မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 5 oktober 2009

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ကာ မိစ္ဆာဒိဋ္ဌိအဖြစ် သံဃာ့တပ်ပေါင်းစု သတ်မှတ်


NEJ / ၅ အောက်တိုဘာ ၂၀၀၉

မြန်မာနိုင်ငံတွင် တာဝန်အရှိဆုံး ဦးသန်းရွှေအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်ကာ သာသနာဖျက် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက အောက်တိုဘာ (၅) ရက် ယနေ့ နေ့စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။
ကြေညာချက်တွင် ယခုလ (၃) ရက်၊ သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့တွင် ပြည်တွင်းပြည်ပ သိမ်အသီးသီး၌ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်ဆိုကာ အောင်မြင်စွာ သပိတ်မှောက်နိုင်ခဲ့ကြောင်းလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂနှင့် သံဃာသာမဂ္ဂီအဖွဲ့တို့က တင်ပြထားသည်။
ယင်းသို့ တတိယအကြိမ် သပိတ်မှောက်ကံဆောင်နိုင်ခဲ့သော်လည်း သံဃာတော်များ တောင်းဆိုထားသည့်အချက်ကို နအဖစစ်အုပ်စုတွင် တာဝန်အရှိဆုံးဖြစ်သည့် ဦးသန်းရွှေက မလိုက်နာသည့်အပြင် သံဃာတော်များအား ဆက်လက်ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်၊ ညှဉ်းပန်းသတ်ဖြတ်နေသည့်အတွက် ဦးသန်းရွှေ၊ ဒေါ်ကြိုင်ကြိုင်နှင့် ၎င်း၏မိသားစုတစုလုံးအား ဗုဒ္ဓဘာသာအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း၊ ဦးသန်းရွှေအား သာသနာကို ဖျက်ဆီးနေသည့် မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်လိုက်ကြောင်း၊ ဦးသန်းရွှေသည် ဗုဒ္ဓဘာသာဝင်မှန်ပါက သံဃာတော်များ တောင်းဆိုချက်ကို လိုက်နာရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
သံဃာတော်များအပေါ် ကျူးလွန်မှုများနှင့် သာသနာအပေါ် စော်ကားမှုများကို တတိယအကြိမ် သပိတ်မှောက်ကံဆောင်မည့် သီတင်းကျွတ်လပြည့်နေ့မတိုင်မီ အောက်တိုဘာ (၂) ရက် နောက်ဆုံးထား၍ ၀န်ချတောင်းပန်ရန် နအဖစစ်အစိုးရအား မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက နှိုးဆော်ထားခဲ့သည်။
သံဃာတော်များအနေဖြင့် ၁၉၉၀ ခုနှစ်တွင် မန္တလေး၌ တကြိမ်၊ ၂၀၀၇ ခုနှစ် စက်တင်ဘာတွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် တကြိမ်၊ နှစ်ကြိမ်တိုင်တိုင် နအဖစစ်အစိုးရအား ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်ဆိုကာ သပိတ်မှောက်ကံဆောင်ပြီး သတိပေးခဲ့သော်လည်း စစ်အစိုးရအာဏာပိုင်များက လိုက်နာတောင်းပန်ခြင်းမရှိသည့်အပြင် သံဃာတော်များနှင့်သာသနာကို ဆက်လက်စော်ကားနေသဖြင့် ယခုကဲ့သို့ တတိယအကြိမ် သပိတ်မှောက်ကံဆောင်ရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယ ကမိန့်ကြားသည်။
၎င်းက “ပြည်ပနဲ့ ပြည်တွင်း ပြည်နယ်အသီးသီးမှာ အခက်အခဲတွေကြားထဲကပဲ သံဃာတော်တွေ ညီညွတ်စွာနဲ့ ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာ ရွတ်ဆိုပြီးတော့ သပိတ်ကို အောင်မြင်စွာမှောက်လိုက်ခြင်းက တချက်ပေါ့လေ။ နောက်တချက်က တကယ့်တာဝန်အရှိဆုံးဖြစ်တဲ့ ဦးသန်းရွှေဟာ တကယ်ဗုဒ္ဓဘာသာဝင်ကောင်းတဦးဆိုရင် သာသနာဘောင်က ရဟန်းသံဃာတော်တွေအားလုံးကို ပြန်လွှတ်ရမယ်၊ တောင်းပန်ရမယ်။ အဲလိုပြန်မလွှတ်ဘဲ သူက သံဃာတော်တွေကို ဆက်လက်ဖမ်းဆီး နှိပ်စက်နေတယ်၊ ထောင်ချနေတဲ့အတွက်ကြောင့် တာဝန်အရှိဆုံးဖြစ်တဲ့ ဦးသန်းရွှေကို ဗုဒ္ဓဘာသာရဲ့ လုပ်ရပ်တွေနဲ့ မညီတဲ့အတွက်ကြောင့် သူ့ကို ဗုဒ္ဓဘာသာဝင်အဖြစ် ဦးဇင်းတို့သာသနာတခုလုံးက လုံးဝလက်မခံဘူး၊ ထုတ်ပယ်ပစ်မယ်။ ပြီးတော့ ဦးဇင်းတို့ရဲ့သာသနာတော်ကို သံဃာတော်တွေကို သတ်ဖြတ်ညှဉ်းဆဲနေတဲ့အတွက်ကြောင့် သူသည် ဗုဒ္ဓဘာသာရဲ့လမ်းစဉ်မဟုတ်တဲ့အပြင် သာသနာကိုဖျက်နေတဲ့ မိစ္ဆာဒိဋ္ဌိလမ်းစဉ်ဖြစ်နေတယ်။ ဒါကြောင့်မို့ ဦးဇင်းတို့က သူ့ရဲ့အယူမစွန့်မခြင်း၊ သူ့ကို မိစ္ဆာဒိဋ္ဌိအဖြစ် သတ်မှတ်ပြီး သာသနာ့ဘောင်ကနေ ဗုဒ္ဓဘာသာဝင် အဖြစ်ကနေ စွန့်ပယ်ထုတ်ပစ်တာပါ” ဟု ကြေညာချက်နှင့်ပတ်သက်၍ ရှင်းလင်းမိန့်ဆိုသည်။
တတိယအကြိမ် သပိတ်မှောက်ကံဆောင်မှုကို ပြည်တွင်းရှိမြို့နယ်များမှ သိမ်များတွင် သံဃာတော်များက မဖြစ်ဖြစ်သည့်နည်းဖြင့် ကမ္မ၀ါစာများ ရွတ်ဆိုကာ သပိတ်မှောက်ခဲ့ကြကြောင်း၊ အချို့သံဃာတော်များမှာ ပ၀ါရဏာပြုရင်းနှင့် လျှို့ဝှက်စွာဖြင့် ပတ္တနိက္ကုဇ္ဇနကမ္မ၀ါစာကို ရွတ်ဆိုခဲ့ကြကြောင်း အရှင်ဣဿရိယ ကမိန့်သည်။
“နအဖစစ်အစိုးရကလည်း ရွတ်ဆိုခွင့်မရအောင်ဆိုပြီးတော့ နေရာအနှံ့အပြားမှာ လိုက်ရှာတဲ့ကြားထဲကနေပြီး
သံဃာတော်တွေက အောင်မြင်အောင် သပိတ်မှောက်လိုက်ကြတယ်။ အခုဒီကမ္မ၀ါစာရဲ့ အဓိပ္ပာယ်က သိမ်တသိမ်ထဲမှာတောင် ရွတ်ဆိုလိုက်ရင် အောင်မြင်သွားတယ်။ အခုဟာက တကယ့်သိမ်တွေအများကြီးမှာ သံဃာတော်တွေ ညီညွတ်စွာနဲ့ ကမ္မ၀ါစာတွေရွတ်ဆိုပြီးတော့ သပိတ်မှောက်လိုက်ကြတဲ့အတွက်ကြောင့် ယခုတတိယအကြိမ်ရဲ့သပိတ်က တကယ့်ကို ကြီးမားတဲ့အောင်မြင်မှုလို့ ပြောလို့ရပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့လို့ ပြောလို့ရပါတယ်။ ရခိုင်၊ အထက်ဗမာပြည်၊ အလယ်ပိုင်း မန္တလေး၊ ပဲခူး အစရှိသဖြင့် နေရာအနှံ့အပြား ရန်ကုန်အထိဆိုတော့ တတိုင်းပြည်လုံးကို ခြုံမိငုံမိသွားပါတယ်” ဟု ၎င်းကမိန့်သည်။
စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာနိုင်ငံတွင် သံဃာတော်များ ငြိမ်းငြိမ်းချမ်းချမ်းနှင့် နေခွင့်မရအောင် လုပ်ဆောင်နေပြီး သာသနာကို ဖျက်ဆီးနေသည့်အတွက် ယင်းလုပ်ရပ်ကို ထိရောက်စွာအရေးယူပေးပါရန် သံဃာ့ခေါင်းဆောင်များ စုပေါင်းလက်မှတ်ထိုးကာ ကမ္ဘာ့ခုံရုံးအဆင့်ဆင့်ထိ တရားစွဲဆိုသွားရန်လည်း သံဃာတော်များ တိုင်ပင်ဆွေးနွေးနေကြောင်း အရှင်ဣဿရိယ ကမိန့်ကြားသည်။
ကြေညာချက်တွင် သာသနာနှင့် နိုင်ငံတော်ကိုဖျက်ဆီးနေသည့် ဦးသန်းရွှေအား တပ်မတော်မှဖယ်ရှားပေးရန် တပ်မတော်သားများကို တိုက်တွန်းထားပြီး ၀ိနည်းကံကို လေးစားလိုက်နာခြင်းမရှိသည့် သံဃာတော်များကို ပစ္စည်းလေးပါး လှူဒါန်းခြင်းမပြုကြရန် ပြည်သူများအား မေတ္တာရပ်ခံထားသည်။

Geen opmerkingen: