအနေရော၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဆန်ရှင်နဲ့ပတ်သက်ပြီး သူလေ့လာနေတာတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုလျှော့နိုင်မလဲ၊ ဘာလဲဆိုတာကို အန်ကယ်တို့ ဘယ်လိုသိသလဲလို့ မေးတာပါ” ဟု ပြောသည်။
ဥရောပ သံတမန်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရေးအတွက် အန်အယ်လ်ဒီနှင့် နအဖစစ်အစိုးရ အဆင်ပြေစေရန် လိုလားသည့်အကြောင်း ပြောကြားခဲ့ပြီး အန်အယ်လ်ဒီဘက်မှ ဆန်ရှင်ကိစ္စ တွေ့ဆုံဆွေးနွေးမှုမှတဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်သွားစေရန် လိုလားကြောင်း တင်ပြခဲ့သည်ဟု ဦးသန်းထွန်းက ပြောသည်။
၎င်းက “ဆန်ရှင်နဲ့ပတ်သက်လို့ကတော့ အန်အယ်လ်ဒီက လုပ်ထားတဲ့ ဆန်ရှင်မဟုတ်ဘူးလေ။ အခု အမေရိကန် ပေါ်လစီ ပြောင်းတာနဲ့ပတ်သက်လို့ အမေရိကန်ကလည်း ဆန်ရှင်က ဒီတိုင်းထားမယ်၊ ဆက်ဆံရေးကို ပိုမိုတိုးချဲ့ပြီးတော့ ဆောင်ရွက်မယ်ဆိုတဲ့ အတိုင်းပေါ့လေ။ သူတို့ဆက်ဆံရေးကောင်းလို့ တိုးတက်လာတာနဲ့အမျှ ဆန်ရှင်ကလည်း သူ့ဖာသာလျှော့သွားမယ်လို့ အန်ကယ်တို့ အဲလိုယူဆတယ်” ဟု ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍မူ အန်အယ်လ်ဒီအနေဖြင့် ရွှေဂုံတိုင်ကြေညာချက်တွင် တောင်းဆိုထားသည့်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု ပြောဆိုခဲ့ကြောင်း ဦးသန်းထွန်းက ပြောသည်။
ရွှေဂုံတိုင်ကြေညာစာတန်းတွင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရေးနှင့် နိုင်ငံတကာကွပ်ကဲမှုရှိသည့် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲကျင်းပပေးရေးတို့ကို တောင်းဆိုထားပြီး ယင်းအချက်များကို လိုက်လျောပါက အန်အယ်လ်ဒီအနေဖြင့် ရွေးကောက်ပွဲဝင်ရန် စဉ်းစားမည်ဟု တင်ပြထားသည်။
ယခုကဲ့သို့ အီးယူသံတမန်များက တွေ့ဆုံမေးမြန်းလာမှုနှင့်ပတ်သက်၍ ဦးသန်းထွန်းက “အီးယူအနေနဲ့ကတော့ အစိုးရကရော၊ အန်အယ်လ်ဒီဘက်ကရော လျှော့စေချင်တယ်ဆိုတဲ့ သဘောမျိုးပါပဲ။ နှစ်ဖက်ကြေလည်အောင် ဖြစ်စေချင်တယ်ဆိုတဲ့ သဘောမျိုးရှိပုံရတယ်” ဟု ပြောသည်။
အီးယူသံတမန်များနှင့် တွေ့ဆုံရာတွင်ပါဝင်သူ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်တဦးဖြစ်သည့် ဦးဝင်းတင်ကလည်း ရွှေဂုံတိုင်ကြေညာချက်ပါ အချက် (၃) ချက်နှင့်ပတ်သက်၍ “ကျနော်သုံးတဲ့စကားကတော့ ဒီ (၃) ချက် မရရင် ကျနော်တို့က ရွေးကောက်ပွဲ မ၀င်ဘူးလို့ပြောတယ်ပေါ့ဗျာ။ ကျနော့်အပြောပေါ့” ဟု ပြန်လည်ရှင်းပြသည်။
၎င်းကဆက်လက်ပြီး “နောက်တခုက အခုလို တောင်းဆိုနေတဲ့ကိစ္စတွေပေါ့ဗျာ။ အခြေခံဥပဒေပြင်ဖို့တို့ ဆိုတာဟာ power sharing လုပ်ဖို့လားဆိုတာတွေ သူတို့က မေးတယ်။ ကျနော်တို့က ဘယ်လိုပြောသလဲဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ထောက်ထားသောအားဖြင့်ဆိုရင် power sharing ဆိုတာ လုံးဝမရှိဘူး။ ဒါ့အပြင် အခုတောင်းဆိုနေတဲ့ဟာက power sharing ကိစ္စမဟုတ်ဘူး။ ကျနော်တို့တောင်းဆိုနေတာ ဒီမိုကရေစီပြောင်းလဲရေးကိစ္စတွေကို အထောက်အကူဖြစ်စေမယ့် သို့မဟုတ်လည်း ဒီမိုကရေစီနဲ့ဆန့်ကျင်နေတဲ့ အခြေခံဥပဒေအထဲမှာ ပါဝင်တဲ့အချက်တွေကို ပြင်ဆင်ပြောင်းလဲဖို့ကိုသာ တောင်းဆိုနေတာလို့ ကျနော်တို့ဖြေတာပေါ့ဗျာ” ဟု ခေတ်ပြိုင်သို့ ပြောသည်။
ထို့အပြင် အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ် ပေါ်လစီသစ်ပြောင်းလဲမှုတွင် sanction ချမှတ်မှုနှင့်အတူ တိုက်ရိုက်စကားပြောဆို ဆွေးနွေးမှုများ လုပ်သွားမည်ဆိုရာတွင် စစ်အစိုးရနှင့် ဆက်ဆံရေးလုပ်သကဲ့သို့ အတိုက်အခံ အင်အားစုများနှင့်လည်း ဆက်ဆံပြောဆိုမှုများလုပ်ရန် လိုအပ်သကဲ့သို့ စစ်အစိုးရနှင့် အတိုက်အခံအင်အားစုများကြား ဆက်ဆံမှုများ လုပ်နိုင်ရန်အတွက်လည်း ဥရောပသံတမန်များအနေဖြင့် ၀ိုင်းဝန်းတိုက်တွန်း ဖိအားပေးကြရန် ပြောကြားခဲ့သည်ဟုလည်း ဦးဝင်းတင်က ပြောသည်။

Geen opmerkingen: