မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 26 oktober 2009

အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် ဒေါ်စုပါဝင်နိုင်ဟု ဗိုလ်ချုပ်ကြီးသိန်းစိန် ပြောကြား

  

NEJ / ၂၆ အောက်တိုဘာ ၂၀၀၉

နေအိမ်အကျယ်ချုပ်ကျနေသည့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမျိုသားပြန်လည်ရင်ကြားစေ့ရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်နိုင်ကြောင်း မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က အာဆီယံခေါင်းဆောင်များကို ပြောဆိုခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်က သတင်းထောက်များကို ပြောကြားလိုက်သည်။
ဗိုလ်ချုပ်ကြီးသိန်းစိန်က ထိုင်းနိုင်ငံ ဟွာဟင် အပန်းဖြေကမ်းခြေမြို့၌ ကျင်းပခဲ့သည့် (၁၅) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့သော် ယင်းပြောဆိုချက်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့်ပြုမည့်သဘော ဟုတ်မဟုတ်ဆိုသည်ကိုမူ ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်းမရှိဟု ထိုင်းဝန်ကြီးချုပ် အဖိဆစ်က ယမန်နေ့၌ ပြောကြားသည်။
ကမ္ဘာ့နိုင်ငံများက မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်လိုသည့် လက္ခဏာများ ပြသခဲ့သည့်အတွက် သူ့အနေဖြင့် ကြိုဆိုကြောင်းလည်း ဗိုလ်ချုပ်ကြီးသိန်းစိန်က ပြောဆိုခဲ့ကြောင်း မစ္စတာအဖိဆစ်က ပြောသည်။
မြန်မာနိုင်ငံတွင် ရှေ့နှစ်ထဲ ပြုလုပ်မည့် ရွေးကောက်ပွဲကို အတတ်နိုင်ဆုံးအားလုံးပါဝင်သည့် ရွေးကောက်ပွဲအဖြစ် ကမ္ဘာ့နိုင်ငံအများက မြင်တွေ့လိုကြောင်း မျှော်လင့်ချက်ထားနေမှုကိုလည်း မြန်မာဝန်ကြီးအနေဖြင့် နားလည်အသိအမှတ် ပြုကြောင်း မစ္စတာအဖိဆစ်က ပြောကြားသည်။
ယင်းသို့ မြန်မာဝန်ကြီးချုပ်၏ ပြောကြားချက်နှင့် ပတ်သတ်၍ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ အတွင်းရေးမှူး အဖွဲ့ဝင်ဖြစ်သူ ခွန်မြင့်ထွန်းက “ဗိုလ်ချုပ်ကြီးသိန်းစိန်ပြောတာက အမျိုးသားပြန်လည်သင့်မြတ်ရေးအစီအစဉ်မှာ ဒေါ်စုပါနိုင် တယ်လို့ပြောတာ။ အဓိပ္ပာယ်က ဒေါ်စုပါဝင်နိုင်အောင်လို့ နအဖကနေ စီစဉ်ဆောင်ရွက်ပေးနေပါပြီလို့ ပြောတာမဟုတ်ဘူး။ ဒီနှစ်ခုကွာခြားတယ်။ ကျနော်တို့လိုချင်တာက အမျိုးသားပြန်လည်သင့်မြတ်ရေးအစီအစဉ်အတွက် ဒေါ်စုပါဝင်ဆောင်ရွက်နိုင်အောင် နအဖက စီစဉ်ဆောင်ရွက်နေပါပြီလို့ ပြောရမှာဖြစ်တယ်” ဟု ဆိုသည်။
ယခုကဲ့သို့ မြန်မာဝန်ကြီးချုပ် ပြောဆိုမှုစကား၏ နောက်ဆက်တွဲအနေဖြင့် ကြိုတင်ကတိက၀တ် စည်းမျဉ်းများ လာလိမ့်မည်ဟု ထင်မြင်ကြောင်း ခွန်မြင့်ထွန်းက ဆက်လက်ပြောသည်။
၎င်းက “ဒီအစီအစဉ်မှာ ဒေါ်စုပါနိုင်တယ်ဆိုရင် ပါနိုင်ဖို့အတွက် အခင်းအကျင်းတွေကို နအဖက စီစဉ်ဆောင်ရွက်ပေးရမှာ ဖြစ်တယ်။ ဒီလိုမဟုတ်ဘဲ ဒီအစီအစဉ်မှာ ပါနိုင်ပါတယ်၊ ပါဝင်နိုင်ဖို့အတွက် ဘယ်လိုအချက်တွေကို လိုက်လျှောပါဆိုတာ မျိုးနဲ့တော့ ကျနော်တို့တိုင်းပြည်အတွက် တွေ့ဆုံဆွေးနွေးရေးဆိုတာ ဖြစ်ပေါ်လာမှာမဟုတ်ဘူး။ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး” ဟု ပြောသည်။
မြန်မာစစ်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို တကယ်လုပ်မည်ဆိုပါ နိုင်ငံရေးလမ်းပြမြေပုံ (ရုဒ်မက်) အတိုင်း သွားလို့မရဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲဆောင်ရွက်ရန် အစီအစဉ်များ လုပ်ဆောင်ရန်လိုအပ်ကြောင်း ခွန်မြင့်ထွန်းက ပြောကြားသည်။
အာဆီယံအစည်းဝေးတက်ရောက်သည့် နိုင်ငံခေါင်းဆောင်များကမူ မြန်မာနိုင်ငံ၌ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် တရားမျှတ၊ လွတ်လပ်၊ ပွင့်လင်းပြီး အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲအဖြစ် မျှော်လင့်ကြောင်း အစည်းဝေး နောက်ဆုံးနေ့တွင် မှတ်တမ်းတင် ပြောဆိုခဲ့ကြသည်။
သို့သော် လွန်ခဲ့သည့်နှစ် (၂၀) အတွင်း နေအိမ်အကျယ်ချုပ်အဖြစ် (၁၄) နှစ်ထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အကြောင်းနှင့် ပတ်သက်၍မူ ယခုနှစ်အာဆီယံအစည်းအဝေးတွင် တင်ပြပြောဆိုမှုမရှိခဲ့ကြောင်း သိရသည်။

Geen opmerkingen: