မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 21 februari 2011

ရခိုင်အမျိုးသားနေ့ သတ်မှတ်ရန် ရခိုင်ပါတီ နှိုးဆော်

ကိုပေါက် တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၈ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေးအတွက် အကြံပြုချက်များ ပေးပို့ပါရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDPက ယခုလ ၂ဝ ရက်နေ့တွင် အင်တာနက်မှ စတင်လှုံ့ဆော်လိုက်သည်။
ပါတီအနေဖြင့် ကြေညာချက်မထုတ်ဘဲ ပြည်ပရောက် ပညာရှင်များ အပါအဝင် ရခိုင်သူ၊ ရခိုင်သားများထံ အကြံဥာဏ်များ တောင်းခံလိုက်ခြင်း ဖြစ်သည်။

“ရခိုင်အမျိုးသားတွေကတကမ္ဘာလုံးမှာပျံ့ပြီးရခိုင်အမျိုးသားနေ့သတ်မှတ်ရေးအတွက်အကြံပြုချက်များ ပေးပို့ပါရန် RNDP က အင်တာနက်မှ စတင်လှုံ့ဆော်
ပညာရှင်တွေအကုန်လုံး ရှိနေကြတာဆိုတော့ ကျနော်တို့ လူမျိုးတမျိုးလုံးရဲ့ အထွတ်အမြတ်နေ့ရက်ကို တစုသေးသေးလေးနဲ့ ကျနော်တို့ပါတီတခုထဲနဲ့ မဆုံးဖြတ်ချင်လို့ အဲလိုမျိုး အကြံဥာဏ် တောင်းထားတာပါ” ဟု စစ်တွေမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ RNDP ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြကျော်က မဇ္ဈိမကို ပြောသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ခေတ်မှစပြီး ဒီဇင်္ဘာလ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့သော်လည်း တမျိုးသားလုံး ဆွေးနွေးပြီး ပေါ်ပေါက်လာခဲ့သည့်နေ့ မဟုတ်သဖြင့် ရခိုင်ပြည်သူအများက ပါဝင်ဆင်နွှဲခြင်း မရှိတော့ဟု သူက ဆက်ပြောသည်။
“၁၉၇၃ အခြေခံဥပဒေအရ ရခိုင်သားတွေဟာ ပြည်နယ်တခု ရလိုက်တယ်လေ။ ရခိုင်ပြည်နယ်နေ့ရယ်လို့ အဲဒီက ဖြစ်လာတာ။ မဆလ က ပေးခဲ့တာ။ ဗိုလ်ချုပ်နေဝင်းက ပေးခဲ့တာ”ဟု ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။
ရခိုင်အမျိုးသားများမှာ ရှေးသမိုင်းစဉ် ရှည်ကြာစွာကတည်းက ကိုယ့်ထီးကိုယ့်နန်းနှင့် နေထိုင်လာခဲ့ကြသည်ဟု သူက ဆိုသည်။
အမျိုးသားနေ့အဖြစ် သတ်မှတ်ရန်အတွက် ဓညဝတီပြည် စတင်ထူထောင်သည့်နေ့၊ မဟာမြတ်မုနိကိုယ်တော် ရေစက်သွန်းချသည့်နေ့၊ ရခိုင်အမျိုးသားများ ခေတ်သစ်နိုင်ငံရေး နိုးကြားလာသည့်နေ့များ စသဖြင့် ရွေးချယ်စရာ နေ့ထူးနေ့မြတ်များလည်း ရှိနေသည်။
ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသည့် စက်တင်္ဘာလ ၉ ရက်နေ့ကို သတ်မှတ်ရန် လောလောဆယ်တွင် လူကြိုက်များကြောင်း RNDPအထွေထွေအတွင်းရေးမှူး ဦးလှစောနှင့် ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းရှိန်က ပြောသည်။
“ဒီကိစ္စက ရခိုင်တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စပေါ့။ ဒါဟာ အမျိုးသားအင်္ဂါရပ် တခုအနေနဲ့လည်း လိုအပ်ချက်တခု ဖြစ်တယ်။ လူမျိုးတိုင်း၊ လူမျိုးတိုင်းမှာက အမျိုးသားနေ့ဆိုတာ ရှိကြတာပဲ။ ဗမာမှာလည်း ရှိတာပဲ။ တခြား လူမျိုးတွေမှာလည်း ရှိတာပဲ။ ဒါပေမဲ့ ရခိုင်က လူမျိုးသာ ဖြစ်နေတာ အမျိုးသားနေ့ဆိုတာ ခုထက်ထိ မရှိသေးဘူး။ Identityမရှိသေးတဲ့ သဘောပေါ့။ အဲဒါကို ပါတီတခုကပဲ သတ်မှတ်ဖို့ဆိုတာ Cover မဖြစ်ဘူး၊ မလုံလောက်ဘူး” ဟု စစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေသည့် ရခိုင်လွတ်မြောက်ရေးပါတီ ALP မှ ဒုဥက္ကဋ္ဌ ၂ ဗိုလ်မှူးခိုင်မျိုးမင်းက ပြောသည်။
နယ်စပ်ဒေသနှင့် ပြည်ပရောက် ရခိုင်တော်လှန်ရေး အင်အားစုများအကြား ရခိုင်အမျိုးသားနေ့ ရွေးချယ်သတ်မှတ်ရန် စဉ်းစားဆွေးနွေးချက်များ ရှိခဲ့သော်လည်း အတိအကျ သတ်မှတ်နိုင်ခဲ့ခြင်း မရှိသေးပေ။
“ဥပမာရခိုင်ပြည်ကိုစတင်ထူထောင်တာကစန္ဒာသူရိယလို့ပြောတာကိုး။စန္ဒာသူရိက စတင်ထူထောင်တဲ့နေ့ကို အဆိုပြုကြတာ များတယ်။ ဒါပေမဲ့ အဲဒီနေ့ကို ဘယ်နေ့လဲဆိုတာ အတိအကျ မသိဘူးဖြစ်နေတယ်။ အဲလို အကြံပြု proposeလုပ်တဲ့ ၃-၄ ရက်လောက် ရှိခဲ့တယ်” ဟု ဗိုလ်မှူးခိုင်မျိုးမင်းက ဆိုသည်။
သို့သော် ဆရာတော် ဦးဥတ္တမနေ့ဟူ၍ သီးသန့်ကျင်းပနေပြီး၊ ၎င်းနေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် ပြည်ပရောက် ရခိုင်အမျိုးသားများအကြား အဆိုပြုခြင်း မရှိပေ။
ဤကဲ့သို့ ရခိုင်အမျိုးသားနေ့ဟူ၍ ရွေးချယ်ရန်မှာ သမိုင်းသုတွေသီများ၊ ဝါရင့်ရခိုင်နိုင်ငံရေးသမားကြီးများ၊ ရခိုင်ပညာရှိများ၏ အကြံပြုချက်များထဲမှ အသင့်တော်ဆုံး၊ အဆီလျော်ဆုံး၊ အကျယ်ပြန့်ဆုံးနှင့် အားလုံး လက်ခံနိုင်သည့် နေ့တနေ့ ဖြစ်သင့်ကြောင်း ဗိုလ်မှူးခိုင်မျိုးမင်းက ဆိုသည်။
RNDPအနေဖြင့်လည်းပြည်ပမှပညာရှင်များနှင့်ပါတိုင်ပင်ဆွေးနွေးနိုင်ရန်စီစဉ်သွားမည်ဖြစ်ပြီး သေချာသည်မှာ ပြည်နယ်နေ့ကို အမျိုးသားနေ့အဖြစ် မသတ်မှတ်နိုင်ကြောင်း ဦးအောင်မြကျော်က ပြောသည်။
အမျိုးသားနေ့အဖြစ် သတ်မှတ်ရန်မှာ ကိစ္စရပ်အသစ် ဖြစ်သဖြင့် ပြည်နယ်လွှတ်တော်က မည်ကဲ့သို့ ဆောင်ရွက်သွားမည်ကို မသိရသေးကြောင်း ဦးဘရှိန်က ပြောဆိုသည်။
ရခိုင်ပြည်နယ် လွှတ်တော်တွင် အမတ်ဦးရေ ၃၄ ဦးအနက် RNDPသည် ၁၈ နေရာ ရရှိထားသည့် ပါတီဖြစ်သည်။

Geen opmerkingen: