မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 21 februari 2011

ဆေးစွဲသူ တထောင်ခန့်ကို KIO ဖမ်းပြီး ဘိန်းဖြတ်ပေး

ဖနိဒါ တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၉ မိနစ်
ချင်းမိုင် (မဇ္စျိမ)။ ။ကချင်လွတ်မြောက်ရေးအဖွဲ့KIOမူးယစ်ဆေးတိုက်ဖျက်ရေး အစီအစဉ်အရ မူးယစ်ဆေးဝါး သုံးစွဲသူ ၉၈၁ ဦးကို ဖမ်းဆီးထားသည်ဟု အဖွဲ့အရာရှိ တဦးအဆိုအရ သိရသည်။
၂၀၁၀ ခုနှစ် အောက်တိုဘာလမှစ၍ မူးယစ်ဆေးဝါး တိုက်ဖျက်ခဲ့ရာ အဖမ်းခံရသူများမှာ ၁၅ နှစ်မှ ၄ဝ ကြား လူငယ် အများဆုံး ပါသည်ဟု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးနော်ဘူ အဆိုအရ သိရခြင်း ဖြစ်သည်။
“သူတို့ကိုနောက်နောင်ဒါမျိုးတွေမလုပ်ဖို့ ပညာပေးတာတွေ ရှိတယ်။ နောက်ပြီး ရောင်းဝယ်ဖောက်ကားမှုကို ကြည့်ပြီး ဒဏ်ငွေရိုက်တာတွေ ရှိတယ်။ ရောင်းသူတွေနဲ့ အဆက်အသွယ်ပြတ်အောင် သူတို့ကို စခန်းမှာ ထားတာပဲ ရှိတယ်။ တခြားအသက်အန္တရာယ် ပြုတာမျိုးတွေ၊ ကြီးကြီးမားမား အရေးယူတာတွေ မရှိပါဘူးခင်ဗျာ” ဟု ဗိုလ်ကြီးနော်ဘူက မဇ္ဈိမကို ပြောသည်။
၎င်းတို့ကိုKIOဌာနချုပ်လိုင်ဇာရှိမူးယစ်ဆေးဝါးတိုက်ဖျက်ရေးစခန်းတွင်အသိပညာပေး ဘိန်းဖြတ်ပေးသည်ဟု ဆိုသည်။
KIO ထိန်းချုပ်ရာ လိုင်ဇာမြို့အနီးဝန်းကျင်၊ တပ်မဟာ ၃
                  KIOကဘိန်းစိုက်ပျိုးခြင်းဖြင့်အခွန်ကောက်ခံခြင်း၊လက်နက်ဝယ်ယူခြင်းများ မရှိကြောင်းပြော
တရုတ်နိုင်ငံနယ်စပ်ရှိ မိုင်ဂျာယန်၊ အင်ဘာပါ၊ တြိဂံနယ်မြေ၊ ဖားကန့်၊ တနိုင်းမြို့နယ် အောင်လောတ်ဒေသ စသည့် နေရာများမှ ဖမ်းဆီးခံရသူများကို စုပေါင်းထားသည်။
ထို့ပြင် မူးယစ်ဆေးရောင်းဝယ်သူ ၁၂၇ ဦးကိုလည်း ဖမ်းဆီးအရေးယူနေကာ အနည်းဆုံး ဘိန်းမဲ ၁ ပိဿာ ဖမ်းမိသူကို ကျပ်ငွေ သိန်း ၅ဝ ဖြင့် အရေးယူထားသည်ဟု ဆိုသည်။
သို့သော် ဘိန်းရောင်းဝယ်ဖောက်ကားသူ အများအားဖြင့် ဆင်းရဲသူ အောက်ခြေလူတန်းစားများသာ ဖြစ်၍ အရေးယူမှုသည် မအောင်မြင်ကြောင်း ဗိုလ်ကြီးနော်ဘူက ပြောသည်။ ကချင်ပြည်နယ်အရှေ့ပိုင်း ဝိုင်းမော်မြို့နယ် ဆဒုန်းဒေသ ဘိန်းစိုက်ခင်း ၆၅၇၄ ဧကကိုလည်း KIO က ဖျက်ဆီးနိုင်ခဲ့ပြီဟု ဆိုသည်။
KIOနှင့်စစ်အစိုးရကယခင်နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးမပြောခင်အထိမူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို မူအားဖြင့် သဘောတူခဲ့သော်လည်း မနှစ် မေလမှ စတင်ကာ ဆက်ဆံရေး ပြတ်တောက်ခဲ့သည်။
လက်ရှိ KIOဘိန်းခင်းတိုက်ဖျက်ရေး လုပ်ငန်းများတွင် စစ်အစိုးရက တားမြစ်ပိတ်ပင်မှုများ ရှိသည်ဟု ဗိုလ်ကြီးနော်ဘူက ပြောသည်။
“စစ်အစိုးရနဲ့လည်း မူအားဖြင့် တိုက်ဖျက်ရေးလုပ်ဖို့ ရှိတယ်။ သူတို့လည်း လုပ်တယ်။ ဒါပေမဲ့ တခါတလေ အနှောင့်အယှက်ပေးတဲ့ အပိုင်းတွေ ရှိပါတယ်။ ကျနော်တို့ကို ဘိန်းစိုက်တဲ့နေရာ မသွားရဘူး၊ မလာရဘူး။ ခင်ဗျားတို့ ဒီဘက်မှာ ဘိန်းခင်းတွေ မရှိဘူးဆိုတာမျိုးတွေ ရှိတာပေါ့နော်” ဟု သူက ပြောသည်။
အချို့လက်နက်ကိုင်အဖွဲ့များက အဖွဲ့အတွင်း လက်နက်ဝယ်ယူရေး၊ အင်အားတောင့်တင်းရန်အတွက် ဘိန်းစိုက်ပျိုး ထုတ်လုပ်ရောင်းချမှုများ ရှိသည်ဟု လေ့လာသူများက ပြောဆိုကြသည်။
သို့သော်KIOက ဘိန်းစိုက်ပျိုးခြင်းဖြင့် အခွန်ကောက်ခံခြင်း၊ လက်နက်ဝယ်ယူခြင်းများ မရှိကြောင်း ဗိုလ်ကြီးနော်ဘူက ပြောဆိုသည်။
၁၉၆၄ ခုနှစ်မှစ၍KIOအတွင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးမူဝါဒထားရှိခဲ့သော်လည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်နေရသဖြင့် ဘိန်းတိုက်ဖျက်ရေး ထိရောက်စွာ မဆောင်ရွက်နိုင်ခဲ့ရဟု ဆိုသည်။
၁၉၉၁ ခုနှစ်အတွင်းKIOက“ဘိန်းလုံးဝမစိုက်ရ”ဆိုသည့်အမိန့်ကိုထုတ်ပြန်ပြီးဘိန်းခင်းများ ဖျက်ဆီးခြင်းနှင့်ပညာပေးတိုက်ဖျက်ခဲ့သဖြင့်နဖော့ဒေသ၊တရုတ်နယ်စပ်လွယ်ဂျယ်၊ ရှမ်းပြည်နယ်စပ်အချို့၌ ဘိန်းစိုက်ပျိုးခြင်းများ မရှိတော့ဘဲ အခြား အစားထိုးသီးနှံ ကြံနှင့် စပါး စိုက်ပျိုးအောင်မြင်ခဲ့သည်ဟု သူက ဆိုသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပြည်သူအများ ပူးပေါင်းပါဝင်ရန် လိုအပ်ပြီး နိုင်ငံတကာက ကူညီမှသာ အောင်မြင်မှု ရမည်ဟု သူက ယုံကြည်နေသည်။
“ကချင် မိသားစုတိုင်း သုံးစွဲသူ များလာတယ်။ လူငယ်တွေ ရောဂါကူးစက် ပျံ့နှံ့မှုတွေ ရှိတယ်။ အဲဒါကြောင့် ကျနော်တို့ KIOဗဟိုကော်မတီကနေ စီမံကိန်းချပြီးတော့ လုပ်တာပါ။ ကျနော်တို့ကို တရားစွဲလာမှာ ကြောက်လို့ မဟုတ်ဘူး။ နိုင်ငံတကာက ဖိအားပေးလို့လည်း မဟုတ်ဘူး။ ကျနော်တို့ဘာသာ ကိုယ့်အသိတရားနဲ့ လုပ်သင့်လုပ်ထိုက်တာ၊ ကျနော်တို့ အမျိုးသားရေးဖြစ်တယ်လို့ သတ်မှတ်ပြီးတော့ လုပ်တာဖြစ်တယ်။ စစ်အစိုးရကလည်း ကျနော်တို့ကို ဘာမှ အပြစ်ပေးလို့ မရဘူးလို့ ယူဆတယ်”ဟုKIO ဗိုလ်ကြီးက ပြောသည်။
ကချင်တမျိုးသားလုံး တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ၁၉၆၁ ခုနှစ်မှစ၍ KIO လက်နက်ကိုင် လှုပ်ရှားမှု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။



Geen opmerkingen: