မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 28 februari 2011

အမေရိကန်တွင်ဘိန်းဖြူဖမ်းဆီးရမှု၊ဝ'တပ်မတော်နှင့်ပတ်သက်

Jim Andrews (ဂျင်မ် အင်ဒရူးစ်) တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၀၄ မိနစ် .
မဇ္ဈိမသတင်းဌာန ။ ။ကြွေဖြင့်ကြောင်ပုံလုပ်ထားသည့်အရုပ်များအားအမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိJFKလေဆိပ်အကောက်ခွန်နှင့်ယစ်မျိုးဌာနသိမ်းဆည်းရာဌာနကဖမ်းဆီးခဲ့ခြင်းကား ထိုင်းနိုင်ငံမှ ၎င်းပစ္စည်းများ တင်ပို့ခဲ့သူအတွက်မူ သတင်းဆိုး ဖြစ်တော့သည်။
တရုတ်နိုင်ငံမှပုံသွင်းအရုပ်များတွင်ဘိန်းစိမ်း၁ဝဝကီလိုဂရမ်နီးပါးထည့်သွင်းထုပ်ပိုးထားပြီး၊အကောက်ခွန် အရာရှိတဦးက ၎င်းပစ္စည်းများ ဖမ်းဆီးရရှိမှုသည် ထိုင်းနိုင်ငံသာမကမြန်မာနိုင်ငံသို့ပါ ရိုက်ခတ်သွားခဲ့သည်။ အကြောင်းမှာ ၎င်းဘိန်းများ၏ မူရင်းအရပ်က မြန်မာနိုင်ငံ ဖြစ်နေသည်။
ရွှေတြိဂံဒေသတွင်ဘိန်းခင်းများဖျက်ဆီးစဉ်၌နိုင်ငံခြားသတင်းထောက်များရှေ့တွင်ဘိန်းပင်ကို ကိုင်ပြနေသောမြန်မာစစ်အစိုးရစစ်သားတဦး(သိမ်းဆည်းထားသည့်ဓာတ်ပုံ)။ယခုအခါမူးယစ်ရာဇာများက ထိုင်း-မြန်မာနယ်စပ်ဒေသများတွင်အန္တရာယ်ကင်းကင်းဖြင့်လှုပ်ရှားနေဆဲဖြစ်သည်။(ဓာတ်ပုံ-AFP)
ဤသတင်း ထွက်ပေါ်လာချိန်တွင်ထိုင်းနိုင်ငံရှိ မူးယစ်ဆေးဝါး နှိမ်နှင်းရေးအရာရှိများကလည်းထိုင်းနိုင်ငံ အလယ်ပိုင်း ဖရဲခရိုင်တွင်မြန်မာနိုင်ငံမှဘိန်းဖြူ(ဟီးရိုးအင်း)၂ဝဝကီလိုဂရမ်ကိုဖမ်းဆီးရမိသည်ဟု ကြေညာခဲ့သည်။
ယခုတခေါက် ဖမ်းဆီးရမိမှုသည် ထိုင်းတွင် မကြာသေးမီနှစ်များတွင် နှစ်စဉ်ဖမ်းဆီးရမိနေသည့် ပမာဏထက် ၂ ဆခန့် များနေသည်။ မြန်မာနိုင်ငံမှ ထွက်လာသည့် ဘိန်းနှင့် ဘိန်းဖြူများက ထိုင်းကိုဖြတ်၍ အမေရိကားနှင့် အနောက်နိုင်ငံများသို့ ဆက်ဝင်နေမည့်အရေးအပေါ် စိုးရိမ်ချက်ကို ပိုမိုခိုင်မာလာစေသည်။ နယူးယောက်မြို့ JFK လေဆိပ်၌ ခိုးသွင်းလာသည့်ဘိန်းများ ဖော်ထုတ်ရရှိမှုနှင့် ဘိန်းကုန်ကူးလုပ်ငန်း ပို၍ အဆင့်မြင့်လာသဖြင့် ထိုင်းနိုင်ငံက ပို၍ပင် စိုးရိမ်လာနေရသည်။
ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ONCBရုံးမှအရာရှိများကရှမ်းပြည်နယ်ရှိ ဘိန်းချက်စက်ရုံများမှထိုင်းနိုင်ငံမြောက်ပိုင်းနယ်စပ်သို့ဘိန်းမဲ-ဘိန်းဖြူများသယ်ဆောင်လာခဲ့သည့် လမ်းကြောင်းကိုခြေရာကောက်ရန်ကြိုးပမ်းခဲ့သည်။ငွေမြိုးမြိုးမြက်မြက်ရနေသည့် မူးယစ်ဆေးကုန်သွယ်မှုတွင် သြဇာတိက္ကမကြီးမားသူ ကြားခံထိုင်းလူမျိုးများ ပါဝင်ပတ်သက်နေသည့် အတွက်ကြောင့်လည်း သူတို့အတွက် ပို၍ အခက်တွေ့နေရသည်။
ဖရဲခရိုင်တွင် ဘိန်းဖြူများ ဖမ်းဆီးရမိသည့်သတင်းကိုအင်္ဂလိပ်ဘာသာဖြင့်နေ့စဉ်ထုတ်ဘန်ကောက်ပို့စ် သတင်းစာ၌ ဖော်ပြခဲ့ပြီး၊"ယူနီဖောင်းဝတ်"ထိုင်းများနှင့်ဒေသခံ နိုင်ငံရေးသမားများက ထိုင်းကိုဖြတ်၍ ဘန်ကောက်မှတဆင့်နိုင်ငံခြားဈေးကွက်ကိုပို့ဆောင်ရန်မှောင်ခိုတင်သွင်းလာရေး ကူညီပေးခဲ့ကြသည်ဟုလည်း ဖော်ပြထားသည်။
ONCB နှင့် နီးစပ်သည့် သတင်းဌာနတခုကမူ "ငွေရပေါက်ရလမ်းကြီးဗျ။ သေချာတာက ဒီငွေတွေနဲ့ လစာ နည်းနည်းပါးပါးပဲ ရတဲ့ ဝန်ထမ်းတွေ၊ ဒေသအာဏာပိုင်တွေကို ဝယ်နိုင်တယ်လေ" ဟု ဆိုသည်။
ထိုင်း-မြန်မာနယ်စပ်တွင် ဘိန်းဖြူဈေးကွက်တွင် ၁ ကီလိုဂရမ်လျှင် ဘတ် ၇၅ဝ,ဝဝဝ (အမေရိကန် ဒေါ်လာ ၂၅,ဝဝဝ)အထိဈေးပေါက်နေပြီး၊ အကယ်၍ ဘန်ကောက်အထိ ရောက်လာလျှင် ဘတ် ၅သန်း (အမေရိကန် ဒေါ်လာ ၁၆၆,၆၆၆) အထိ ဈေးရလာမည်။
ဘိန်းစိမ်းက ပို၍ဈေးချိုသော်လည်း သယ်ဆောင်ရန် ဝန်ထုပ်ဝန်ပိုးကြီးသည်။ JFK လေဆိပ်တွင် ဖမ်းဆီးရမိခဲ့သော ကီလို ၁ဝဝ သာ အမေရိကန်လမ်းမများပေါ် ရောက်သွားပါက ၁ ကီလိုလျှင် ဒေါ်လာ ၉ဝ,ဝဝဝ အထိ တန်ဖိုးမြင့်သွားနိုင်သည်။
ONCB အရာရှိများအနေဖြင့် ထိုင်းနိုင်ငံနှင့် နယူးယောက်တွင် ဖမ်းဆီးရမိခဲ့သောဘိန်းဖြူ-ဘိန်းမဲများသည် မြန်မာနိုင်ငံရှမ်းပြည်နယ်အတွင်းမှထွက်လာသည်ဆိုသည်ကိုသံသယမရှိယုံကြည်နေကြသည်။ အထူးသဖြင့်ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီUWSPထိန်းချုပ်ထားသည့် ဒေသများမှ ထွက်လာခြင်း ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၏မူးယစ်ဆေးစည်းကြပ်ရေးအဖွဲ့DEAကဖော်ပြရာတွင်ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်UWSAသည်အရှေ့တောင်အာရှတွင်အင်အားအကြီးဆုံး မူးယစ်ဆေးကုန်သွယ်နေသည့်အဖွဲ့ဖြစ်ပြီး၊ထိုင်းနိုင်ငံတလွှားနှင့်အိမ်နီးချင်းနိုင်ငံများတွင် သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေး အချိတ်အဆက် ကွန်ယက်များလည်း ရှိနေသည်ဟု ဆိုသည်။
ဤကွန်ယက်များကို ခေါင်းဆောင်နေကြသည့် ဂိုဏ်းခေါင်းဆောင်များသည် တရုတ်လူမျိုး ညီအကို ၃ ဦး ဖြစ်ပြီး၊ ဝေဆူကန်း၊ ဝေဆူလွန်းနှင့် ဝေဆူယင်းဟု လူသိများသည်။ ၎င်းတို့ကို အမေရိကန်နှင့် ထိုင်းဥပဒေအရလည်း တရားခံပြေးများအဖြစ် အလိုရှိနေပြီး၊ ဝေဆူကန်းဆိုလျှင် ထိုင်းနိုင်ငံ၌ သေဒဏ်ပင် အပြစ်ပေးခံထားရသူ ဖြစ်သည်။
၎င်းတို့ ၃ ဦးနှင့် ကွန်ယက်အတွင်းရှိ အခြားခေါင်းဆောင်များက ဘိန်းနှင့် ဘိန်းကုန်သွယ်ရေးမှ အကျိုးအမြတ်များစွာ ဖြစ်ထွန်းနေကြသည်။ တဖက်က စီးပွားရေးအင်ပိုင်ယာ ထူထောင်နေကြသလို၊ အင်အား ၃ဝ,ဝဝဝ ခန့်ရှိ ပုံမှန်တပ်မတော် တရပ်ကိုလည်း အားကျဖွယ် ထူထောင်ထားကြသေးသည်။
ထိုင်းနိုင်ငံ မြောက်ပိုင်းနယ်စပ်နှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်အတွင်း ဝေးလံခေါင်သီလှသည့် တောတန်းဒေသများရှိ ဘိန်းခင်းများနှင့် လျှို့ဝှက်ထားသည့် တောတွင်းဘိန်းဖြူချက်ရာ စက်ရုံများ၌ လူထောင်ချီဖြင့် ထုတ်လုပ်နေသည်။
ဤသို့ဖြစ်နေသည့် တရားမဝင် မူးယစ်ဆေးကုန်သွယ်မှုကို နေပြည်တော်ရှိ အာဏာပိုင်များက သိပ်အရေးမပါလှသလို ပြောဆိုနေပြီး၊ တခါတရံတွင် မူးယစ်ဆေးတိုက်ဖျက်ရေးအတွက် ထိရောက်စွာ လုပ်ဆောင်နေသယောင် ပြင်ပကမ္ဘာကို ဟန်ပြတတ်ကြသေးသည်။ စက်ရုံများနှင့် ဓာတ်ခွဲခန်းများကို ဝင်ရောက်စီးနင်း၍သိမ်းဆည်းထားသည်ဆိုသော မူးယစ်ဆေးများကိုလည်း မီးရှို့ဖျက်ဆီးပြတတ်သေးသည်။
မည်သို့သော မြန်မာအစိုးရအတွက်မဆို အဓိကပြဿနာမှာUWSA၏ တရားမဝင် လုပ်ရပ်များကို ထောက်ခံပံ့ပိုးပေးရန် နိုင်ငံရေးအရ မဖြစ်နိုင်သလို၊တဖက်တွင်လည်း ၎င်းတပ်ဖွဲ့နှင့် ဆက်ဆံရေးကောင်းရန်၊ ထိန်းသိမ်းထားရန် လိုအပ်နေသေးသည်။
ဝ’ ဒေသအဖို့ မြန်မာပြည် နိုင်ငံရေးမြေပုံ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ခွဲခြားထားမှုတွင် တရားဝင် ပါဝင်မှု မရှိသော်လည်း၊ ဝတို့၏ ဒေသကို အထူးဒေသ ၂ အဖြစ် တစုံတရာ ကိုယ်ပိုင်အုပ်ချုပ်ရေး ခွင့်ပြုပေးထားသည်။ ဝ’ တပ်မတော်၏ နိုင်ငံရေးအဖွဲ့အစည်း UWSP နှင့်လည်း ၁၉၈၉ ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူထားခဲ့ပြီး၊ ခလုတ်ကန်သင်း ပြည့်နေသော ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားနေရဆဲ ဖြစ်သည်။
အပေါ်ယံ ငြိမ်းချမ်းနေသည့် အခြေအနေမှာ ပြိုကွဲသွားခဲ့ရသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုင်းရင်းသားလက်နက်ကိုင် တပ်များကို နယ်ခြားစောင့်တပ်အဖြစ်၊ စစ်အစိုးရ ထိန်းချုပ်မှုလက်အောက်ခံ တပ်များအဖြစ် သွတ်သွင်းရန် ကြေညာကြိုးပမ်းလာခဲ့သည်။
UWSAကဤသို့အသွင်ပြောင်းရန်ငြင်းဆိုခဲ့ပြီး၊ ၂ဝ၁ဝ နိုဝင်ဘာလက ကျင်းပခဲ့သည့် ရွေးကောက်ပွဲကိုလည်း ၎င်းတို့ ထိန်းချုပ်ထားသည့် ဒေသအတွင်း ကျင်းပခွင့်မပြုဘဲ အာခံခဲ့သည်။
နှစ်ဖက်စလုံးက အလျှော့ပေးရန် ငြင်းဆန်နေသဖြင့် စစ်ပြန်ဖြစ်ရမည့်အရေး တိမ်မဲသလ္လာကလည်း ဒေသတွင်းလွှမ်းမိုးနေပြန်သည်။မကြာသေးခင်ကထိုင်းနိုင်ငံတွင်းနှင့် နယူးယောက်မြို့တွင် ဖမ်းဆီးရမိခဲ့သည့် ဘိန်းများကို သက်သေကြည့်ခြင်းအားဖြင့် ဝ’တပ်မတော်က သူတို့မူးယစ်ရာဇာများ နေထိုင်မှုဘဝကို ဆက်လက်ထိန်းသိမ်းရန်နှင့် မြန်မာစစ်တပ်နှင့် စစ်ပြန်ဖြစ်လာမည့် အရေးအတွက် စစ်လက်နက်ပစ္စည်းများ တပ်ဆင်ရန် ရန်ပုံငွေ အပူတပြင်း မြှင့်တင်ရှာဖွေနေသည်ဟု ယူဆနိုင်ပါတော့သည်။
(JimAndrewsရေးသားသောBigUSheroinseizuretracesbacktoWaArmyကိုဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။)







Geen opmerkingen: