မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 7 oktober 2009

ဥပဒေဆိုတာ နအဖမှာ မရှိပါဘူး


NEJ / ၇ အောက်တိုဘာ၂၀၀၉

နအဖ စစ်အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အယူခံမှုအား ပယ်ဖျက်ခဲ့ပြီးနောက်တနေ့တွင် နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်အား စိမ်းလဲ့ကန်သာအစိုးရဧည့်ဂေဟာတွင် ခေါ်ယူတွေ့ဆုံခဲ့သည်။ ယင်းသို့ နအဖအာဏာပိုင်များ၏ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်ဆံမှုနှင့် နိုင်ငံရေး ရပ်တည်ချက်တို့ကို ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနှင့် ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။
မေး။ ။ အမေရိကန်အစိုးရ အရာရှိကြီးတွေက နအဖထိပ်ပိုင်းအရာရှိတွေနဲ့ တွေ့ဆုံစကားပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုနေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်အကျယ်ချုပ်အယူခံမှုကို နအဖစစ်အစိုးရက အောက်တိုဘာ (၂) ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။ အဲဒီကိစ္စအပေါ် သဘောထားအမြင်ကို သိပါရစေ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့မြင်သင့်တာက သိပ်ကိုအဓိကကျတဲ့ ဆုပ်ကိုင်ထားရမယ့်အချက်က ဒါနိုင်ငံရေးမှုဖြစ်တယ်ဆိုတဲ့ ကိစ္စပါ။ နိုင်ငံရေးအပေါ်မှာ အခြေခံတယ်၊ နိုင်ငံရေးကြောင့်မို့ ပေါ်ပေါက်လာတာဖြစ်တယ်၊ နိုင်ငံရေးကြောင့်မို့လို့ပဲ ဒေါ်အောင်ဆန်းစုကြည် လွတ်တယ်၊ မလွတ်ဘူးဆိုတာ ဖြစ်မှာပါ။ ဥပဒေဆိုတာ နအဖမှာ မရှိပါဘူး။ နိုင်ငံရေးအပြောင်းအလဲ၊ နိုင်ငံရေးအချိုးအကွေ့အပေါ်မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်လာမှာဖြစ်ပါတယ်။ အခုဟာက နအဖဘက်က ပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ နံပါတ်တစ်က သူတို့အတွက် အဓိကအကျဆုံး သူတို့ကို ဒုက္ခပေးနိုင်တဲ့သူဖြစ်ပါတယ်။ လောလောဆယ်မှာ အဓိကရန်သူ နံပါတ်တစ်လို့ ပြောရင်ရပါတယ်။ သူတို့အတွက်ဆို ဒါဟာ အင်မတန် အကဲဆပ်တဲ့ ပြဿနာဖြစ်ပါတယ်။ ဒါကို သူတို့ နည်းနည်းလေးမှ အတိမ်းအစောင်း မခံနိုင်ဘူး။
နောက်တခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ နအဖ သဘောထားတာတခုက ဒေါ်အောင်ဆန်းစုကြည်က သူတို့အတွက် အင်မတန်ကောင်းတဲ့ ဈေးဆစ်လို့ရတဲ့ bargaining chip ပဲ။ အထူးသဖြင့် အမေရိကန်နဲ့စကားပြောဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကျန်တဲ့နိုင်ငံရေးသမားတွေအားလုံး လွှတ်ရေးမလိုအပ်ဘူး။ နိုင်ငံရေးကစားဖို့အတွက်၊ နိုင်ငံရေးအရောင်းအ၀ယ်လုပ်ရာမှာ မဲတင်းဖို့အတွက် သေချာကို ချန်ထားတဲ့၊ ယုတ်ယုတ်မာမာ အကြံအစည်နဲ့ချန်ထားတဲ့ အကျဉ်းသားတွေ ဖြစ်ပါတယ်။
အဲတော့အခု အမေရိကန် မစ္စတာဝက်ဘ်ကိစ္စနဲ့ပတ်သက်လို့ကတော့ သူပြောတာ မပြောတာ အပထား၊ ဒေါ်အောင်ဆန်းစုကြည်ကို လောလောဆယ်ဆယ် အမေရိကန်နဲ့ မပြတ်မချင်း ထောင်ထဲက ထုတ်လို့ကို မရသေးဘူး။ တနည်းနည်းနဲ့ ထည့်ထားရမှာပဲ။ အဲဒါအရ အခုလို လုပ်လိုက်တာပဲ။
မေး။ ။ အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျယ်ချုပ်အယူခံမှုကို ပယ်လိုက်တာဟာ နအဖကလုပ်မယ့် ရှေ့နှစ် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပေါ်မှာ တစုံတရာသက်ရောက်မှုမျိုး ဖြစ်ပေါ်နိုင်ပါသလား။
ဖြေ။ ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ရဲ့အခြေခံရပ်တည်ချက်က ၂၀၁၀ ရွေးကောက်ပွဲဟာ ဘယ်လိုဟာမှန်းလည်း မသိရသေးဘူး၊ ဘာမှလည်း မပြောသေးဘူး။ အဲဒါကြောင့်မို့ လုပ်ငန်းပိုင်းကို ကျနော်တို့ ထင်မြင်ချက်မပေးချင်ဘူး။ ဒါပေမယ့် အက္ခရာကျတာက ၂၀၁၀ ရွေးကောက်ပွဲရဲ့ အဓိကလုပ်နေတာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုဖို့၊ အဲဒါကို တရားဝင်သွားအောင် လုပ်ဖို့ဖြစ်တယ်။ ၂၀၀၈ အခြေခံဥပဒေဟာ ကျနော်တို့ ဘယ်လိုမှ လက်မခံနိုင်တဲ့ဟာ။ ဗမာပြည်သူလူထုကြီး ဘယ်လိုမှ လက်မခံနိုင်တဲ့ဟာ။ အဲတော့ အဲဒါကြီးကို ဦးတည်ပြီး လုပ်တာမှန်သမျှကို ကျနော်တို့က အားမပေးဘူး။ ၂၀၀၈ ဥပဒေကို အတည်ပြုပြီးသွားရင် ရွေးကောက်ပွဲမှာ ဘယ်သူတက်လာလာ နအဖ က ဂရုမစိုက်တော့ဘူး။ ကျန်တဲ့လူတွေဟာ သူလုပ်တာတွေအားလုံးကို လက်ညှိုးထောင် ခေါင်းညိမ့်ရတဲ့သူတွေပဲ ဖြစ်မှာပဲ။ ပြောချင်တာပြော ဒါပေမယ့် ဘာမှအကောင်အထည်ပေါ်မှာ မဟုတ်တော့ဘူး။ အခုဟာ အချိန်မရွေး တရားဥပဒေနဲ့အညီ အာဏာသိမ်းလို့လည်း ရနေတယ်။ ခန့်လို့ ဖြုတ်လို့လည်း ရနေတယ်။
မေး။ ။ အဓိက အတိုက်အခံပါတီတခုဖြစ်တဲ့ အန်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးဘဲ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလား။
ဖြေ။ ။ အဲဒါကတော့ စောစောက ကျနော်ပြောသလို ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်လို့ရှိရင်လည်း လွှတ်ပြီးတဲ့အခါမှာ သူ့ဘောင်ထဲကနေပဲ နအဖက ရွေးကောက်ပွဲကို လုပ်သွားမှာပဲ။ အဲဒီဖွဲ့စည်းပုံဥပေဒေ အတည်ပြုဖို့အတွက် ဆက်လုပ်သွားမယ် ဆိုရင်တော့လည်း ဒေါ်စုပါရောပြီး သူတို့အသုံးချသွားတဲ့ဟာမျိုး ဖြစ်မှာပဲ။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အယူခံမှုကိုပယ်ပြီး နောက်တနေ့၊ အောက်တိုဘာ (၃) ရက်နေ့မှာ နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က ဒေါ်စုကို အစိုးရဧည့်ဂေဟာမှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ဒေါ်စုက စာရေးတဲ့ကိစ္စလို့ သိရပါတယ်။ အဲလို ဦးအောင်ကြည်ရဲ့ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး နအဖလုပ်ရပ်အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ကျနော်ကတော့ ဒီဝန်ကြီးနဲ့တွေ့တယ်ဆိုတဲ့ အစီအစဉ်ကိုက၊ အရင်ကတည်းက နအဖဟာ ကမ္ဘာ့အာဘော်ပိုင်းကို လိမ်ညာဖို့အတွက် ထွင်ထားတဲ့ဟာလို့ ယူဆပါတယ်။ ဒေါ်စုကို မဗေဒါ ရေဖြည့်သလို ဖြည့်ခိုင်းထားတာ။ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ သက်သက် အချိန်ဆွဲခိုင်းထားတာ။ အခုဟာမှာလည်း အဲဒီလိုပဲ၊ အမေရိကန်ကို ပြန်ပြီးတော့ မျက်စိလှည့်နေဖို့၊ သူတို့အလုပ်လုပ်နေပါတယ်ဆိုတာမျိုး ပြချင်တဲ့အတွက် ဒါတမင်ဖန်တီးလာတဲ့ကိစ္စပါ။ နောက်တခုက အခုပဲ သူ့ကို ပြင်းပြင်းထန်ထန် မတရားဆုံးဖြတ်ချက် ချထားပြီးပြီ၊ နောက်တနေ့မှာ ပြုံးပြုံးရယ်ရယ်နဲ့ ထွက်ခိုင်းတယ်ဆိုတာဟာ အင်မတန်ကို မတရားတဲ့ဟာ၊ လူလူချင်း အင်မတန်စော်ကားတဲ့ဟာ ဖြစ်တယ်။ ကျနော်တော့ ဒေါ်စုနေရာကနေ အင်မတန်နာပါတယ်။
မေး။ ။ အခုလို နအဖဆက်ဆံရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တာဟာ တွေ့ဆုံဆွေးနွေးမှု လမ်းပွင့်သွားနိုင်တဲ့ ကောင်းတဲ့အလားအလာလို့ ယူဆသူတွေရှိသလို တဘက်ကလည်း ဒေါ်စုကြောင့် ပိတ်ဆို့တားမြစ်မှုတွေ ဖြစ်လာတာမဟုတ်ဘဲနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုတွေ ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စကို နအဖနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း နအဖဥက္ကဋ္ဌထံ ဒေါ်စုက စာပေးပို့တာနဲ့ပတ်သက်ပြီးလည်း မလုပ်တာကို လုပ်ပါတယ်လို့ ၀န်ခံရာကျတဲ့သဘော သက်ရောက်တယ်ဆိုပြီး ဘ၀င်မကျသူတချို့ရဲ့ အသံတွေလည်း ကြားရပါတယ်။
ဒါကြောင့် အခုလို တွေ့ဆုံမှု အလားအလာကို ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ။ ။ တခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တွေ့တာ အခုမှတွေ့တာမဟုတ်ဘူး။ ဒါကြောင့်မို့ ဒါဟာအခုမှ လမ်းပွင့်တယ်လို့ ပြောလို့မရဘူး။ အစောကြီးကတည်းက လုပ်နေတာ၊ ပြီးတော့ သူတို့ဘာလို့ပိတ်ပစ်လိုက်လဲ၊ အကြောင်းမရှိဘဲနဲ့။ သူတို့ဘက်က ရိုးသားမှုတကယ်ရှိတယ်ဆိုလို့ရှိရင် ဒီကိစ္စကို တလျှောက်လုံး ဆက်ပြီးလုပ်နေရမယ်။ နောက်ပြီးတော့ ပိုအဓိကကျတာက အပြင်ကို အသိပေးနေရမှာ၊ ဒီဆွေးနွေးပွဲဟာလည်း အပြင်ကမြင်နိုင်တဲ့ transparency ရှိတဲ့ဆွေးနွေးပွဲ ဖြစ်ရမယ့်ဟာ၊ အဲလိုမဟုတ်ဘဲနဲ့ တံခါးပိတ်ပြီး လက်ဆွဲနှုတ်ဆက်တာလေးတွေ ဓာတ်ပုံရိုက်ရိုက် ပြနေလို့ကတော့ ဒါဟာ ဘယ်လိုမှ ပြည်သူလူထုကို လက်ခံစေနိုင်မှာမဟုတ်ဘူး။ နောက်တခုက ပိတ်ဆို့တားမြစ်မှုနဲ့ ပတ်သက်လို့ ဒေါ်စုက ၀န်ခံလိုက်တဲ့သဘော သက်ရောက်နေတယ်လို့ ပြောကြစတမ်းဆိုရင် နအဖဘက်ကရော ဦးအောင်ကြည်ကို လွှတ်လိုက်တဲ့ဟာက သူတို့အရင်က ဒေါ်အောင်ဆန်းစုကြည်အပေါ် လုပ်ထားတဲ့ဟာတွေ မှားပါတယ်လို့ ၀န်ခံလိုက်တာလား။ အဲလို သာမန်အရပ်သားချင်းပြောကြတဲ့ logic တွေနဲ့ လုပ်လို့မရဘူးထင်တယ်။ ဒေါ်စုပြောတဲ့ဟာ ရှင်းရှင်းလေး၊ သူက နအဖကို အကူအညီပေးတယ်၊ အဲလိုအဓိပ္ပာယ်ပဲ၊ သူက လက်ကမ်းတာပဲ။ နအဖက ဘာပဲလုပ်လုပ် သူလုပ်တာမှန်သမျှက ဗမာပြည်မှာ အဓိကလိုအပ်နေတဲ့ ရင်ကြားစေ့ရေးဆိုတဲ့ဟာနဲ့ ဝေးသထက်ဝေးအောင်၊ တချို့အာရုံပြတ်သွားအောင် တမင်ကို ဆွဲဆွဲပြီး တနေရာကို လှမ်းခေါ်သွားနေတာဖြစ်တယ်။
မေး။ ။ ဒါဆို မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်းတွေ ပြေလည်လာနိုင်မယ့် အလားအလာရော မြင်ပါသလား။
ဖြေ။ ။ နအဖ အခုလို သွားနေပုံမျိုးနဲ့တော့ မရှိဘူးဗျ။ နအဖက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းမယ်ဆိုတာကို သူက လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို နိုင်ငံရေးပြဿနာလို့ သူက ထုတ်မပြောဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိစ္စကိုလည်း နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ ဖိနှိပ်တဲ့နည်းနဲ့ ဖြေရှင်းနေတာ။ သေနတ်နဲ့စောင့်နေတဲ့ အစောင့်တွေကြားထဲမှာ ဒေါ်စုကိုထည့်ထားတာဟာ နအဖက လက်နက်နဲ့ ဖြေရှင်းထားတာဖြစ်တယ်။
မေး။ ။ ၂၀၁၀ မှာလုပ်မယ်လို့ နအဖကကြေညာထားတဲ့ ရွေးကောက်ပွဲက နီးလာပေမယ့် ရွှေဂုံတိုင်ကြေညာချက်အပါအ၀င် အန်အယ်လ်ဒီက တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေကို နအဖက လျစ်လျူရှုထားပါတယ်။ ဒီလို အခြေအနေမျိုးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေနဲ့ ဘယ်လို ရပ်တည်မှုမျိုး ရှိသင့်ပါသလဲ။
ဖြေ။ ။ ကျနော်တို့အနေနဲ့ကတော့ အန်အယ်လ်ဒီဟာ ပါတီကြီးဗျ။ ဒါကြောင့် ပါတီကြီးကို ကျနော်တို့အနေနဲ့ ဘယ်လိုလုပ်သင့်ပါတယ်ဆိုတာမျိုး မပြောလိုဘူး။ မပြောလည်း မပြောထိုက်ဘူး။ ဒါပေမယ့် ကျနော်တို့ အမြင်ကတော့ အန်အယ်လ်ဒီ ချမှတ်ထားတဲ့ ရွှေဂုံတိုင်ကြေညာချက်ဟာ ဒီနေ့အခြေအနေနဲ့ ကိုက်ညီတယ်။ ဒါကြောင့်မို့ အန်အယ်လ်ဒီအနေနဲ့ အဲဒီကြေညာချက်အပေါ်မှာ ခိုင်ခိုင်မြဲမြဲ ရပ်တည်သွားနိုင်ပါစေလို့ မျှော်လင့်ပါတယ်။ ဒီရွေးကောက်ပွဲကတော့ တိုင်းပြည်ကို ဘာမှကောင်းကျိုးပေးမယ့်ဟာ မဟုတ်ပါဘူး။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံလျှောက်လဲချက် နအဖ ပယ်လိုက်တာဟာ နိုင်ငံရေးရပ်တည်ချက်အသစ်တွေနဲ့ အယူဆသစ်တွေကို အဖြေပေးလိုက်တဲ့သဘောလို့ ဆရာ့ဆောင်းပါးမှာ ပါရှိပါတယ်။ အဲဒါ ဘာကို ဆိုလိုတာပါလဲ။
ဖြေ။ ။ ဗမာပြည်ထဲမှာ ရွေးကောက်ပွဲလုပ်တော့မယ်ဆိုတာနဲ့ တပြိုင်နက်တည်း ထောင့်ပေါင်းစုံကနေပြီး အသံမျိုးစုံထွက်လာတယ်။ အဲဒီဟာတွေထဲမှာ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ဟာတွေကိုတော့ အထူးမပြောတော့ဘူး။ ရွေးကောက်ပွဲဝင်ဖို့ ထောက်ခံနေတဲ့ဟာတွေ၊ ဘာကြောင့် ၀င်သင့်တယ်ဆိုပြီး အမျိုးမျိုးပြောနေတဲ့ဟာတွေကို ဥပမာ တချို့က ရွေးကောက်ပွဲဝင်ခြင်းအားဖြင့် space တခု လှုပ်ရှားစရာနေရာတခု၊ နိုင်ငံရေးလှုပ်ရှားစရာခွင်တခုတော့ ရသွားမှာပဲလို့ ပြောတယ်။ ဒါပေမယ့် အဲဒီခွင်ထဲမှာ ဒီဒေါ်အောင်ဆန်းစုကြည်အမှုလိုဟာမျိုး ဆင်ပြီးဖမ်းတယ်၊ ဘိန်းပစ်ဖမ်းတာမျိုး လုပ်တယ်၊ ဖဲဆင်ပြီး ဖမ်းတာမျိုးလုပ်တယ်။ ထပ်ပြီးတော့ သူတို့ကြိုက်သလိုမျိုးလုပ်နေတာကို ဆက်ပြီးသယ်ဆောင်နေမယ်ဆိုရင်၊ လှုပ်ရှားခွင့်ရတယ်ဆိုတာလည်း အဲဒါတွေ ထောက်ခံနေရမှာပဲ၊ တခြားဘာမှ လုပ်လို့ရမှာမဟုတ်ဘူး။ ဒါ space ဆိုတာနဲ့ပတ်သက်လို့ပါ။ တချို့ကပြောတော့လည်း ရွေးကောက်ပွဲကနေပြီးတော့ ဒီမိုကရေစီကို တလှမ်းချင်းလှမ်းတက်သွားမယ်လို့ပြောတယ်။ ဒါကြောင့် အခုလို ဒေါ်အောင်ဆန်းစုကြည်လို ကိစ္စမျိုးဟာ ဒီမိုကရေစီလား။ အဲဒါမျိုး နောက်မရှိတော့ဘူးလို့ ဘယ်သူက အာမခံထားလဲ။ နအဖလည်း အာမမခံဘူး၊ အခုရွေးကောက်ပွဲဝင်မယ့် လူတွေလည်းပဲ ဘယ်သူကမှ ဒီရွေးကောက်ပွဲလုပ်ရင် ဒီမိုကရေစီ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမယ်လို့ ဘယ်သူမှ မပြောရဲဘူး။
မေး။ ။ ၂၀၁၀ ရွေးကောက်ပွဲလုပ်မယ်ဆိုပေမယ့် ရွေးကောက်ပွဲဥပဒေ၊ ပါတီများမှတ်ပုံတင်ခွင့်၊ မီဒီယာလွတ်လပ်ခွင့် စတဲ့ ရွေးကောက်ပွဲဆိုင်ရာ အခင်းအကျင်းတွေ အခုထိမပေးသေးတဲ့အတွက် ဒီရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အဲဒါကလည်း စဉ်းစားစရာတော့ ကောင်းတယ်။ ဘာလို့ သူတို့မထုတ်ပြန်နိုင်သေးလဲဆိုတာ။ သေချာတာကတော့ သူတို့တွင်းမှာ ပြဿနာရှိတယ်။ သူတို့ထဲမှာ မပြတ်လို့ သူတို့အပြင်ကို မထုတ်နိုင်တာပါ။ ဒါပေမယ့် ရွေးကောက်ပွဲဆိုတာ အခုလုပ်လိုက်ချင် လုပ်လိုက်လို့ရတယ်၊ အာဏာရထားတဲ့သူ သေနတ်ကိုင်ထားတဲ့သူဆိုတာ။ အဓိကတော့ သူတို့ထဲမှာ အာဏာနဲ့ပတ်သက်တဲ့ ပြဿနာတော့ ရှိမှာပါ။
မေး။ ။ မြန်မာပြည်သူတွေမှာ သူတို့မျှော်မှန်းထားတဲ့ ဒီမိုကရေစီ မျှော်လင့်ချက် ရှိနိုင်ပါသေးလား။
ဖြေ။ ။ ပြည်သူလူထုကတော့ သူတို့နဲ့မဆိုင်ဘူး။ ပြည်သူလူထုမှာ မျှော်လင့်ချက် ရှိလား မရှိဘူးလားဆိုတာ ကိုယ်ဘယ်လောက် လုပ်နိုင်လဲဆိုတဲ့အပေါ်မှာ တည်တာ။ နအဖက သဘောထားပြောင်းလာတာ၊ စိတ်ကောင်းရှိလာတာ ဆိုတဲ့အပေါ်မှာ မူတည်တာမဟုတ်ဘူး။ ပြည်သူလူထုကို တကယ့်တကယ် မျှော်လင့်ချက်ပေးနိုင်တာက အတိုက်အခံတွေပဲ။ အတိုက်အခံတွေ ဆိုတာ ပြည်တွင်းပြည်ပပေါ့။ အထူးသဖြင့် ပြည်တွင်းကပေါ့။ ပြည်သူလူထုကို ဘယ်လောက်အထိ ဦးဆောင်ပြီးတော့ လုပ်ချင်ကြသလဲ။ အဲဒါ ပိုပြီးအဓိကကျလိမ့်မယ်။

Geen opmerkingen: