မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 14 februari 2011

အီဂျစ်တပ်မတော်ကိုနမူနာယူသင့်ကြောင်းဒေါ်အောင်ဆန်းစုကြည်ပြော

ဧရာဝတီ Monday, 14 February 2011 19:14
.အီဂျစ်နိုင်ငံတွင်နှစ်ပေါင်း ၃၀ ကြာ အုပ်ချုပ်ခဲ့သော အာဏာရှင် သမ္မတ ဟော်စနီ မူဘာရက် နုတ်ထွက်ရန် လူထုဆန္ဒပြခဲ့သည့် ဖြစ်ရပ်တွင် အီဂျစ်စစ်တပ်က အင်အာသုံး ဖြေရှင်းခြင်း မပြုသည့်အပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးခဲ့ပြီး မြန်မာ့တပ်မတော် သည်လည်း အီဂျစ် တပ်မတော်ကို နမူနာ ယူသင့်ကြောင်း ပြောသည်။
ဆန္ဒပြပွဲများဖြစ်ပေါ်ရာအီဂျစ်ပြည်ကိုင်ရိုမြို့လယ်ရှိတဟီရာရင်ပြင်အနီး၌အီဂျစ်တပ်သားတဦးက ကလေးငယ်တဦးကို ပွေ့ချီထားစဉ် (ဓာတ်ပုံ - AP)
ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရုံးချုပ်တွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပခဲ့သော၆၄နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားအပြီး ပြည်တွင်း ဂျာနယ်သတင်းထောက်တဦး၏ မေးမြန်းမှုကို ဒေါ်အောင် ဆန်းစုကြည်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အီဂျစ်နိုင်ငံ၌ အာဏာရှင် သမ္မတ မူဘာရက် ရာထူးမှ ဆင်းပေးရန် အီဂျစ်လူငယ်များက ဇန်န၀ါရီ လကုန်ပိုင်းမှ စတင်၍ ဆန္ဒပြပွဲများ စတင်ခဲ့သည်။ ၎င်းနောက် ၂ ပတ်နီးပါးအကြာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် သမ္မတ မူဘာရက် ရာထူးမှ ဆင်းပေး ခဲ့ရပြီး ၁၃ ရက်နေ့တွင် စစ်တပ်က လွှတ်တော်ကို ဖျက်သိမ်းကာ ၆ လအကြာတွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ကြေညာ ခဲ့သည်။
“လူတွေသောင်းသိန်းချီဆန္ဒပြကြပေမယ့်အီဂျစ်တပ်မတော်ကသူ့ပြည်သူတွေကိုမပစ်ဘူး။သူ့ ပြည်သူတွေဘက်က ရပ်တည်တယ်။ဒါကိုမြန်မာ့တပ်မတော်ကစံနမူနာယူသင့်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
အီဂျစ်နိုင်ငံတွင် လူငယ်များက ဦးဆောင်ပြီး လူမှုကွန်ရက်များဖြစ်သည့် facebook၊ twitterများမှတဆင့် လူထုသိန်းသန်းချီ ပါဝင်ခဲ့သော ဆန္ဒပြပွဲများအထိ ပြုလုပ်နိုင်ခဲ့သည့်အတွက် အီဂျစ်သမ္မတ မူဘာရက် နုတ်ထွက်သွားရသည် ဆိုသော
သတင်းမှာ မြန်မာလူငယ်များ အကြားတွင် ရေပန်းစား လူပြောများသော သတင်းတခုဖြစ်လာပြီး အီဂျစ်နိုင်ငံအကြောင်းကို လေ့လာလိုသူ များပြားလျက်ရှိကြောင်း သိရှိရသည်။
“၁၁ရက်နေ့ည၁၀နာရီလောက်မှာမူဘာရက် ဆင်းသွားပြီဆိုပြီး facebook မှာ သတင်း တွေတက်လာတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တောက်လျှောက်ကို တက်လာတာ။ အီဂျစ်ပြည်သူတွေကို ကြည့်ပြီး ကိုယ်လည်း ပျော်တယ်။ ကိုယ့်နိုင်ငံမှာလည်း အဲဒီလိုဖြစ်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်” ဟု facebook သုံးစွဲသူ အနောက်ပိုင်း တက္ကသိုလ် ကျောင်းသားတဦးက ဆိုသည်။
NLD လူငယ်တာဝန်ခံတဦးက အီဂျစ်လူငယ်များသည် အဖွဲ့အစည်းဟူ၍ မည်မည်ရရ ပြစရာမရှိဘဲ အွန်လိုင်းကို အသုံးချကာ အချင်းချင်းကွန်ရက်ချိတ်ဆက်ပြီး တော်လှန်ရေး စတင်ခဲ့ခြင်း ဖြစ်သဖြင့် အီဂျစ်တနိုင်ငံလုံး ငြိမ်းချမ်းသော ဆန္ဒပြပွဲတွင် ပါဝင်လာခြင်းဖြစ်ကြောင်း၊ အီဂျစ် တပ်မတော် ကသာ အာဏာရှင်အလိုကျ အကြမ်းဖက် နှိမ်နင်းခဲ့လျှင် အသက်ပေါင်းများစွာ စတေးရမည်ဖြစ်ကြောင်း ပြောဆိုသည်။
“တပ်မတော်က ပြည်သူဘက်က ရပ်တည်ဖို့ အရမ်းအရေးကြီးတယ်။ အီဂျစ်တပ်မတော်ရဲ့ ပြည်သူအပေါ် ထားတဲ့ စိတ်ဓာတ်က ချီးကျူးဖို့ ကောင်းပါတယ်။ ဒီမှာလည်း တပ်မတော်နဲ့ ပြည်သူ ပူးပေါင်းမိမယ် ဆိုရင် အောင်မြင်မှုရရှိဖို့ အသေအချာပဲ” ဟု ၎င်းက ပြောသည်။
လူငယ်အချင်းချင်း ကွန်ရက်ချိတ်ဆက် ဆောင်ရွက်မှုဖြင့် အာဏာရှင်တဦးကို ဖြုတ်ချနိုင်ခဲ့ခြင်းသည် ၂၁ ရာစုအတွက် အကောင်းဆုံးသော ဒီမိုကရေစီ တိုက်ပွဲ ဥပမာတခုပင် ဖြစ်ကြောင်း လူငယ် သတင်းထောက် တဦးက ဆိုသည်။
“ကွန်ရက်ဖြစ်တဲ့အတွက်အဖွဲ့အစည်းလိုမျိုးသူက ခေါင်းဆောင်၊ သူက နောက်လိုက် ဆိုတာမျိုးမရှိတော့ဘူး။ အန်တီ (ဒေါ်အောင်ဆန်းစုကြည်)စကားနဲ့ ပြောရင် အကျမနာဘူး။ တယောက်မရှိရင် နောက်တယောက်က လုပ်စရာရှိတာတွေဆက်လုပ်သွားလို့ ရတယ်။ အီဂျစ်ကလူငယ်တွေ လုပ်ပြသွားတာက အင်မတန်မှ ကောင်းတယ်။ လူထုကို တဖြည်းဖြည်းချင်း သိမ်းသွင်းသွားတာ” ဟု သူက ပြောသည်။
အီဂျစ်ပြည်သူများ၏ ဆန္ဒပြမှုကြောင့် ရာထူးမှ နုတ်ထွက်သွားရသော အသက် ၈၂ နှစ်အရွယ် သမ္မတ မူဘာရက်သည် လေတပ်ဦးစီးချုပ် ရာထူး တာဝန် ထမ်းဆောင်ခဲ့သော စစ်ဗိုလ်ချုပ်တဦး ဖြစ်ပြီး ၁၉၈၁ ခုနှစ်မှ စတင်ကာ နှစ်ပေါင်း ၃၀ ကြာ အုပ်စိုးခဲ့သော အာဏာရှင်သမ္မတ တဦးဖြစ်သည်။

Geen opmerkingen: