မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 21 februari 2011

ကြံ့ဖွံ့ဦးစီးသည့် ဘာသာရေးအသင်း ရုံးခန်း မဖွင့်ရန်ကန့်ကွက်

မင်းနိုင်သူ MONDAY, 21 FEBRUARY 2011 18:44
ရန်ကုန် ဗဟန်းမြို့နယ် ဆရာစံ မြောက်ရပ်ကွက်ရှိ ရပ်ကွက်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဓမ္မာရုံအတွင်း ဗုဒ္ဓသာသနာ့နုဂ္ဂဟ အသင်းရုံးခန်း ဖွင့်လှစ်ရန် ဗဟန်း မယက ဥက္ကဌက လာရောက် ပြောဆိုခဲ့ခြင်းကို ရပ်ကွက်သားများက ၀ိုင်းဝန်း ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့ပါတီ)က ဦးဆောင်၍ ဖွဲ့စည်းထားသော အသင်းဖြစ်သောကြောင့် ရပ်ကွက်သူ ရပ်ကွက်သားများ မကျေမနပ် ဖြစ်နေကြသည်။
“စနေနေ့ညပိုင်းကမယကဥက္ကဌနဲ့အဖွဲ့ဝင်၃ဦးရောက်လာပြီးဓမ္မာရုံ ဂေါပကအဖွဲ့တွေ၊ ဆွမ်းလောင်းအသင်း၊ ၀တ်အသင်းက အသင်းဝင်တွေနဲ့တွေ့တယ်။ သုံးထပ်ဓမ္မာရုံရဲ့ အလယ်ထပ်မှာ ဗုဒ္ဓသာသနာ့နုဂ္ဂဟ အသင်းရုံးခန်း ဖွင့်မယ်လို့ လာပြောတယ်။ရပ်ကွက်က ဆောက်လုပ်လှူဒါန်းထားတဲ့ ဓမ္မာရုံကို သူတို့က အာဏာနဲ့ သိမ်းမယ့်ပုံ ပြောဆိုတာကြောင့် ရပ်ကွက်က ၀ိုင်းအော် လိုက်ကြတယ်”ဟု ဒေသခံတဦးက ပြောသည်။
ဗဟန်း မယက ဥက္ကဌ ဦးထွန်းထွန်းဝင်းက အထက်မှ တာဝန်ပေးချက်အရ ဓမ္မာရုံ အလယ်ထပ်တွင် ဗုဒ္ဓသာသနာ့ နုဂ္ဂဟအသင်းရုံးခန်း ဖွင့်လှစ်လိုကြောင်း ပြောဆိုခဲ့ရာ အစည်းအဝေးသို့ တက်ရောက်လာသည့် ရပ်ကွက်သား ၁၅ ဦးခန့်က ဓမ္မာရုံကို ရပ်ကွက်သားများ၏ ချွေးနှဲစာဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း၊ ဗုဒ္ဓသာသနာ့ နုဂ္ဂဟအသင်း ရုံးခန်းဖွင့်လှစ်ရန် ရပ်ကွက်သားများက ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်း ပြန်လည် ပြောဆိုခဲ့ကြသည်ဟု သိရသည်။
မယကဥက္ကဌက အသင်းရုံးခန်းကို ယာယီသာ အသုံးပြုမည်ဟု ပြောဆိုခဲ့သော်လည်း ဓမ္မာရုံဂေါပက ဦးကိုကိုကြီးက ယာယီဆိုလျှင် ကာလအပိုင်းအခြားကို သိလိုကြောင်းနှင့် ပြောထားသည့် ကာလထက် ကျော်လွန် အသုံးမပြုပါဟု ကတိက၀တ် စာချုပ် ချုပ်ပေး၊ မပေး မေးမြန်းခဲ့ကြောင်း၊ သို့ရာတွင် ရှင်းလင်းစွာ ဖြေကြားခြင်းမပြုခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ တဦးက ပြောသည်။
“ဂေါပက ဦးကိုကိုကြီးက ကောင်းကောင်းမွန်မွန် မေးမြန်းတာကို သေချာပြန်မဖြေနိုင်ဘဲ သူက ကျနော်က စစ်သား၊ အထက်က ပေးတဲ့တာဝန်ကို လုပ်ရမှာပဲလို့ ပြောတော့ အစည်းဝေးတက်လာတဲ့ သူတွေအကုန်လုံး ဒေါသထွက်ပြီး ခွင့်မပြုနိုင်ဘူးလို့ အော်ကြတယ်။ နောက် ရပ်ကွက်ထဲက လူတွေကပါ ၀ိုင်းအော်ကုန်ကြတယ်” ဟု ၎င်းက ဆိုသည်။
ဆရာစံမြောက်ရပ်ကွက်မှ လူထုက ကန့်ကွက်ကြောင်း ၀ိုင်းဝန်း အော်ဟစ်ကြသဖြင့် ည ၁၀ နာရီခန့်တွင် မယကဥက္ကဌနှင့်အဖွဲ့ ပြန်လည် ထွက်သွားသော်လည်း တခြားနည်းဖြင့် ရယူမည်ဟု ကြိမ်းဝါးပြောဆိုသွားကြောင်း သိရသည်။
ဗုဒ္ဓသာသနာ့ နုဂ္ဂဟအသင်းကို ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက ဗိုလ်ချုပ်မှူးကြီးအမိန့်အရ ၂၀၀၈ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ဗုဒ္ဓသာသနာ့ နုဂ္ဂဟအသင်းဥက္ကဌ ဦးခင်ရွှေက “၂၀၀၈ ဖွဲ့စည်းပုံ ဆွဲပြီးစက နောက်ပိုင်းမှာ သာသနာရေးဝန်ကြီးနဲ့ နယ်စပ်စည်ပင် ၀န်ကြီးဌာနတွေက ဘတ်ဂျက် အကန့်အသတ်နဲ့ ဖြစ်သွားလိမ့်မယ်။ အဲဒီအခါမှာ ဒီအသင်းကြီး လိုအပ်လာလိမ့်မယ်ဆိုပြီး ဖွဲ့ခိုင်းလိုက်တဲ့အတွက် ဖွဲ့ထားရတာ” ဟု ပြောသည်။
စတင်ဖွဲ့စည်းစဉ်က ငွေကျပ်သိန်းပေါင်း ၁၄၀၀၀ ကျော် မတည်ခဲ့ပြီး ဆင်းရဲနွမ်းပါးသည့် ဗုဒ္ဓဘာသာဝင်များ ဘာသာ ကူးပြောင်းသွားမည့် အရေးမှ ကာကွယ်ရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟုလည်း ဦးခင်ရွှေက ပြောဆိုသည်။
ဗုဒ္ဓသာသနာ့နုဂ္ဂဟ အသင်းဥက္ကဌ ဦးခင်ရွှေသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) လွှတ်တော် ကိုယ်စားလှယ် အမတ်တဦးလည်း ဖြစ်နေရာ ၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော် ကိုယ်စားလှယ်များသည် ဘာသာရေးကို အသုံးချခြင်း မပြုရဆိုသည့် အချက်နှင့် ငြိစွန်းသည်ဆိုသော ဝေဖန်မှုများ ရှိနေသည်။
ဦးခင်ရွှေကမူ ၎င်းသည် ဗုဒ္ဓသာသနာ့နုဂ္ဂဟအသင်းကို ၂၀၀၈ ခုနှစ်ကပင် တာဝန်ယူခဲ့သည့်အတွက် ထိုအချက်နှင့် ငြိစွန်းခြင်းမရှိဟု ဆိုသည်။
အသင်းဝင်အဖြစ် ၀င်ကြေးသတ်မှတ်မထားကြောင်း အသင်းဥက္ကဌက ပြောဆိုထားသော်လည်း အစိုးရ၀န်ထမ်းများကို အသင်းမ၀င် မနေရ ၀င်ခိုင်းသည့်အပြင် ၀င်ကြေး ၂၅၀၀ ပေးရသည်ဆိုသော သတင်းများ ထွက်ပေါ်နေသည်။
မြို့နယ်အဆင့် အသင်းရုံးခန်းများအတွက် မြို့နယ်အဆင့် အသင်းဝင်များကို သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ ဓမ္မာရုံ၊ ဘုန်းကြီးကျောင်း များကို အလျဉ်းသင့်သလို ရှာကြံကြရန် တာဝန်ပေးထားသည်ဟု အသင်းဥက္ကဌက ပြောဆိုသော်လည်း နေရာငှားရမ်းခ ပေးချေ၊ မချေနှင့် ငှားရမ်းကာလ ပြည့်သည့်အခါ ပြန်လည်အပ်နှံ ပေး၊ မပေးကို ရှင်းလင်းစွာ ဖြေကြားခြင်းမပြုပေ။



Geen opmerkingen: