မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 24 februari 2011

စကားကျွံ၍ မြို့တော်ဝန် အခက်တွေ့

ဧရာဝတီ Thursday, 24 February 2011 14:14
.တောင်ဥက္ကလာက ဗလီကြီး ကို ရွေးကောက်ပွဲအပြီး ၂ ပတ်အတွင်း ပြန်လည် ဆောက်လုပ်ခွင့် ပေးမည်ဟု ဦးအောင်သိန်းလင်း ကတိစကား လွန်ခဲ့သောကြောင့် အစ္စလမ် ဘာသာဝင်များနှင့် အာဏာပိုင်များ အကြား တိုင်ကြားမှုနှင့် အငြင်းပွားမှုများ ဖြစ်နေရာ နေပြည်တော်တွင် လွှတ်တော်တက်ရောက်နေ ရသော ဦးအောင်သိန်းလင်း အခက်တွေ့နေကြောင်း သိရှိရသည်။
ကန့်ကွက်မှုကြောင့်ဆောက်လုပ်မှုရပ်ဆိုင်းထားရသည့်တောင်ဥက္ကလာပ၇ရပ်ကွက်သီရိဇေယျာလမ်းရှိ ဗလီဝတ်ပြုကျောင်း(ဓာတ်ပုံ-ဧရာဝတီ)
“လွှတ်တော်တက်နေတဲ့ဦးအောင်သိန်းလင်းရဲ့မျက်နှာသိပ်မကောင်းဘူး။ လူကြီးပိုင်းက သူလုပ်ခဲ့တာတွေကို အမြင်မကြည်ဘူး ဆိုတာတော့ တခြား ကြံ့ခိုင်ရေး လွှတ်တော်အမတ်တွေဆီကသိရတယ်”ဟု တိုင်းရင်းသား နိုင်ငံရေးပါတီတခုမှ ပြည်သူ့ လွှတ်တော် အမတ်တဦးကပြောသည်။
တောင်ဥက္ကလာပမြို့နယ် ၇ ရပ်ကွက် သီရိဇေယျာလမ်းတွင် ဗုဒ္ဓဘာသာဝင် အများစု၏ ကန့်ကွက်မှုကြောင့် ဆောက်လုပ်ခွင့် ပိတ်ပင်ခံထားရသော တောင်ဥက္ကလာပ ဗလီကြီးကို မြို့တော်ဝန် ဦးအောင်သိန်းလင်းက ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြန်လည် ဆောက်လုပ်ခွင့် ပေးခဲ့သည်။
ထိုသို့ ဆောက်လုပ်ခွင့်ပေးသည့်အတွက်အစ္စလာမ်ဘာသာဝင်များက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)ကို ကြိုတင်ထောက်ခံဆန္ဒမဲများပေးရန်နှင့် ရွေးကောက်ပွဲ နေ့တွင်လည်း ခြင်္သေ့တံဆိပ်ကိုသာ မဲပေးကြရန် မြို့တော်ဝန်နှင့် အစ္စလမ် ဘာသာဝင်တို့ လျှို့ဝှက် ညှိနှိုင်း သဘောတူညီ ခဲ့ကြသည်ဟု တောင်ဥက္ကလာ အစ္စလမ် ဘာသာဝင်များက ပြောသည်။
သို့ရာတွင် တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာ ရပ်ကွက်ဆွမ်းလောင်းအသင်းများက ဗလီဆောက်လုပ်ခွင့် ပြန်ပေးမှုကို ၀ိုင်းဝန်းကန့်ကွက် ကြသည့်အပြင် အစ္စလမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ အကြား ဘာသာရေး အဓိကရုဏ်း ဖြစ်ပေါ်လာနိုင်သည်အထိ အခြေအနေ တင်းမာလာသည့် အတွက် ၀န်ကြီးချုပ် ဦးသိန်းစိန်၏ ညွှန်ကြားချက်အရ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၆ ရက် နေ့က ဗလီဆောက်လုပ်ခွင့် ရပ်ဆိုင်းရန် အမိန့် ထုတ်ပြန် ခဲ့ရသည်။
ဗလီဆောက်လုပ်ရေး ရပ်ဆိုင်းရန် ထုတ်ပြန်ခဲ့သော်လည်း ဦးအောင်သိန်းလင်းက ရွေးကောက်ပွဲ အပြီး ၂ ပတ်အတွင်း ဆောက်လုပ်ခွင့် ပြန်ချပေးမည်ဟု အာမခံ ပြောဆိုကာ တောင်ဥက္ကလာ ဒေသခံ အစ္စလမ် ဘာသာဝင် မိသားစုများ၏ ဆန္ဒမဲ ထောင်ပေါင်းများစွာကို ရယူခဲ့ကြောင်း သိရသည်။
“ဦးအောင်သိန်းလင်းက ရွေးကောက်ပွဲပြီးလည်း သူက မြို့တော်ဝန်အဖြစ် ဆက်တာဝန်ယူမှာ၊ ဒါကြောင့် သူ့ကိုပဲ မဲထည့် ဖြစ်အောင် ထည့်ကြပါဆိုလို့ ဒေသခံ အစ္စလမ် ဘာသာဝင် တော်တော်များက သူ့ကို ကြိုတင် ထောက်ခံမဲပေးကြတယ်။ မဲရုံ သွားပြီးတော့လည်း သူ့ကိုပဲ ထောက်ခံမဲ ထည့်ကြတယ်။ ဒါပေမယ့် ရွေးကောက်ပွဲအပြီး ၂ ပတ်အတွင်း ဗလီဆောက်ခွင့်ပေး
မယ်ဆိုတာတော့ အခုထိ ဘာမှဖြစ်မလာဘူး” ဟု တောင်ဥက္ကလာ ဗလီ ဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူ တဦးက ပြောသည်။
ဦးအောင်သိန်းလင်းပေးခဲ့သည့်ကတိအတိုင်းဗလီဆောက်လုပ်ခွင့် ပေးရန် သက်ဆိုင်ရာ ဗလီဖြစ်မြောက်ရေး ကော်မတီက တောင်းဆိုသော်လည်း ဆောက်လုပ်ခွင့်မရဘဲ အငြင်းပွားမှုများနှင့် တိုင်ကြားမှုများ ဖြစ်ပေါ်လျက်ရှိသည်။
“အစိုးရ အပြောင်းအလဲက နောက်လဆိုရင် ဖြစ်ပြီ။ မြို့တော်ဝန် ဦးအောင်သိန်းလင်း နေရာကို တခြားလူ တယောက် လာမယ်လို့ သိထားတယ်။ ကျနော်တို့က သူ့ ကတိအတိုင်း လုပ်ပေးဖို့ ပြောတယ်။ စည်ပင်နဲ့ ညှိနှိုင်းတယ်။
တချို့အစ္စလမ် လူကြီးတွေကလည်း နီးစပ်ရာ အာဏာပိုင် အကြီးအကဲတွေဆီ အကြောင်းကြားတာ၊ တိုင်တာတွေ လုပ်ထားတယ်” ဟု တောင်ဥက္ကလာ ၇ ရပ်ကွက်နေ အစ္စလမ် ဘာသာဝင်တဦးက ဆိုသည်။
တောင်ဥက္ကလာမြို့နယ် ၇ ရပ်ကွက်နေ ဗုဒ္ဓဘာသာဝင်များကမူ သက်ဆိုင်ရာ အာဏာပိုင်များက ဗလီဆောက်လုပ်ခွင့် ပြန်လည် ချပေးလျှင် ဘာသာရေး အဓိကရုဏ်း ပေါ်ပေါက်လာလိမ့်မည်ဟု ဆိုကြသည်။
“အာဏာပိုင် တွေကလည်း ဗလီဆောက်လုပ်ခွင့် ပေးမယ့်ပုံမရှိဘူး။ တကယ်လို့သာ ချပေးခဲ့ရင်တော့ ပြဿနာက တက်နိုင်တယ်။ ဒီကိစ္စက ဘာသာရေးဆိုတော့ အမှားအမှန် ခွဲခြားဖို့ အင်မတန်ခက်တဲ့ကိစ္စပဲ။ အားလုံး ညှိနှိုင်းမှု မရှိဘဲ လုပ်ရင်တော့ ပြဿနာက တက်ကို တက်မှာ” ဟု ၇ ရပ်ကွက်နေ ပြည်သူတဦးက ပြောသည်။
စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃၊ ပုဒ်မ၅၈(ဂ)တွင် လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကို ဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲ ပေးရန်သော် လည်းကောင်း၊ ဆန္ဒမဲ မပေးရန်သော် လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက် ထုတ်ပြန်ခြင်း (သို့မဟုတ်)ယင်းသို့ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်း ပြုလုပ်လျှင် မည်သူမဆိုထိုသူအားတနှစ်ထက်မပိုသော ထောင်ဒဏ် ကိုဖြစ်စေ၊ ကျပ် ၁ သိန်းထက်မပိုသော ငွေဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးကိုဖြစ်စေ ချမှတ်နိုင်ကြောင်း ဖော်ပြထားသော်လည်း ဦးအောင်သိန်းလင်းကို တစုံတရာ အရေးယူခဲ့ခြင်းမရှိပေ။
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း ၂၊ ပုဒ်မ၆(င)တွင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားခြင်း မပြုရန် တားမြစ်ထားပြီး ပြုလုပ်လျှင် အဆိုပါဥပဒေ၏ အခန်း ၃၊ ပုဒ်မ ၁၂ (က၊ ၄)အရ နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်း ခံရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

Geen opmerkingen: