မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 7 oktober 2009

မြစ်သာမြစ်ရေ မြင့်မှုကြောင့် ဒေသခံများ အခက်တွေ့

Wednesday, 07 October 2009 19:44 ဇာနည်မာန်
.စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ မြစ်သာမြစ် ရေကြီးမှုကြောင့် ကလေးမြို့နှင့် ပတ်ဝန်းကျင် ရွာများ ရေမြုပ်ကာ ဒေသခံများ အခက်အခဲ တွေ့နေရကြောင်း သတင်းရရှိသည်။

ယခင် ၃ ရက်ခန့် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်သာမြစ်ရေ မြင့်တက်လာပြီး မြစ်ကြောင်းတလျှောက်ရှိ ကလေးမြို့ပတ်ဝန်းကျင်နှင့် ရွာပေါင်း ၂၀ ကျော်တို့တွင် နေအိမ်များ ရေမြုပ်ခဲ့သည့်အတွက် ဒေသခံများ နေစရာ နေရာနှင့် စားသောက်ရေး အခက်အခဲများ ရှိနေကြကြောင်း ကြားသိရသည်။
“အရင်က ဒီလောက်ထိမဖြစ်ဖူးဘူး။ ခုက လမ်းမတွေကော ရွာတွေကော အကုန်မြုပ်တယ်။ ကားတွေသွားမရဘူး။ ကျွဲနွားတွေလည်း လမ်းဘေးမှာ ထားရတယ်။ အခုထိ ရေက ရှိနေတုန်းပဲ။ ပထမဆုံး နေ့ကလောက်တော့ မများတော့ဘူး။ ကျမတို့ အရပ်ထဲက ထမင်းထုပ်တွေတော့ လိုက်ဝေနေတယ်” ဟု ကလေးမြို့ ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။
ကလေးမြို့အရှေ့ဘက်ရှိ မြစ်သာမြစ်သည် ယခင်ကတည်းက ၅ နှစ်လျှင် တကြိမ်ကျ ရေကြီးတတ်သော်လည်း ယခုနှစ်တွင် သက်ဆိုင်ရာ အာဏာပိုင်များက ကြိုတင် အသိပေးခြင်း မရှိသောကြောင့် နေအိမ်များ ရွှေ့ပြောင်း ချိန် မရလိုက်ဘဲ ဒုက္ခတွေ့ရခြင်းဖြစ်သည်ဟု တခြားဒေသခံတဦးက ဆိုသည်။
ကလေးမြို့ပေါ်ရှိ မြစ်နှင့်နီးသော အနိမ့်ပိုင်းရပ်ကွက် များတွင် ရေလွှမ်းနေပြီး လတ်တလောတွင် ကလေးမြို့ပေါ်ရှိ ကဇာတ်ရုံကို ရေဘေးကယ်ဆယ်ရေး စခန်းအဖြစ် ထားရှိရာ ရေဘေးသင့်ပြည်သူ ၄၀၀ ခန့်ရှိနေသည်ဟု သိရ သည်။
“လောလောဆယ် လူကြီးတွေက ကယ်ဆယ်ရေး သွားလုပ်နေကြတုန်းပဲ။ အသေပျောက်တော့ မကြားသေးဘူး။ တချို့ကို ဇာတ်ရုံထဲမှာ ထားတယ်” ဟု ကလေးမြို့နယ်ရုံးမှ ၀န်ထမ်းတဦးက ပြောသည်။
အဆိုပါ မြစ်ရေကြီးမှုကြောင့် ကလေးမြို့နှင့် ကလေးဝ မြို့ဝန်းကျင်ရွာများပိုင် ပဲနီလေး၊ ပဲပုတ်စသည့် ပဲစိုက်ခင်း များနှင့် လယ်စိုက်ဧက တသောင်းကျော် ရေမြုပ်ပျက်စီးသွားသည်ဟုလည်း ၎င်းကဆိုသည်။
ထို့အတူ ကလေးမြို့မှ တမူးသို့သွားသောလမ်း၊ မန္တလေးနှင့် မုံရွာသို့ တိုက်ရိုက်သွားလာသော လမ်းများ သည်လည်း အသုံးပြု၍ မရတော့ဘဲ ကားများ၊ ရထားခရီးစဉ်များ ခေတ္တရပ်ဆိုင်းထားရသည်ဟု ဒေသခံများက ဆိုသည်။ ဂန့်ဂေါမှ မုံရွာသို့သွားသောလမ်းကိုမူ အသုံးပြု၍ ရနေသေးသည်ဟု သိရသည်။
ကလေးမြို့သည် အိန္ဒိယနှင့် မြန်မာနယ်စပ် ကုန်သွယ်မှု အချက်အချာကျရာ မြို့ဖြစ်သောကြောင့် မြစ်ရေထပ်၍ မြင့်တက်လာပါက နယ်စပ်ကုန်စည် စီးဆင်းမှု ထိခိုက်မည်ကို ကုန်သည်များက စိုးရိမ်နေကြသည်။
“ကျနော်တို့ အခုတော့ ဒီအတိုင်း စောင့်ကြည့်နေကြရတယ်။ မိုးကလည်း သီတင်းကျွတ် လပြည့်ကတည်းက ရွာတာ၊ ခုထိ ရွာနေတုန်း။ ရေကလည်း ဆက်တက်နေတုန်းပဲ။ ဒီတိုင်း ဆက်တက်နေရင်တော့ မလွယ်ဘူး။ လမ်းတွေလည်း အကုန်ပိတ်ကုန်ပြီ” ဟု ဒေသခံတဦးက ပြောသည်။

Geen opmerkingen: