မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 7 oktober 2009

အသစ်ထုတ်သည့် (၅,၀၀၀) ကျပ်တန် ငွေစက္ကူ ပြည်သူများအကြား မပျံ့နှံ့သေး

ဝီရ / ၇ အောက်တိုဘာ ၂၀၀၉

မြန်မာစစ်အစိုးရ ဗဟိုဘဏ်မှ အောက်တိုဘာ (၁) ရက်တွင် စတင်ထုတ်ဝေလိုက်သည့် (၅,၀၀၀) ကျပ်တန် ငွေစက္ကူအသစ်သည် ပွဲရုံတန်းများနှင့် အစိုးရဝန်ထမ်း အသိုင်းအဝိုင်းတွင်သာမက မြို့ကြီးများတွင်ပင် ပျံ့နှံ့ခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။
ဘုရင့်နောင် ပွဲရုံတန်းမှ ကုန်သည်တဦးက “ပွဲရုံတန်းမှာ ဒီနေ့အထိ အရွက်နဲ့ပဲ တွေ့တယ်။ အထုပ်လိုက် မတွေ့သေးဘူး။ (၅,၀၀၀) တန်ကြောင့် ကုန်ဈေးနှုန်းတက်တာလည်း မရှိပါဘူး။ ပုံမှန်ပါပဲ။ ကုန်ဈေးနှုန်းကို ဂယက်ရိုက်မှာကြောက်လို့ နအဖက ဖြည်းဖြည်းချင်းထုတ်တာ ဖြစ်မယ်” ဟု ပြောသည်။
တန်ဖိုးအကြီးဆုံး ငွေစက္ကူအဖြစ် (၅,၀၀၀) တန်ကို ထုတ်ဝေမည်ဟု စက်တင်ဘာ (၂၄) ရက်တွင် မြန်မာစစ်အစိုးရ ကြေညာခဲ့ပြီးနောက် မြန်မာငွေဈေးနှုန်း ရုတ်တရက် ကျဆင်းခဲ့သော်လည်း နောက်ပိုင်းတွင် ပုံမှန်ဖြစ်သွားသည်။ အလားတူ ယင်းအချိန်တွင် ရွှေဈေးနှုန်းလည်း (၃) သောင်းအထက် တက်သွားခဲ့သည်။
တချိန်တည်းတွင် (၅,၀၀၀) တန်အသစ်ကြောင့် ကုန်ဈေးနှုန်းများ တက်မည်ဆိုသည်ကို မယုံကြရန်နှင့် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်သည့်အကြောင်း စစ်အစိုးရငွေကြေးဆိုင်ရာ ပညာရှင်တို့က သတိပေးနေကြပြီး ယုံယုံကြည်ကြည်သုံးစွဲကြရန် ပြောကြားနေသော်လည်း အိမ်မြေခြံနှင့် ကားအရောင်းအ၀ယ် ဈေးကွက်များ အေးနေကြောင်း သိရသည်။
(၅,၀၀၀) တန် ငွေစက္ကူထုတ်သည့်နေ့သည် အချို့ဝန်ထမ်းများ လခထုတ်သည့်နေ့နှင့် တိုက်ဆိုင်နေသဖြင့် ငွေစက္ကူအသစ် (၁) ရွက်စီသာ ထုတ်ပေးခဲ့ပြီး မော်လမြိုင်မြို့ပေါ်ရှိ ဘဏ်များ၌ ငွေစက္ကူအသစ်ကို လဲလှယ်ပေးခြင်း မရှိသေးကြောင်း မွန်ပြည်နယ် အစိုးရ၀န်ထမ်းတဦးက ပြောသည်။
ငွေစက္ကူသစ်ထုတ်ဝေလိုက်ခြင်းသည် ၀န်ထမ်းများ လစာတိုးပေးစဉ်က ဖြစ်ပေါ်ခဲ့သည့် ဂယက်လောက် မဆိုးသော်လည်း ပြည်သူများ တကယ်လိုအပ်နေသည်မှာ (၅၀) တန်၊ (၁၀၀) တန်၊ (၂၀၀) တန်နှင့် (၅၀၀) တန် စသည့် ငွေစက္ကူအကြွေများသာ ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယင်းကဲ့သို့ (၅,၀၀၀) တန်များအား ပမာဏ အနည်းအကျဉ်းဖြင့် စစ်အစိုးရက တဖြည်းဖြည်းချင်း ထုတ်ဝေနေခြင်းသည် အောက်ခြေအဆင့် ပြည်သူများအတွက် အထိအခိုက်နည်းစေပြီး လိုအပ်သလောက်သာ ထုတ်ဝေနေခြင်းကြောင့် ရန်ကုန် ဈေးကွက်ကို သိသိသာသာ ရိုက်ခတ်မှုမျိုး မရှိသေးကြောင်း ပွဲရုံတန်းမှ ကုန်သည်များက ပြောသည်။

Geen opmerkingen: