မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 7 oktober 2009

ဂျပန်သံရုံးအတွင်းဝန်နှင့် ဦးဝင်းတင် တွေ့ဆုံ

မင်းနိုင်သူ / ၇ အောက်တိုဘာ ၂၀၀၉

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ကို ယမန်နေ့က ဖိတ်ခေါ် တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။
ဂျပန်သံရုံး၏ ဖိတ်ခေါ်မှုနှင့်စပ်လျဉ်း၍ “လွန်ခဲ့တဲ့ရက်ပိုင်းက ကျနော်က သတင်းမီဒီယာတခုမှာ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ဈေးကွက်တခုအနေနဲ့သာ မကြည့်ဘဲနဲ့ နိုင်ငံရေးဖြေရှင်းမှုတွေ လိုအပ်နေတဲ့နိုင်ငံ၊ မိမိတို့လည်း ပါဝင်ဖြေရှင်းဖို့ တာဝန်ရှိတဲ့ နိုင်ငံအနေနဲ့ အသိမှတ်ပြုပါဆိုတဲ့ သဘောပြောဆိုခဲ့ဖူးပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ သူတို့ တွေ့ချင် သိချင်တာလေးတွေ ရှိလို့ ကျနော့်ကို ဖိတ်တာပါ” ဟု ဦးဝင်းတင်က ရှင်းပြသည်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်နှင့် ဂျပန်သံရုံးတို့ ပထမအကြိမ် တွေ့ဆုံမှုဖြစ်ပြီး ဦးဝင်းတင်က မြန်မာ့နိုင်ငံရေးအခြေအနေများကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။
“ကျနော်တို့အနေနဲ့ကတော့ ဘယ်အိမ်နားနီးချင်းနဲ့မဆို နွေးထွေးစွာ ဆက်ဆံချင်တယ်။ ကျနော်တို့ ဒီမိုကရေစီအရေး လုပ်နေတဲ့သူတွေအပေါ်မှာလည်း စာနာထောက်ထားမှုတွေ ရှိစေချင်တယ်။ အဲဒီလိုနိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံလည်းပါတယ်။ ဂျပန်နိုင်ငံဟာ အာရှမှာ အချမ်းသာဆုံးနိုင်ငံဖြစ်သလို မြန်မာနိုင်ငံနဲ့လည်း သမိုင်းကြောင်းအရ ဆက်စပ်မှုတွေရှိခဲ့တယ်။ အဲဒီတော့ အနောက်နိုင်ငံတွေက ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ကာကွယ်စောင့်ရှောက်နေသလို ဂျပန်နိုင်ငံရဲ့ စောင့်ရှောက်မှုတွေကို ကျနော်တို့ တန်ဖိုးထားတယ်ဆိုတာကို ပြောတယ်” ဟု ဦးဝင်းတင်က ပြောသည်။
ဂျပန်အစိုးရအနေဖြင့် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန်းကရပ်ရန်ဆိုသည့် ထိရောက်သော ဖိအားပေးမှုမျိုးပြုသင့်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး တောင်းဆိုရာတွင်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး လုပ်ရန်ဆိုသည့်အချက်နှင့် ယှဉ်တွဲတောင်းဆိုပေးရန်တို့ကို အဓိကထားပြောဆိုခဲ့ကြောင်း သိရသည်။
ယမန်နေ့ ညနေ (၄) နာရီခန့်မှစ၍ (၁)နာရီခန့် တွေ့ဆုံမှုတွင် ဂျပန်သံရုံးအတွင်းဝန်က ဦးဝင်းတင်၏ အမြင်သဘောထားများကို အဓိကထားမေးမြန်းခဲ့ပြီး တုံ့ပြန်ဆွေးနွေးမှုမရှိကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သော မဲခေါင်ဒေသဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာအိုကားဒါးက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် တိုက်တွန်းခဲ့သည်။
အဆိုပါတိုက်တွန်းမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုဆိုပြီး အာဆီယံနိုင်ငံများအနေဖြင့်လည်း အလားတူတောင်းဆိုမှုများ ပြုသင့်သည်ဟု ဦးဝင်းတင်က ပြောသည်။
“အာဆီယံလို အိမ်နီးချင်းအဖွဲ့အစည်းကိုလည်း ကျနော်တို့ တန်ဖိုးထားတယ်။ ကျနော်တို့ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ကူညီစေချင်တယ်။ ကျနော်တို့ရဲ့ ဒီမိုကရေစီအရေးကြိုးပမ်းမှု အောင်မြင်မှသာလျှင် အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း ဒေသတွင်းတည်ငြိမ်မှုတွေ ရနိုင်မယ်။ စစ်အစိုးရပြောနေတဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုသာ ဇွတ်တိုးပြီး သွားမယ်ဆိုရင် တနေ့သောအခါမှာ ဒေသတွင်းတည်ငြိမ်မှုကို အနှောင့်အယှက်ဖြစ်လာလိမ့်မယ်” ဟု ၎င်းက ပြောသည်။

Geen opmerkingen: