မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 16 februari 2011

သူရမြင့်အောင် ကိစ္စ တပ်တွင်း၌ မကျေနပ်

ဧရာဝတီ Wednesday, 16 February 2011 15:09
.ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လျာထားခဲ့ပြီးမှ ကာကွယ်ရေး ၀န်ကြီးအဖြစ် ခန့်အပ်ရန် စီစဉ်ခဲ့သောကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို စောဒကတက် ပြန်လည် ပြောဆိုခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ရာထူးမှ ဖယ်ရှားလိုက်ခြင်းအပေါ် စစ်တပ် အရာရှိအများစုက မကျေမနပ် ဖြစ်နေကြကြောင်း သတင်းရရှိသည်။
                                                                     ဒုဗိုလ်ချုပ်ကြီးသူရမြင့်အောင်(ဓာတ်ပုံ-ဧရာဝတီ)
စစ်တပ်တွင် ရာထူးတက်ရန် လုပ်သက်နှင့် စီနီယာက အရေးမကြီးတော့ဘဲ အထက်လူကြီး သဘောကျ နေထိုင်ပြောဆိုရေး သည်သာ အဓိက ကျလာခြင်းသည် စစ်တပ်ပျက်စီးရေးကို ဦးတည်နေပြီး တပ်ပြိုကွဲရန် လမ်းစ ဖြစ်သည်ဟု စစ်တပ် အရာရှိ များက ပြောသည်။
ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကာကွယ်ရေးဦးစီးချုပ်နေရာ ခန့်အပ်ရန် လျာထားခြင်းသည် လက်မခံနိုင်သော အပြုအမူဖြစ်သည်ဟု စစ်အရာရှိ အသိုင်းအ၀န်းတွင် ပြောဆိုနေသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၁၈ ဆင်းဖြစ်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ကျောင်းဆင်းဖြစ်ကြောင်း၊ ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်တိုင်းမှူးဖြစ်စဉ်က ဗျူဟာမှူးအဖြစ် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် လက်အောက်တွင် တာဝန်ထမ်းဆောင် ဖူးခဲ့ကြောင်း စစ်တပ်အရာရှိ အသိုင်းအ၀န်းမှ သိရှိရသည်။
ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ရာထူးတက်ရန် အတွက် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က ထောက်ခံချက် ပေးခဲ့ဖူးကြောင်း အဆိုပါ ဗိုလ်ချုပ်ကြီး နှစ်ဦးစလုံးနှင့် အနီးကပ်နေခဲ့ဖူးသူ စစ်အရာရှိတဦး ကပြောသည်။
“၂၀၀၂၊ ၂၀၀၃ ၀န်းကျင် မွန်ပြည်နယ်တိုင်းမှူးအဖြစ် ဗိုလ်ချုပ်မြင့်အောင် တာဝန် ထမ်းဆောင်နေတဲ့ အချိန်မှာ ဗိုလ်ချုပ် မင်းအောင်လှိုင်က တပ်မ ၄၄ ရဲ့ ဗျူဟာမှူးပေါ့။ ဗိုလ်ချုပ်မြင့်အောင်က ဗိုလ်ချုပ်မင်းအောင်လှိုင်ကို တကယ့် ညီ အရင်းလို ဆက်ဆံတယ်။ ဗိုလ်ချုပ် မင်းအောင်လှိုင် တိုင်းမှူးဘ၀ရောက်ဖို့ ဗိုလ်ချုပ် မြင့်အောင်က ထောက်ခံ ပေးခဲ့ဖူးတယ်”ဟု အနီးကပ်နေခဲ့ဖူးသူ ဗိုလ်မှူးတဦးက ဆိုသည်။
ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် ရာထူးတက်သွားချိန်တွင် ၎င်း၏ ထောက်ခံမှုဖြင့် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က မွန်ပြည်နယ် တိုင်းမှူးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။
ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် စည်းကမ်းအလွန်ကြီးပြီး အစိုးရ ၀န်ထမ်းများအကြား ဖြစ်ပေါ်နေသော လာဘ်စားမှုများကို အမြဲလိုလို ဝေဖန်တတ်ကာ စားဝတ်နေရေးအရ မရှောင်နိုင်ဘဲ လာဘ်စားမှု မဖြစ်မနေ ပြုရသည့်အခါ အထက်၊ အောက် မျှတစွာ ခွဲဝေယူကြရန် ပြောဆိုတတ်သူဖြစ်သည်ဟု မွန်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ဖူးသူ စစ်တပ် အရာရှိ တဦးက ဆိုသည်။
“အဘ(သူရမြင့်အောင်)ကကွမ်းကိုဘူးလိုက်စားတဲ့သူ။ဒါပေမယ့်သူ့ပါးစပ်၊သူ့သွားမှာကွမ်းတံတွေး ပေနေတာ၊ ကွမ်းချိုး ကပ်နေတာ လုံးဝမရှိဘူး။ နောက်ပြီး စက်ရုံမှူးတွေ၊ ဒု စက်ရုံမှူးတွေကို တွေ့ရင် … ဟာ …မင်းတို့တွေက၀ဖြီးပြီးစက်ရုံ ၀န်ထမ်းတွေက ဘာလို့ ပိန်လှီနေတာလဲလို့ နောက်သလိုလိုနဲ့ အတည်ပေါက် ပြောဆို ဆုံးမတယ်” ဟု ပြောသည်။
ဗိုလ်ချုပ် မင်းအောင်လှိုင်သည် ဗိုလ်ချုပ် သူရမြင့်အောင်ကဲ့သို့ မဟုတ်ဘဲ အပြစ်ရှာတတ်သည့် နေရာတွင် ထူးချွန်သူ ဖြစ်ကြောင်း၊ အထက်လူကြီး အကြိုက် နေတတ်ပြီး နားအနည်းငယ် လေးသူဖြစ်ကြောင်း သိရှိရသည်။
“သူလာရင် တပ်ထဲက အရာရှိတွေက ဟင်းချက်ပြီး ထမင်းကျွေး ဧည့်ခံရတယ်။ ဟင်းကို မကြိုက်ရင် ဟင်းကို ဘယ်လို ချက်တာလဲ၊ ဟင်းကို အဲဒီလိုမချက်ရဘူး ဘာညာနဲ့ တပ်အရာရှိ ကတော်တွေကို ဆူတယ်” ဟု အငြိမ်းစားဗိုလ်မှူးတဦးက ဆိုသည်။
ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ဇနီးသည် ရခိုင်တိုင်းရင်းသူဖြစ်ပြီး အထက်လူကြီးအား ဖားတတ်ကာ အောက်လက် ငယ်သားများအပေါ် ဖိနှိပ်တတ်သော စရိုက်ရှိသည့်အတွက် စစ်တပ် အရာရှိအများစုက ငြိုငြင်ကြကြောင်း သိရှိရသည်။
စစ်တပ် အရာရှိအများစုက ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်၏ လုပ်ရပ်မှန်ကန်ပြီး တပ်မတော်သားတဦး၏ ရဲစွမ်းသတ္တိ ရှိမှုကို ပြသသော လုပ်ရပ်ဖြစ်သည်ဟု ချီးကျူး ဂုဏ်ပြုလျက်ရှိသည်။
“တပ်မတော်သား ဆိုတာ စစ်တိုက်တဲ့ နေရာမှာတင် တော်ဖို့မဟုတ်ဘူး။ မဟုတ်၊ မမှန်တဲ့ အမိန့်၊ ညွှန်ကြားချက်ဆိုရင် အာခံရဲရမယ်ဆိုတဲ့ စိတ်ဓာတ်ကို ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင် လုပ်ပြသွားတာ။ အားလုံးက သူ့ကို လေးစားတယ်။
ကြိုက်ကြတယ်” ဟု စစ်တပ် အရာရှိငယ် တဦးကဆိုသည်။
တပ်မတော် အစဉ်အလာအရ ရာထူးချင်း တူသော်လည်း စစ်တက္ကသိုလ် အပတ်စဉ် တပတ်စောဆင်းဖြစ်လျှင် စီနီယာ အဖြစ် သတ်မှတ်၍ ဂျူနီယာဖြစ်သူက အလေးပြုရကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရာထူးသည် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် မထိုက်တန်ဘဲ ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်သာ ရသင့်ကြောင်း စစ်တပ် အရာရှိများ အကြား ပြောဆိုလျက် ရှိသည်။

Geen opmerkingen: