မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 25 februari 2011

ကော်မရှင်ဝင်များ အတည်ပြု၊ လွှတ်တော် ခွဲစည်းဝေးမည်

ကိုဝိုင်း သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၂ မိနစ်
ချင်းမိုင်(မဇ္ဈိမ)။ ။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၆ဦးကိုနေပြည်တော်ရှိ လွှတ်တော်နှစ်ရပ်ပေါင်း အစည်းအဝေးက သောကြာနေ့တွင် အတည်ပြုလိုက်သည်။
၎င်းတို့မှာ ဦးအောင်မြင့်၊ ဦးမြင့်နိုင်၊ ဒေါက်တာမြင့်ကြည်၊ ဦးသာဦး၊ ဦးဝင်းကြည်နှင့် ဦးညွှန့်တင်တို့ ဖြစ်သည်။
ကော်မရှင်ဝင်များကို အတည်ပြုပေးပြီးနောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကိုမူ ရပ်နားထားမည်ဟု ကြေညာခဲ့သည်။ ၁၃ ရက်နေ့မြောက်ဖြစ်သော ယနေ့အစည်းအဝေးသို့ အမတ် ၆၅၅ ဦး တက်ရောက်ခဲ့ကာ၊ မိနစ် ၂ဝ ခန့် အစည်းအဝေးအချိန် ကြာမြင့်ခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၆ဦးကိုအတည်ပြုပေးပြီးနောက်ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကိုမူ ရပ်နားထားမည်ဟု ကြေညာ
ပါလီမန်ကိုမတ်လ၁ရက်အင်္ဂါနေ့တွင်ပြန်စမည်ဖြစ်သော်လည်း အထက်လွှတ်တော်နှင့် အောက်လွှတ်တော်များကို သီးသန့်ခွဲပြီး ဆွေးနွေးသွားမည်ဖြစ်ကာ၊ လွှတ်တော်ရေးရာ ကော်မတီများ ဖွဲ့စည်းရန်နှင့် မေးခွန်းများမေးခြင်း၊ အဆိုတင်ခြင်း၊ ဥပဒေကြမ်း တင်သွင်းခြင်းတို့ကို ဆောင်ရွက်နိုင်ကြမည် ဖြစ်သည်။
ပြည်သူ့လွှတ်တော်အမတ်များကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကိုယ်စား လွှတ်တော် ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ဖိတ်ကြားကာ၊ အမျိုးသားလွှတ်တော်အတွက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေက ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကိုယ်စား ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။
ယင်းလွှတ်တော်နှစ်ရပ်သည် လွှတ်တော်အဖွဲ့အစည်းများအဖြစ် ဥပဒေကြမ်း၊ ပြည်သူ့ငွေစာရင်း၊ လွှတ်တော် အခွင့်အရေး၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး စသည့် ကော်မတီ ၄ ရပ်ကို လွှတ်တော်အမတ်များဖြင့် သီးခြားစီ ဖွဲ့စည်းရမည်ဟု လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများတွင် ဆိုထားသည်။
ယင်းကော်မတီများတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်အရေအတွက်နှင့် အမည်စာရင်း၊ ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အမည်များကိုမူ လွှတ်တော်ဥက္ကဋ္ဌများက သက်ဆိုင်ရာ လွှတ်တော်၏ သဘောတူညီချက်ဖြင့် ခန့်အပ်မည်။
လွှတ်တော်အမတ်တဦးသည် လွှတ်တော်ကော်မတီ “နှစ်ခုအထိ” ပါဝင်ခွင့်ရှိနေပြီး တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များကို သက်ဆိုင်ရာ လွှတ်တော်က သတ်မှတ်ပေးရမည် ဖြစ်သည်။
ယင်းကော်မတီများဖြင့် “မေးခွန်းများ မေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း၊ ဥပဒေမူကြမ်း တင်သွင်းခြင်း” တို့ ဆောင်ရွက်ကြရမည်ဟု ပြည်သူ့လွှတ်တော် အမတ်တဦးက ပြောသည်။
သတ်မှတ်ပေးထားခြင်း မရှိသည့် ဆောင်ရွက်ရာတွင် သုံးနှုန်းရမည့် “စကားလုံး”များကို နယက ဦးခင်အောင်မြင့်က ယနေ့တွင် နှုတ်ဖြင့် ရွတ်ပြသွားခဲ့သည်။
“မေးခွန်းက မဲဆန္ဒနယ်မြေက လူတွေရဲ့ လိုလားချက်တွေကို တင်ပြဖို့ ဖြစ်တယ်တဲ့။ ဘယ်လိုမေးရမလဲ ဆိုရင်တဲ့ သိပါသလားခင်ဗျာ၊ သိပါတယ်ဆိုရင် ဆောင်ရွက်ရန် ရှိပါသလားခင်ဗျာ၊ ဘယ်တော့လောက်များ ဆောင်ရွက်ပါမလဲခင်ဗျာ၊ သိချင်ပါတယ်ခင်ဗျာ၊ အဲဒီလို မေးရပါမယ်တဲ့။ စကားလုံးပါ ချပေးတာ”ဟု ပြည်သူ့လွှတ်တော်အမတ် တဦးက ပြောသည်။
မေးခွန်းများမေးမြန်းလိုလျှင် အစည်းအဝေး ကျင်းပမည့် ရက်မတိုင်မီ အနည်းဆုံး ၁ဝ ရက်၊ အဆိုတင်လိုလျှင် ၁၅ ရက်၊ ဥပဒေကြမ်းတင်လိုလျှင် ရက် ၃ဝ ကြိုတင်၍ သက်ဆိုင်ရာ လွှတ်တော် ဒုတိယညွှန်ကြားရေးမှူးချုပ်များထံ စာဖြင့် တင်ပြထားရမည်ဟု သတ်မှတ်ထားသည်။
သို့သော် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ အပါအဝင် ပါတီအချို့က မေးခွန်းများနှင့် အဆိုများကို သတ်မှတ်ထားသည်ထက် ပိုစော၍ ကြိုတင်တင်သွင်းကြသဖြင့် ပြန်လည်ချေပမည့်သူများအနေဖြင့် အချက်အလက်များ စုဆောင်းထားပြီး ဖြစ်နေမည်ဟု အမတ်တဦးက ပြောဆိုသည်။
အဆိုနှင့် ဥပဒေကြမ်းတင်နိုင်ရန်တွင် ထောက်ခံသူတဦး လိုအပ်မည်ဖြစ်ပြီး ကန့်ကွက်မှုများ ရှိသော်ငြားလည်း တင်သွင်းသူက မရုပ်သိမ်းလျှင် မဲခွဲဆုံးဖြတ်မည်ဖြစ်သဖြင့် အင်အားများသည့် ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရမည် ဖြစ်သည်။
ကြံ့ခိုင်ရေးပါတီအမတ် ဦးတင်အေး နုတ်ထွက်သွားသဖြင့် ပြည်သူ့လွှတ်တော်တွင် စုစုပေါင်း အမတ် ၄၃၄ ဦး ကျန်ရှိရာ ကြံ့ခိုင်ရေးပါတီမှ ၂၅၈ ဦး၊ တပ်မတော်ခန့်အမတ် ၁၁ဝ ဦး၊ အခြားပါတီများမှ ၆၆ ဦး ပါဝင်သည်။
အမျိုးသားလွှတ်တော်တွင် စုစုပေါင်း ၂၂၄ ဦး ရှိရာ ကြံ့ခိုင်ရေးက ၁၂၉ ဦး၊ တပ်မတော်ခန့် အမတ် ၅၆ ဦး၊ အခြား ပါတီများမှ ၃၉ ဦး ရှိသည်။



Geen opmerkingen: