မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 28 februari 2011

“စပါးပြီး စပါး၊မယားပြီးမယား” စာရေးဆရာကွယ်လွန်

ကိုပေါက် တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၆ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက်က ခေါင်းဆောင်ကြီးကို ထိခိုက်စေနိုင်သော အရေးအသားများကြောင့် ထောင်ချ အရေးယူခံခဲ့ရဖူးသူ စာရေးဆရာ မောင်ဖေငယ်၏ ရုပ်ကလာပ်ကို ရေဝေးသုသာန်၌ တနင်္ဂနွေနေ့က သင်္ဂြိုလ်ခဲ့သည်။
မောင်ဖေငယ် (ခေါ်)ဦးတင်ဖေသည် နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါအခံဖြင့်လေဖြတ်ကာအသက် ၆၇ နှစ်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သွားခဲ့သည်။
“မနေ့ကသင်္ဂြိုလ်တာပါ။ရေဝေးသုသာန်မှာပါ။ ညနေ ၃ နာရီက။စာပေအသိုင်းအဝိုင်းကလူတွေ အတော်များများတော့ လာကြပါတယ်” ဟု နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက မဇ္ဈိမကို ပြောသည်။
မောင်ဖေငယ်သည် ရာဇဝင်နောက်ခံ အတ္ထုပ္ပတ္တိများ ပြုစုလေ့ရှိသည်။
                                                                        မောင်ဖေငယ်ထောင်ကျခဲ့တဲ့စာအုပ်အဖုံး
၁၉၇၄ ထုတ် ၎င်း၏‘ရနောင်မောင်မောင်တုတ်’ဟူသောစာအုပ်ထဲ၌ ရနောင်မောင်မောင်တုတ်၏ ကိုယ်ကျင့်တရားပျက်ယွင်းမှုများကို‘ပြည်သူတွေ စပါးပြီးစပါး စိုက်နေရတဲ့အချိန်မှာဘုရင်က မယားပြီးမယားယူနေတယ်’ဟုထည့်သွင်းရေးသားခဲ့ရာထိုစဉ်ကအာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဥက္ကဋ္ဌကြီး ဦးနေဝင်း အိမ်ထောင်သစ်များ ထူထောင်နေသည်နှင့်လည်း တိုက်ဆိုင်နေသည်။
ထို့ပြင် မဆလ ဆိုရှယ်လစ် စီမံကိန်းအရ စပါးအထူးအထွက်တိုးရေးအတွက် စီမံကိန်းသီးနှံအဖြစ် တောင်သူလယ်သမားများအား စပါးများ အဓမ္မ အစိုက်ခိုင်းနေသည့် ကာလနှင့်လည်း ကြုံကြိုက်နေသည်။
ထိုအရေးအသားများကြောင့် စာပေအသိုင်းအဝိုင်းအတွင်း ဟိုးလေးတကြော်ဖြစ်သွားရာ စာအုပ်များ လိုက်လံသိမ်းယူဖျက်ဆီးခံရပြီး မောင်ဖေငယ်ကိုလည်း ဖမ်းဆီးကာ သေဒဏ်ချမှတ်ခဲ့သည်။ ထို့နောက် ထောင်ဒဏ် ပြောင်းလဲချမှတ်ခဲ့သည်။
စစ်ကြောရေးကာလအတွင်း ရရှိခဲ့သည့် မျက်လုံးအောက်တွင် ဆေးလိပ်မီးဖြင့် အထိုးခံခဲ့ရသည့် ဒဏ်ရာမှာ ကွယ်လွန်ချိန်အထိ ရှိနေခဲ့ကြောင်း မျက်မြင်များက ဆိုသည်။
ထိုကာလအတွင်း ‘ရှုဒေါင့်’ဂျာနယ်ပါ ‘အလမ္ပာယ်ဆရာကြီး’ကဗျာမှာလည်း အာဏာရှင် ဦးနေဝင်းအား ထိခိုက်စေသည်ဟူ၍ ဂျာနယ်အယ်ဒီတာ (ဦး)ဝင်းခက်နှင့် ကဗျာဆရာ ဝင်းလတ်တို့ကို ဖမ်းဆီး ထောင်ချခဲ့ဖူးသည်။ ကဗျာဆရာဝင်းလတ်မှာ လက်ဝဲနိုင်ငံရေးအတွေးအခေါ် ရှိသူဖြစ်သော်လည်း မောင်ဖေငယ်မှာ မည်သည့်နိုင်ငံရေးနောက်ခံမျှ မရှိဘဲ ၎င်းဖာသာ ရာဇဝင်လာ ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိများကို ရေးသားနေသည့် စာရေးဆရာတဦးဖြစ်ကြောင်း ရင်းနှီးသူများက ပြောဆိုသည်။
ဆရာ၏ နောက်ဆုံးခရီးတွင် ရေဝေးသုသာန်၌ ထက်မြက်၊ မိချမ်းဝေ၊ မြတ်ခိုင် စသည့်စာပေလောကမှ ပုဂ္ဂိုလ်များ လာရောက်ပို့ဆောင်ကြကြောင်း နာရေးကို ကိုယ်တိုင်စီစဉ်ဆောင်ရွက်ပေးခဲ့သူ စာရေးဆရာမ သန်းမြင့်အောင် က မဇ္ဈိမကို ပြောသည်။
မောင်ဖေငယ် ရေးသားပြုစုခဲ့သော စာအုပ်အချို့မှာ ရနောင်မောင်မောင်တုတ်၊ ဒိုင်းခင်ခင်၊ နန်းစံကြသူများ၊ ဘကြီးတော်မင်း၊ ရတနာဂီရိရောက် သီပေါမင်း၊ နန်းမတော်မယ်နု၊ သမိုင်းနှင့်ဝိရောဓိဖြစ်ခြင်း၊ သီပေါမင်း၏ နောက်ဆုံးနေ့ရက်များ စသည့်စာအုပ်များ ဖြစ်သည်။ မောင်ဖေငယ် စာရေးခွင့်ပြန်ရသည်မှာ ဆယ်နှစ်မရှိသေးပါ။
ရနောင်မောင်မောင်တုတ် စာအုပ်မှာကား ယခုချိန်ထိ ပြန်လည်ထုတ်ဝေခွင့် မရတော့ပေ။



ကွယ်လွန်ချိန်တွင် ဇနီး၊ သား ၂ ယောက်နှင့် သမီး ၃ ယောက် ကျန်ရှိသည်။







Geen opmerkingen: